ဖားကန့်၊လုံးခင်းမှာ လက်လုပ်လက်စား ကျောက်တူး လုပ်ကွက် ဧက သုံးသောင်း ချပေးမယ်

ဓာတ်ပုံ ရင်းမြစ်, Zaw Moe Htet
ကချင်ပြည်နယ် ဖားကန့်၊ လုံးခင်း ဒေသမှာ ကျောက်စိမ်းတူးဖော်ရေး လက်လုပ်လက်စား လုပ်ကိုင်သူတွေ အတွက် ဧက သုံးသောင်း နီးပါး ရှိတဲ့ လုပ်ကွက်တွေကို ဖော်ဆောင်ပြီး လုပ်ကိုင်ခွင့် ချပေးဖို့ စီစဉ် နေတယ်လို့ ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။
" မနေ့က အစည်းအဝေးလုပ်တယ်။ ပြည်နယ်အဆင့် ဖွဲ့စည်းထားပြီးဖြစ်လို့ ဒေသခံ ရပ်မိရပ်ဖတွေ ပါတဲ့ မြို့နယ်အဆင့် ကော်မတီ ထပ်ဖွဲ့မယ်။ ဖွဲ့ပြီးရင် မြေပြင်ကွင်းဆင်း အကွက် ရိုက်မယ်။ လာမယ့် မေလပိုင်းကုန် ဇွန်လဆန်းလောက် ဒေသန္တရဆိုင်ရာ အမိန့်ကြေညာစာနဲ့ လျှောက်လွှာတွေ လျှောက်ဖို့ ခေါ်မယ်" လို့ ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။
လက်လုပ်လက်စား လုပ်ကိုင်သူတွေအတွက် လုပ်ကွက် တရားဝင် မချပေးနိုင်လို့ ကျောက်တူးဖော် လုပ်ကိုင်နေကြတဲ့ သူတွေ အနေနဲ့ ဥပဒေလမ်းကြောင်း မဟုတ်တဲ့ တခြားလမ်းကြောင်းကနေ လုပ်ကိုင် နေရတယ်လို့ ဝန်ကြီးက ဆိုပါတယ်။
အဲဒီလို လုပ်ကိုင်နေရလို့ စစ်ဆေးရေး၊ ကွင်းဆင်းစစ်ဆေးမှု ရှိလာချိန်မှာ အရေးယူမှု ဖြစ်လာပြီး ပြည်သူတွေပဲ နစ်နာနေရလို့ ဥပဒေကြောင်းအရ လုပ်ကိုင်နိုင်ခွင့်ရှိအောင် အခုလို လုပ်ကွက်ချပေးဖို့ စီစဉ်တာလို့ ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။
လက်လုပ်လက်စား လုပ်ငန်း လုပ်ကိုင်ခွင့်ပြုဖို့ ပြည်ထောင်စု အစိုးရက ခွင့်ပြုမိန့် ချထားပြီးသား ဖြစ်ပေမယ့် အသေးစားတူးဖော်ရေး လုပ်ငန်းတွေကိုတော့ လွှတ်တော်အတွင်း ပြင်ဆင်ရေးသားနေတဲ့ လုပ်ကိုင်ခွင့် နည်းဥပဒေ မထွက်သေးလို့ ဥပဒေ ထွက်ပေါ်လာမှသာ စိစစ်လုပ်ကိုင်ခွင့် ပြုနိုင်မယ်လို့ ဆိုပါတယ်။
လက်လုပ်လက်စား တူးဖော်ရေး လုပ်ငန်းချပေးရာမှာလည်း အိမ်ထောင်တစ်စုက မိသားစုဝင် တစ်ယောက်ကို တစ်ဧက လုပ်ကွက် သုံးကွက်အထိ လျှောက်ထားခွင့် ပေးမှာဖြစ်ပြီး လုပ်ကွက်တစ်ကွက် အတွက် တစ်နှစ်စာ အခွန် ကျပ် ငါးသိန်း ပေးဆောင်ဖို့ သတ်မှတ်ပါရှိမယ်လို့ ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။
