ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်အမှု အိုင်စီဂျေမှာ နောက်ထပ်ကြားနာမှု စတင်

မြန်မာဘက်က ရှေ့နေအဖွဲ့က ကန့်ကွက်ချက်တွေကို တင်ပြလျှောက်လဲ
ဓာတ်ပုံ ပုံစာ, မြန်မာဘက်က ရှေ့နေအဖွဲ့က ကန့်ကွက်ချက်တွေကို တင်ပြလျှောက်လဲ

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ မြန်မာနဲ့ ဂမ်ဘီယာတို့ရဲ့ လျှောက်လဲ တင်ပြချက်တွေကို နောက်ထပ် ကြားနာမှု ဒီနေ့ စတင်နေပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာပဋိညာဉ်ကို မြန်မာဘက်က ချိုးဖောက်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲတဲ့အမှုကို NLD အစိုးရလက်ထက်တုန်းက ကနဦးကန့်ကွက်မှုတွေ ပြုလုပ်ထားတဲ့အတွက် အဲဒီကန့်ကွက်မှုတွေနဲ့ပတ်သက်ပြီး ICJ က ကြားနာနေတာ ဖြစ်ပါတယ်။

မြန်မာဘက်က ကိုယ်စားလှယ်အဖွဲ့

ဒီနေ့ ကြားနာမှုကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တက်ရောက်တဲ့လူအရေအတွက် ကန့်သတ်ထားပြီး လူကိုယ်တိုင်ရော ဗီဒီယိုလင့်ခ်ကနေပါ နှစ်မျိုးစလုံးနဲ့ ကျင်းပပါတယ်။

လေးရက်တာ ကြားနာမှုမှာ ဒီနေ့ ပထမဆုံးနေ့အဖြစ် မြန်မာဘက်က သူတို့ရဲ့ ကန့်ကွက်လွှာကို လျောက်ထားရပါတယ်။ မြန်မာဘက်က ကိုယ်စားလှယ်အဖြစ် ယခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့နေရာမှာ အခုအခါ စစ်ကောင်စီရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်က တာ၀န်ယူထားပြီး သူနဲ့အတူ ယူကေအခြေစိုက်ရှေ့နေအဖွဲ့က ရှေ့နေ ၃ ဦး တရားရုံးကို တက်ရောက်တာ တွေ့ရပါတယ်။ မြန်မာဘက်က ပူးတွဲကိုယ်စားလှယ်အဖြစ် ဒေါက်တာ သီတာဦးက တာဝန်ယူပါတယ်။

ဦးကိုကိုလှိုင်က ICJ မှာ မြန်မာကိုယ်စားလှယ်အသစ် ဖြစ်လာ

ဓာတ်ပုံ ရင်းမြစ်, ICJ

ဓာတ်ပုံ ပုံစာ, ဦးကိုကိုလှိုင်က ICJ မှာ မြန်မာကိုယ်စားလှယ်အသစ် ဖြစ်လာ

အခုကြားနာမှုမှာ သဘာပတိအဖြစ် လက်ရှိ အိုင်စီဂျေရဲ့ ဥက္ကဋ္ဌ အမေရိကန် တရားသူကြီး ဂျုန်း ဒေါ်နိုဟူးက ဆောင်ရွက်ပါတယ်။

အထူးတရားသူကြီးတွေအဖြစ် အရင်ကြားနာပွဲတွေကတည်းက နိုင်ငံအသီးသီးက တင်သွင်းခဲ့တဲ့ တရားသူကြီးတွေလည်း တက်ရောက်ကြပြီး ဂမ်ဘီယာဘက်က တောင်အာဖရိကနိုင်ငံက ဥပဒေပညာရှင် ဒေါက်တာနာဗီ ပီလေးနဲ့ မြန်မာဘက်ကတော့ ဂျာမနီနိုင်ငံက ပါမောက္ခ ကလော့စ် ခရက်ဘ် ဖြစ်ပါတယ်။

