ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရန်ကုန်မှာ ကိုဗစ် စစ်တဲ့ဓာတ်ခွဲနေရာ သုံးခု ရှိလာ၊ ကန့်သတ်ချက်တချို့ကို ဇွန် ၁ ရက်ကစပြီး ဖြေလျှော့ပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော၊ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ ဇွန် ၁၇ ရက် ပြန်ကစားမယ်
(၁) ကန့်သတ်ချက်တချို့ကို ဇွန် ၁ ရက်ကစပြီး ဖြေလျှော့ပေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော
ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါမပြန့်ပွားရေးအတွက် မေ ၃၁ ရက်အထိ ချမှတ်ထားတဲ့ သတ်မှတ်ချက်တချို့ကို ဇွန် ၁ ရက်ကစပြီး ဖြေလျှော့ပေးမယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
သတိကြီးစွာနဲ့ နိုင်ငံရဲ့ ယန္တရား ပြည့်ဝစွာ ပြန်လည်ပတ်နိုင်ရေးကို ဦးတည်တယ်လို့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ မေ ၂၈ ရက်ညနေပိုင်းကရေးသားထားပါတယ်။
အဲဒီဖြေလျှော့မှုတွေကို စည်းကမ်းလိုက်နာခြင်းအားဖြင့် ကိုဗစ်ကို အနိုင်ရရေးအတွက် ဆက်ပြီးကူညီကြပါလို့ ပြည်သူကို မေတ္တာရပ်ခံထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဖြေလျှော့ပေးမယ်ဆိုပေမယ့် ဘယ်အချက်တွေကို ဖြေလျှော့မယ်ဆိုတာကိုတော့ အသေးစိတ် ရေးသားထားတာမရှိသေးပါဘူး။
ဒါပေမဲ့သူ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ကိုဗစ်၁၉ ထိန်းချုပ်ကာကွယ်ရေးအမျိုးသားအဆင့် ဗဟိုကော်မတီကတော့ ကိုဗစ်နဲ့ပတ်သက်ပြီးထုတ်ပြန်ထားတဲ့အမိန့်နဲ့ ညွှန်ကြားချက်တွေကို ဇွန် ၁၅ ရက်အထိ ထပ်မံသက်တမ်းတိုးခဲ့ပါတယ်။
အဲဒီထဲမှာ ဖြေလျှော့ပေးထားတဲ့ကိစ္စတွေတော့မပါဘူးလို့ ထုတ်ပြန်ထားပေမယ့် ဘယ်အချက်တွေလဲဆိုတာတော့ ကြေညာချက်မှာ မဖော်ပြထားပါဘူး။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက မနေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ ရန်ကုန်တိုင်းထဲက stay at home(အိမ်မှာပဲနေကြဖို့) ထုတ်ပြန်ထားတဲ့ မြို့နယ်လေးခုကို ပယ်ဖျက်ကြောင်းထုတ်ပြန်ပါတယ်။ အဲဒီမြို့နယ်တွေက ဗဟန်း၊ တောင်ဥက္ကလာ၊ ပန်းဘဲတန်းနဲ့ တာမွေမြို့နယ်ဖြစ်ပါတယ်။
Stay at home အစီအစဉ်ကို ယခင်က ရန်ကုန်က ဆယ်မြို့နယ်နဲ့ စစ်ကိုင်းက ကလေးတစ်မြို့နယ်တို့ကို သတ်မှတ်ထားတာပါ။ မေ ၁၄ ရက်မှာ ရန်ကုန်က လေးမြို့နယ်နဲ့ ကလေးတို့ကို ပယ်ဖျက် ပေးခဲ့ပါတယ်။
လက်ရှိမှာတော့ stay at home ကန့်သတ်ချက်ဟာ အင်းစိန်နဲ့ မရမ်းကုန်း နှစ်မြို့နယ်ပဲ ကျန်ရှိပါတော့တယ်။