" တစ်နှစ် သက်တမ်း လုပ်ခွင့် ချပေးမယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှုး၊ ရဲစခန်း ထောက်ခံချက်တွေပါ တင်ပြဖို့လိုမယ်။ တူးရာမှာလည်း မြင်းကောင်ရေ ၂၅ ကောင်ရေအား တူးတဲ့စက်နဲ့သာ တူးဖော်ခွင့် ပေးမယ်။ ရလာတဲ့ ကျောက်တွေကို တရားဝင် အခွန်ဆောင်ပြီး ဖြစ်လို့ လက်ဝယ် ကိုင်ဆောင်ခွင့်၊ သိုလှောင်ခွင့်၊ သယ်ဆောင်ခွင့် ပေးမယ်" လို့ ဦးဒါရှီလဆိုင်းက ပြောပါတယ်။
လုပ်ကွက်တွေကို လုံးခင်း၊ ဖားကန့် နယ်မြေအတွင်းက လက်လုပ်လက်စား လုပ်သူတွေကို ချပေးနိုင်မယ့် မှော် ၂၆ မှော်က ဧရိယာ ဧက ၂၇,၇၄၀ ဧကကို သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Zaw Moe Htet
လုံးခင်း၊ ဖားကန့် ဒေသတွေမှာ ကျောက်ကြောတွေက ပေ ၂၀၀၊ ၃၀၀ လောက် မှ သာ တွေ့ရှိရပြီး တူးခွင့်ပြုတဲ့ စက် အနေအထား အရ ပေ ၁၀၀ လောက်မှာ တူးဖော် ရရှိနိုင်မယ့် ထိုက်သင့်တဲ့ အကွက်မျိုးသာ လုပ်ကိုင်ခွင့် ပြုသင့်တယ်လို့ ဖားကန့်မြို့ခံ ကျောက်တူးဖော်ရေး လုပ်ငန်း လုပ်ကိုင်နေတဲ့ ကိုဇော်မိုးထက်က ပြောပါတယ်။
" ချပေးတဲ့နေရာဟာ အစိုးရရဲ့မြေပုံမှာသာ မတူးရသေးဘူး ဆိုပြီး ရှိတတ်ပေမယ့်၊ မြေပြင်မှာက အကုန်လုံးက တူးထားပြီးသား နေရာတွေချည်းပဲ။ အောက်ခြေမှာ လာဘ်ပေးလာဘ်ယူမှုတွေ ကြီးစိုးနေတော့ တရားဝင် တူးဖော်မိန့်သာ မထွက်ရသေးတာ အောက်ခြေမှာ တူးလို့ ကုန်ကြတဲ့ နေရာတွေ များတယ်။ လူကြီးတွေဆိုတာ အောက်ခြေဝန်ထမ်းတွေက တင်ပြတဲ့ မြေပုံသာ ရကြတာ၊ လုပ်ကွက်တွေ ချထားတဲ့နေရာတွေက ဘယ်လောက် လုပ်ကိုင်ခွင့် ရမလဲဆိုတာ ကြည့်ရမယ်" လို့ ကိုဇော်မိုးထက်က ပြောပါတယ်။
ဖားကန့်၊ လုံးခင်း ဒေသမှာ ရေမဆေး လက်လုပ်လက်စား လာရောက် လုပ်ကိုင်သူတွေ ၃ သိန်း ကျော် ရှိပြီး၊ လက်ရှိမှာ သူတို့တွေဟာ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတွေရဲ့ လုပ်ကွက်တွေမှာ နေ့စဉ် မနက် ၄ နာရီကနေ ၆ နာရီ အထိ ရေမဆေးကျောက်ရှာသမားတွေ ကျောက်ရှာဖွေဖို့ ကုမ္ပဏီတွေဘက်က ခွင့်ပြုထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်၊ လုံးခင်း ဒေသမှာ ကျောက်ကြော ဘယ်နေရာမှာ ရှိနိုင်တယ်ဆိုတဲ့ အခြေအနေကို ဒေသခံတွေ၊ ရေမဆေးသမားတွေနဲ့ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီတွေကပါ သိရှိကြလို့ အခုလို အစိုးရရဲ့ လုပ်ကိုင်ခွင့်ပြုတဲ့ လုပ်ကွက်နေရာဟာ ကျောက်တူးဖော်မှု လုပ်ခွင့်သာတဲ့ နေရာတွေကို ခွင့်ပြုလုပ်ကိုင်ခွင့် ပေးမှသာ ရေမဆေး တပိုင်တနိုင် တူးဖော်သူတွေအတွက် အကျိုးခံစားခွင့် ရမှာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။