အိုင်စီဂျေမှာ ခုခံချေပနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

ဓာတ်ပုံ ရင်းမြစ်, Anadolu Agency

ဓာတ်ပုံ ပုံစာ, ၂၀၁၉ ဒီဇင်ဘာ ပထမအကြိမ်ကြားနာပွဲမှာ မြန်မာဘက်က ဒေါ်အောင်ဆန်းစုကြည်တက်ရောက် ခုခံချေပ

ဘယ်အချက်တွေကို မူတည်ကန့်ကွက်တာလဲ

မြန်မာဘက်က အချက် ၄ ချက်နဲ့အဓိက ကန့်ကွက်သွားမယ်လို့ ဦးကိုကိုလှိုင်က ကြားနာမှု စစချင်းမှာ ပြောပါတယ်။

မြန်မာဘက်က လိုက်ပါဆောင်ရွက်တဲ့ ရှေ့နေအဖွဲ့က ဒေါက်တာ ခရစ္စတိုဖာ စတိတ်ကာ တင်ပြတဲ့ ပထမဆုံးအချက်မှာတော့ ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ္မစ်နိုင်ငံများအဖွဲ့ အိုအိုင်စီ ကိုယ်စား တရားစွဲခဲ့တာ ဖြစ်လို့ ဒီလို တရားစွဲလို့ မရဘူးလို့ ထောက်ပြခဲ့ပါတယ်။

အိုင်စီဂျေကို တင်ပြတိုင်ကြားရာမှာ နိုင်ငံတစ်ခုက နောက်နိုင်ငံတစ်ခုကိုသာ တရားစွဲဖို့ တင်ပြလို့ရတာ ဖြစ်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းဖြစ်တဲ့ အိုအိုင်စီက သူတို့ကိုယ်စား ဂမ်ဘီယာကို တရားစွဲစေတာဖြစ်တယ်၊ ဒါကြောင့် တရားရုံးအနေနဲ့ အမှုကို လက်ခံစဉ်းစားဖို့ မသင့်ဘူးလို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ရှေ့နေတွေကလည်း အခု တရားစွဲဆိုမှုမှာ ဂမ်ဘီယာဟာ နစ်နာတဲ့နိုင်ငံ၊ သူ့နိုင်ငံသားတွေ ထိခိုက်ခံရလို့ တိုင်ကြားတဲ့သူမဟုတ်ဘူး။ ရိုဟင်ဂျာတွေ ထိခိုက်နစ်နာတယ်ဆိုရာမှာ ဂမ်ဘီယာက တိုက်ရိုက်ဆက်စပ်ပတ်သက်မှု မရှိတဲ့အတွက် တရားစွဲဆိုနိုင်တဲ့ အနေအထားမရှိဘူးလို့ ကန့်ကွက်တင်ပြခဲ့ပါတယ်။ တတိယကန့်ကွက်ချက်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးပဋိဉာဉ်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့စဉ်က ပုဒ်မ ၈ ကို ချွင်းချက်ထားခဲ့တယ်ဆိုတာကို ထောက်ပြပြီး အဲဒီအတွက် မြန်မာကို ဥပဒေအရ တရားစွဲဆိုလို့ မရဘူးလို့ တင်ပြပါတယ်။ စတုတ္ထကန့်ကွက်ချက်အနေနဲ့ တရားရုံးအနေနဲ့ ဒီအမှုကို လက်ခံစဉ်းစားခွင့်မရှိဘူးဆိုတာကို ဂမ်ဘီယာနဲ့ မြန်မာကြားမှာ တိုက်ရိုက်အငြင်းပွားမှု ပြဿနာရှိမနေဘူးဆိုတဲ့ အချက်နဲ့ တင်ပြကန့်ကွက်သွားပါတယ်။

မြန်မာဘက်က ကန့်ကွက်မှုတွေအားလုံးဟာ ဥပဒေအကြောင်းချင်းရာတွေကို ကိုးကားပြီး ဂမ်ဘီယာက တရားစွဲဆိုခွင့်မရှိဘူး၊ တရားရုံးက ဒီအမှုကို လက်ခံစဉ်းစားခွင့် မရှိဘူးဆိုတဲ့အချက်တွေကို အဓိက တင်ပြသွားခဲ့တာဖြစ်ပါတယ်။