ဒါ့အပြင် လူငါးဦးနဲ့ လူငါးဦးနဲ့အထက် စုဝေးနိုင်တဲ့ကိစ္စရပ်တွေကို ထပ်မံဖြည့်စွက်ခဲ့တာဖြစ်ပြီး အစိုးရရုံး၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်လုပ်တာ၊ စာသင်ကျောင်းတွေ ၊ အစည်းအဝေး တွေပြုလုပ်တာနဲ့ သင်တန်းတွေကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန စည်းကမ်းချက်တွေနဲ့အညီ ကျင်းပတာ၊ ဖွင့်လှစ်ခွင့်ပြုထားတဲ့ စားသောက်ဆိုင်တွေမှာ စားသောက်တာ စတဲ့ကိစ္စတွေ ပါဝင်ပါတယ်။ မရှိမဖြစ်လုပ်ငန်းတွေနဲ့ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေ၊ အများပြည်သူအတွက်လိုအပ်တဲ့လုပ်ငန်းတွေလုပ်ကိုင်တဲ့ ကိစ္စရပ်တွေလည်း အကျုံးဝင်မှာဖြစ်ပါတယ်။
ဒါကြောင့် ကိုဗစ်၁၉ ထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်၊ ပန်ကြားချက်နဲ့ အမိန့်တွေထဲကနေ ဖြေလျှော့ပေးတဲ့ကိစ္စတွေကို ဖယ်လိုက်တဲ့အခါ လူစုလူဝေးနဲ့ ပြုလုပ်မယ့် ပွဲလမ်းသဘင်အခမ်းအနားတွေကျင်းပခွင့်ကို ဆက်တက်ကန့်သတ်ထားမှာဖြစ်ပြီး ရုပ်ရှင်ရုံ၊ နိုက်ကလပ်တွေကိုတော့ ဆက်ပိတ်ထားဦးမှာဖြစ်ပါတယ်။
ပြည်ပခရီးသွားတွေကို ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းထားဦးမှာဖြစ်ပြီး နိုင်ငံတကာလေယာဉ်တွေလည်း ဆင်းသက်ခွင့်ကို ဆက်ပိတ်ထားဦးမှာ ဖြစ်ပါတယ်။
(၂) ရန်ကုန်မှာ ကိုဗစ် စစ်တဲ့ဓာတ်ခွဲနေရာ သုံးခု ရှိလာ
ရန်ကုန်မှာ မေ ၂၆ ရက်ကစပြီး ကိုဗစ်-၁၉ ဓာတ်ခွဲစမ်းသပ်တဲ့ ဓာတ်ခွဲခန်း ၃ နေရာရှိလာပြီး အဲဒီထဲမှာ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ လည်း ပါဝင်လာပါတယ်။
ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာတွေကို ရန်ကုန်က အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနနဲ့ ဆေးသုတေသန ဦးစီးဌာန ဓာတ်ခွဲခန်းတို့မှာ စစ်ဆေးနေတာဖြစ်ပါတယ်။
အခုတော့ အမှတ် (၁) တပ်မတော်ဆေးရုံကြီးခုတင် ၁၀၀၀ အဏုဇီဝဗေဒဌာန ဓာတ်ခွဲခန်းမှာလည်း ဓာတ်ခွဲနမူနာတချို့ကို မေ ၂၆ ကစပြီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် မေ ၂၆ ရက်ကစလို့ အခုထိ တစ်ရက် ဓာတ်ခွဲနမူနာပေါင်း တစ်ထောင်ကျော် စံချိန်တင်စစ်ဆေးနိုင်ခဲ့တာကို အစိုးရ ထုတ်ပြန်ချက်တွေက ဖော်ပြနေပါတယ်။
အဲဒီမတိုင်ခင်ထိ ဓာတ်ခွဲခန်းနှစ်ခုပေါင်း လူ ကိုးရာကျော်အထိ စစ်ဆေးနိုင်ခဲ့တဲ့နေ့တချို့ရှိခဲ့ပါတယ်။
တပ်မတော်ကဓာတ်ခွဲခန်းမှာ စတင်စမ်းသပ်ဓာတ်ခွဲတဲ့နေ့ မေ ၂၆ မှာတော့ ဓာတ်ခွဲနမူနာပေါင်း ၁,၃၁၂ ခု စစ်ဆေးနိုင်ခဲ့ပါတယ်။ အဲဒီမှာ အမျိုးသားဓာတ်ခွဲခန်းတစ်ခုတည်းက ၁၀၂၆ ခု၊ ဆေးသုတေသန ဓာတ်ခွဲခန်းက ၁၂၅ ခုနဲ့ တပ်မတော် ဓာတ်ခွဲခန်းက ၁၆၁ ခု တို့စစ်ဆေးခဲံတယ်လို့ ထုတ်ပြန်ချက်တွေက ဖော်ပြပါတယ်။
