ဖားကန့်မှာ မိုးရွာ မြေပြိုလို့ အနည်းဆုံး ၇ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Naung Latt
ကချင်ပြည်နယ် ဖားကန်မြို့မှာ မိုးရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ခဲ့ပြီး အနည်းဆုံး ၇ ဦးသေဆုံးတယ်လို့ ဖားကန့်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အတွင်းရေးမှူး ဦးသောင်းဆန်က ဇွန်လ ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန်မှာ ဘီဘီစီကို ပြောပါတယ်။
ဖားကန့် ဆေးရုံမှာ မြေပြိုမှုကြောင့် သေဆုံး ဒဏ်ရာရသူတွေကို သွားကြည့်ရင်း တွေ့ခဲ့ရတဲ့ အခြေအနေကို ဘီဘီစီကို ပြောပြခဲ့တာဖြစ်ပြီး သေဆုံးသူဦးရေ ဒီထက်ပိုများလာနိုင်သေးတယ်လို့လည်း ဦးသောင်းဆန်က ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန်မြို့မှာ မိုးရွာသွန်းမှုကြောင့် မြို့မိန်းလမ်းမပေါ်က ရှမ်းမိတ်စားသောက်ဆိုင်အနီး မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး တဦး ဒဏ်ရာရခဲ့တယ်လို့ ဖားကန့် ဒေသခံ ကိုနောင်လတ်က ပြောပါတယ်။
ဇွန်လ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအချို့ကြောင့် လမ်းပိတ်ဆို့မှု အချို့လည်း ဖြစ်ခဲ့ပါတယ်။
ဖားကန့်ရဲစခန်း အနောက်ဘက်မှာလည်း မြေပြိုမှု ဖြစ်ခဲ့ပြီး နမ်မစစ်နဲ့ မော်စီဇာအကြားမှာလည်း တံတားကျိုးမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
မြေပြိုမှုတွေကြောင့် နေအိမ်ပျက်စီးမှု အမြောက်အမြားလည်း ရှိနေတယ်လို့ ဖားကန့်က ပြည်နယ်လွှတ်တော် အမတ် ဦးဒါရှီလာဆိုင်းကလည်း ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Naung Latt