ဂမ်ဘီယာရဲ့ မျှော်လင့်ချက်

ဂမ်ဘီယာဘက်က ကိုယ်စားလှယ်တရားရေးဝန်ကြီး ဒေါ့ဒါဂျာလိုး

ဓာတ်ပုံ ရင်းမြစ်, Gambia's Ministry of Justice

ဓာတ်ပုံ ပုံစာ, ဂမ်ဘီယာဘက်က ကိုယ်စားလှယ်တရားရေးဝန်ကြီး ဒေါ့ဒါဂျာလိုး

ဒီနေ့ ကြားနာမှုမှာ ဂမ်ဘီယာဘက်ကတော့ ကိုယ်စားလှယ်အသစ်အဖြစ် ဂမ်ဘီယာ တရားရေးဝန်ကြီး ဒေါ့ဒါ ဂျာလိုးက လူကိုယ်တိုင် တက်ရောက်ပါတယ်။

သူ့ရဲ့မျှော်လင့်ချက်နဲ့ပတ်သက်လို့ ဒေါ့ဒါ ဂျာလိုးက ကြားနာပွဲမစခင်လေးမှာပဲ ဘီဘီစီမြန်မာပိုင်းကို အခုလို ပြောပါတယ်။

"တရားရုံးအနေနဲ့ မြန်မာဘက်က ကန့်ကွက်မှုကို ပယ်ချမယ်လို့ပဲ မျှော်လင့်ထားပါတယ်။ ဒီတရားရုံးမှာ ဆုံးဖြတ်စီရင်ပိုင်ခွင့်အာဏာ မရှိဘူးဆိုပြီး မြန်မာဘက်က ကန့်ကွက်ထားတာပါ။ မြန်မာဘက်ကနေ အခုတစ်ကြိမ်ရော၊ ၂၀၂၀ ဇန်နဝါရီလတုန်းက ကြားဖြတ်အစီအအမံချခဲ့တဲ့ ကြားနာမှုတွေမှာရော သူတို့တင်သွင်းခဲ့တဲ့ အဓိကအချက်အလက်တွေကို တရားရုံးက တညီတညွတ်တည်း လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ ဒါကြောင့် တရားရုံးအနေနဲ့ အဲဒီတုန်းက သူတို့ရပ်တည်ဆုံးဖြတ်ချက်ကနေ သွေဖြည်သွားစရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်။"

ဒုတိယနေ့ ကြားနာမှုအဖြစ် ဖေဖော်ဝါရီလ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာ ဂမ်ဘီယာဘက်က လျှောက်လဲမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဒုတိယအကြိမ်အဖြစ် မြန်မာဘက်က ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ လျှောက်လဲရဖို့ရှိပြီး ဂမ်ဘီယာဘက်ကတော့ ၂၈ ရက်နေ့မှာ အပြီးသတ် လျှောက်လဲရမှာ ဖြစ်ပါတယ်။

NUG က မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပြုဖို့ တရားရုံးကို တင်ပြ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း မြန်မာပြည်ကိုယ်စားပြုပြီး ကြားနာပွဲတက်ရောက်ဖို့ ဇန်နဝါရီလတုန်းက ICJ ကို စာပိုခဲ့ပေမယ့် စာလက်ခံရရှိကြောင်း တရားရုံးက ပြန်ကြားစာသာ ရခဲ့တယ်လို့ ဒီမနက်က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ NUG အနေနဲ့ မြန်မာဘက်က ကနဦးကန့်ကွက်ထားချက်တွေ အားလုံးကို ရုပ်သိမ်းတယ်လို့လည်း ကြေညာထားပြီး ဒီအမှုကို ရင်ဆိုင်ဖို့ နိုင်ငံတကာရှေ့နေတွေပါဝင်တဲ့ ဥပဒေအဖွဲ့ကိုလည်း ခန့်အပ်ထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။