ဖားကန့်မြေပြိုမှုမှာ အမှုဖွင့်ထားတဲ့ လောပန်း ၁၃ ဦးထဲက ၃ဦးကို ဖမ်းမိ

ဓာတ်ပုံ ရင်းမြစ်, Myanmar Fire Service Department
ကချင်ပြည်နယ် ဖားကန့်မြို့က ဝှေခါမှော်မှာ လူ ၁၇၀ ကျော် စံချိန်တင်သေဆုံးခဲ့တဲ့ ဖြစ်စဉ်အတွက် ရေမဆေးလောပန်း ၁၃ ဦးကို ထောင် ၃နှစ်ထိကျခံရနိုင်တဲ့ ကျောက်မျက်ဥပဒေပုဒ်မ ၅၀ (က)နဲ့ အမှုဖွင့်လိုက်တယ်လို့ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်းအောင် ကဘီဘီစီကိုပြောပါတယ်။
ဒီလူတွေကို အမှုဖွင့်အရေးယူဖို့ လုပ်ရတာဟာ အန္တရာယ်ရှိလို့ တားမြစ်ထားတဲ့နေရာကို ကျင်းသားတွေကို တားမြစ်ရမယ့် အစားအဲဒီနေရာမှာ တူးခိုင်းတယ်၊ လုပ်ခွင့်မရှိတဲ့နေရာမှာ တူးခိုင်းတာဖြစ်လို့ အဲဒီ ပုဒ်မနဲ့ အမှုဖွင့်ရတာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။
ရေမဆေးလောပန်း ဆိုတာကတော့ ဖားကန့်မှာ ရေမဆေးကျောက်တူးသမားတွေကို ထမင်းကျွေးကာ နေရာထိုင်ခင်း ပေးထားသူဖြစ်ပြီး ကျောက်ရပါက လောပန်းတစ်ဝက် ရေမဆေးကျောက်သမားက တစ်ဝက်ခွဲ ယူတဲ့ အလေ့အထ ရှိကြောင်းလည်း ဖားကန့်ဒေသခံတွေက ပြောပါတယ်။
အမှုဖွင့်ထားတဲ့ လောပန်း ၁၃ ဦးထဲက ၃ဦးကို ဖမ်းဆီးရ မိထားပြီဖြစ်ပြီး တော့ ကျန် ၁၀ ဦးကိုတော့ ရဲစခန်းက လာရောက် အဖမ်းခံဖို့ ဆင့်ခေါ်ထားကြောင်းလည်းရဲမှူးကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းဒေသမှာ အခုလို စက်ယန္တရားကြီးနဲ့ တူးဖော်လာကြတာဟာ နှစ်ပေါင်း ဆယ်စုနှစ်တစ်ခု ကျော်လာပြီဖြစ်ပါတယ်။
ကျင်းတွေက သေးလာရာကနေ ကျယ်လာတဲ့အပြင် မိုင်းဒဏ်တွေကြောင့် တောင်နံရံတွေ ကျောက်လွှာကြော အက်ကွဲလာကြတာလည်း ရှိတယ်၊ ကျင်းလို့သာပြောပေမဲ့ ဧကပေါင်းရာချီ ကျယ်တဲ့ နေရတွေ ဖြစ်နေတယ်လို့ လည်း ဖားကန့်မြို့ဒေသခံ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ပြောပါတယ်။
ဒီနေရာမှာ အခင်းမဖြစ်ခင် မြေပြိုလို့ ပြောင်းရွှေ့ပေးခဲ့တာရှိပြီး မြေပြိုမှု မဖြစ်ခင် မိုး ၁၅ ရက်လောက် ဆက်တိုက် ရွာသွန်းခဲ့တာရယ်၊ တောင်နံရံ အက်ကြောင်းတွေထဲ မိုးရေတွေ၀င်တာကြောင့်လည်း ကျင်းပြိုမှုတွေ ဖြစ်ခဲ့တာ လို့လည်း ဦးတင်စိုးကပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်နေ့က ဖားကန်မြေပြိုမှုကြောင် လူပေါင်း၁၇၂ ဦးရုပ်အလောင်းပြန်ရခဲ့ပြီး ဖားကန့်မှာ လူအသေအပျောက် အများဆုံးမြေပြိုမှု အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
အစိုးရအနေနဲ့ ဖားကန့်မှာ အသေးစားနဲ့ အလတ်စားလုပ်ကွက်တွေ ချထားပေးမယ့် အစီအစဉ်တွေ ရှိပြီးအဲဒီလို ချထားပေးနိုင်ရင်တော့ အခုလို ကုမ္ပဏီလုပ်ကွက်တွေမှာ ဝင်တူးတာတွေ နည်းသွားမယ်လို့ ကချင်ပြည်နယ် သယံဇာတဝန်ကြီး ဦးဒါရှီလာဆိုင်းကတော့ ကပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
မြန်မာနိုင်ငံမှာ ကျောက်စိမ်းထုတ်လုပ်မှုကနေ ရတဲ့ ဝင်ငွေဟာ တစ်နှစ်ကို ဒေါ်လာ ၃၀ ဘီလီယံ လောက် တန်ကြေးရှိတယ်လို့ စစ်တမ်းတွေက ဖော်ပြကြပါတယ်။
ဖားကန့်မှာ ရေမဆေးကျောက်ရှာသူ အရေအတွက်ဟာ သိန်းနဲ့ချီရှိပြီး တူးဖော်မှုတွေလုပ်ကိုင်နေကြပါတယ်။
ဒီဖြစ်စဉ်အတွက် လောပန်းတွေကို အရေးယူရတာဟာ ဖားကန့်မြေပြိုလူသေဆုံးမှု အတွက် အမှု မှာ ထင်ရှားပေါ်လွင်လာလိုဖြစ်တယ်လို့ ရဲမှူးက ရှင်းပြပါတယ်။
ဖားကန့်မှာ မြေပြိုမှု ကြောင့် လောပန်းတွေကို အရေးယူတာနဲ့ ပတ်သက်လို့ ဒေသခံတွေဘက် ကတော့ ဝေဖန်မှုတွေရှိပါတယ်။
ယန္တရားကြီးနဲ့ တူးဖော်တဲ့လုပ်ကွက် လုပ်ခွင့်ရသူတွေဟာ သူတို့လုပ်ကွက်တွေကို ကျင်းပြိုမှု မဖြစ်အောင် ရပ်နားထားချိန်ဖြစ်လို့ သူတို့နဲ့ ပတ်သက်လို့ လတ်တလော အရေးယူဖိုမရှိကြောင်းနဲ့ ကျန်အပိုင်းတွေက စုံစမ်းရေးအဖွဲ့ အစီရင်ခံစာ ထွက်လာမှသာ ပြောနိုင်မှာ ဖြစ်တယ်လို့ လည်းရဲမှူးကပြောပါတယ်။