(၃) ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ ဇွန် ၁၇ ရက် ပြန်ကစားမယ်
ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကို ဇွန်လ ၁၇ ရက် ပြန်စမှာဖြစ်ပြီး မန်စီးတီးနဲ့ အာဆင်နယ်၊ အက်စတွန်ဗီလာနဲ့ ရှဖီးယူနိုက်တက်ပွဲစဉ်တွေကို အဲဒီနေ့မှာ စတင်ကစားဖို့ရှိနေပါတယ်။
ဒီရာသီအတွက် ပွဲပေါင်း ၉၂ ပွဲကစားဖို့ကျန်နေသေးတာဖြစ်ပါတယ်။
ပွဲစဉ်အားလုံးကို ကွင်းပိတ်ကစားမှာဖြစ်ပြီး Sky Sport၊ BT Sport၊ BBC sport ရုပ်သံတွေကနေ တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ရှိပါတယ်။
BBC sport ဟာ ပွဲစဉ်လေးပွဲလုံးကို တိုက်ရိုက်ထုတ်လွှင့်ပြသဖို့ရှိပြီး ဒါဟာ ၁၉၉၂ ခုနှစ်၊ ပရီးမီးယားဘောလုံးပွဲစတင်ကျင်းပစဉ်ကနေ ခုထိ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်ပြသမှုလည်း ဖြစ်ပါတယ်။
လုံခြုံရေးဆိုင်ရာညွှန်ကြားချက်တွေကိုတော့ အစိုးရ က ထုတ်ပြန်တာမရှိသေးပေမယ့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကတော့ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။
လစ်ဗာပူးအသင်းဟာ ၂၅ မှတ်အကွာနဲ့ ဇယားထိပ်ဆုံးမှာ ရှိနေပြီး ဘားမောက်၊ အက်စတွန်ဗီလာနဲ့ နော်ဝှစ်စီးတီးတို့ဟာ တန်းဆင်းဇုန်ထဲရောက်နေပါတယ်။
ပရီးမီးယားလိဂ်နဲ့ ကလပ်အသင်းတွေမှာ မယုံနိုင်လောက်အောင် စိတ်အားထက်သန်ပြီး သစ္စာရှိတဲ့ အားပေးထောက်ခံသူတွေရရှိထားတဲ့အတွက် ဂုဏ်ယူရတယ်လို့ ပရိမီးယားလိဂ်ရဲ့ အမှုဆောင်အရာရှိ ရစ်ချက်မာစတာစ်က ပြောပါတယ်။
ပွဲစဉ်တွေကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် မတ် ၁၃ ရက်မှာ စတင်ဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။
မတ်လ ၉ ရက်နေ့က လက်စ်စတာ စီးတီးအသင်းက အက်စတွန်ဗီလာအသင်းကို လေးဂိုး ဂိုးမရှိတဲ့ အနိုင်ရတဲ့ပွဲစဉ်အပြီး ရက် ၁၀၀ အကြာမှာ ဘောလုံးပွဲတွေ ပြန်စဖို့ စိုင်းပြင်းလာကြပါပြီ။
အခုချိန်ထိ လိဂ်မှာ ပါဝင်နေသူပေါင်း ၂,၇၅၂ ဦးကို ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးရှိမရှိ စစ်ဆေးထားပြီး အဲဒီထဲက ၁၂ ဦးမှာ ပိုးတွေ့ထားပါတယ်။
ကစားသမားတွေနဲ့ ဝန်ထမ်းတွေဟာ တစ်ပတ်ကို နှစ်ကြိမ် ထပ်ပြီး ဆေးစစ်ဖို့ရှိပြီး တကယ်လို့ တစ်ယောက်ယောက်မှာ ရောဂါပိုးရှိခဲ့ရင် ခုနစ်ရက်ကြာ သီးသန့်ခွဲနေထိုင်ရဖို့ရှိပါတယ်။
ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၂၆၀,၀၀၀ ကျော်၊ သေဆုံးသူ ၃၇,၀၀၀ ကျော်ရှိပါတယ်။
ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ငါးသန်းကိုးသိန်းကျော်(၅၉သိန်းကျော်) နဲ့ သေဆုံးသူ သုံးသိန်းခွဲကျော်ရှိသွားပါပြီ။
အမေရိကန်ပြည်ထောင်စုဟာကမ္ဘာမှာ ကူးစက်သူ တစ်သန်းခုနစ်သိန်းကျော်(၁၇ သိန်းကျော်)၊ သေဆုံးသူ တစ်သိန်းကျော်နဲ့ ပထမနေရာမှာ ရှိနေပြီး ဘရာဇီးက ဒုတိယနဲ့ ရုရှက တတိယနေရာမှာ ရှိနေပါတယ်။
စပိန်က စတုတ္ထနေရာမှာဖြစ်နေပြီး ပဉ္စမမြောက် ကူးစက်သေဆုံးအများဆုံးကတော့ ဗြိတိန်နိုင်ငံ ဖြစ်ပါတယ်။
(၄)တောင်ကိုရီးယားမှာ ကူးစက်မှုအသစ်တွေထပ်တိုးလာလို့ ကိုဗစ်ကန့်သတ်ချက်တွေ ပြန်လုပ်ရ
တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ်တွေထပ်တွေ့လာတဲ့နောက် ကိုဗစ်ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာကန့်သတ်ချက်တွေကို ပြန်လည်ဆောင်ရွက်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ မေလ ၆ ရက်ကစလို့ တောင်ကိုးရီးယားမှာ စာသင်ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကိုပြန်ဖွင့်ခွင့်ပြုခဲ့တာပါ။
ဒါပေမဲ့ ကြာသာပတေးနေ့(မေ၂၇ ရက်)မှာ ကူးစက်မှုအသစ် ၇၉ ခု တွေ့ခဲ့တာဖြစ်ပြီး ဧပြီ ၅ ရက်မှာ တစ်ရက်တည်းကူးစက်သူပေါင်း ၈၁ ဦးတွေ့ခဲ့ရပြီးတဲ့နောက်ပိုင်း အများဆုံးရောဂါကူးစက်မှုထပ်တွေ့ရတာဖြစ်ပါတယ်။
ဒါကြောင့်အခုတော့ ဆိုးလ်မြို့က ပန်းခြံတွေ၊ ပြတိုက်တွေ၊ ပန်းချီပြခန်းတွေကို ဒီသောကြာကစလို့ နှစ်ပတ်ကြာ ပိတ်ထားမှာဖြစ်ပြီး လူတွေကို ခပ်ခွာခွာနေကြဖို့လည်း အာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။
တောင်ကိုးရီးယား ရောဂါထိန်းချုပ်ကာကွယ်ရေးဗဟိုဌာနကတော့ အခု ထပ်တွေ့ရတဲ့ကူးစက်မှုအသစ်တွေဟာ ဆိုးလ်မြို့ပတ်ဝန်းကျင်က လူနေထူထပ်တဲ့မြို့ပြဧရိယာကဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီဧရိယာတွေမှာ တောင်ကိုးရီးယားလူဦးရေရဲ့ ၅၁ သန်းကျော်နေထိုင်နေကြပါတယ်။
တောင်ကိုးရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၁၁,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂၆၉ ဦးရှိထားပါတယ်။
ဒီဗိုင်းရပ်စ် စဖြစ်ခါစမှာ တောင်ကိုရီးယားဟာ ကူးစက်မှုအများဆုံး နိုင်ငံအဖြစ်သွားခဲ့ပါသေးတယ်။ ဒါပေမဲ့သူတို့ရဲ့ ဗိုင်းရပ်စ်ကူးစက်ရာလမ်းကြောင်းကိုနောက်ကြောင်းလိုက် ဖော်ထုတ်မှုနဲ့ ဗိုင်းရပ်စ်စစ်ဆေးပေးမှု၊ ဆေးကုသမှု ခံယူစေမှုတွေကြောင့် ရာဂါပြန့်ပွားမှုကို မြန်မြန်ဆန်ဆန်ထိန်းချုပ်လိုက်နိုင်ပြီး တခြားနိုင်ငံတွေကတောင် သူ့ကို နမူနာယူခဲ့တာတွေရှိခဲ့ပါတယ်။