ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကိုရိုနာဗိုင်းရပ်စ် - အမေရိကန်မှာ သေဆုံးသူ တသိန်းကျော်ပြီ
အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ လေးလကြာကာလအတွင်း ၁ သိန်းကျော်သွားခဲ့ပါပြီ။ တကမ္ဘာလုံးမှာ သေဆုံးသူအများဆုံးနိုင်ငံပါ။
အမေရိကန်မှာ ကူးစက်သူ အရေအတွက်က တသန်းခုနစ်သိန်းဝန်းကျင်ရှိသွားပါပြီ။ အမေရိကန် ကူးစက်သူ အရေအတွက်ဟာ တကမ္ဘာလုံး ကူးစက်သူ စုစုပေါင်းရဲ့ ၃၀ ရာနှုန်းဝန်းကျင်ပါ။
တကမ္ဘာလုံးမှာ ကူးစက်သူအရေအတွက်က ၅ သန်း ၈ သိန်းကျော်၊ သေဆုံးသူစုစုပေါင်းက ၃၅၇၈၀၇ ရှိသွားပါပြီ။
အမေရိကန်မှာ ပထမဆုံး ကူးစက်ခံရသူကို မှတ်တမ်းတင်နိုင်ခဲ့တာက ဇန်နဝါရီလ ၂၁ ရက်နေ့က ဖြစ်ပြီး ဝါရှင်တန်ပြည်နယ်မှာပါ။
အမေရိကန်ပြည်ထောင်စုမှာ သေဆုံးသူ အရေအတွက် စုစုပေါင်းဟာ မေရီလန်းပြည်နယ်အခြေစိုက် ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ရဲ့ စာရင်းဇယားအရဆိုရင် ၁၀၀၄၄၂ ရှိသွားပါပြီ။ ကိုရီးယားစစ်ပွဲ၊ ဗီယက်နမ်စစ်ပွဲ၊ အီရတ်စစ်ပွဲ၊ အာဖဂန်နစ္စတန်စစ်ပွဲတွေမှာ သေဆုံးခဲ့တဲ့ အမေရိကန်စစ်သား စုစုပေါင်း အရေအတွက်ထက်များပါတယ်။
အမေရိကန်ပြည်ထောင်စုက စုစုပေါင်း နေထိုင်သူ လူဦးရေကလည်း အရေအတွက်များပါတယ်။ စုစုပေါင်း လူဦးရေ အပေါ်အချိုးချပြီး သေနှုန်းကို တွက်ချက်ကြည့်မယ်ဆိုရင်တော့ အမေရိကန်ရဲ့ သေဆုံးမှု ရာနှုန်းဟာ ကမ္ဘာပေါ်မှာ အဆင့် ၉ ဖြစ်သွားပါတယ်။ လူဦးရေစုစုပေါင်းနဲ့ အချိုးချရင် ဘယ်လ်ဂျီယန်၊ ဗြိတိန်၊ ပြင်သစ်၊ အိုင်ယာလန်တို့က အမေရိကန်ထက် ပိုများပါတယ်။ အမေရိကန်ကသေဆုံးမှုဟာ တက်ရိပ်ပြနေဆဲပါ။ တကယ့်အစစ်အမှန် ကိန်းဂဏန်းဟာ မှတ်တမ်းတင်ထားနိုင်တာထက် ပိုများလိမ့်မယ်လို့ ကျန်းမာရေး ဝန်ထမ်းတွေက ဆိုကြပါတယ်။
ပြည်နယ်အသီးသီးအခြေအနေ
ပြည်နယ် ၂၀ မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ဆုံးချိန်အထိ ရောဂါကူးစက်သူအရေအတွက် တိုးတက်နေတုန်းပဲလို့ ရိုက်တာသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
မြောက်ကယ်ရိုလိုင်းနား၊ ဝစ္စကွန်ဆင်၊ အာကန်ဆောတို့မှာ ကူးစက်သူအရေအတွက် မှန်မှန်ကြီး တိုးတက်နေပါတယ်။ ချီကာဂို၊ လော့စ်အိန်ဂျယ်လိစ်၊ ဝါရှင်တင်ဒီစီ ဆင်ခြေဖုံး စတဲ့ လူနေထူထပ်ရာ ဒေသတွေမှာလည်း ကူးစက်မှုနှုန်းဟာ လျှော့ချလို့ မရဘဲ မြင့်တက်ဆဲ ဖြစ်ပါတယ်။
လူပေါင်း ၂၁၀၀၀ သေဆုံးခဲ့ရတဲ့ နယူးယောက်အပါအဝင် အထိနာခဲ့တဲ့ ပြည်နယ်တချို့မှာတော့ သေနှုန်းပြန်ကျနေပါတယ်။ နယူးယောက်ရဲ့ အထွတ်အထိပ်ကာလမှာ နေ့စဥ်သေဆုံးသူအရေအတွက်ဟာ ရာနဲ့ချီရှိခဲ့ပါတယ်။ ဆေးရုံတွေမှာ လူနာတွေလျှံသွားသလို ဆေးရုံအပြင်ဘက်မှာ ယာယီရင်ခွဲရုံတွေ ဆောက်ခဲ့ရပါတယ်။
နိုင်ငံရေးဂယက်
သမ္မတထရမ့်ကတော့ သူ့အစိုးရရဲ့ ဆောင်ရွက်ချက်တွေသာ မရှိရင် သေဆုံးသူ အရေအတွက်ဟာ ဒီ့ထက် ၂၅ ဆ ပိုများသွားလိမ့်မယ်လို့ ခုခံပြောဆိုပါတယ်။ ဝေဖန်သူတွေကတော့ သူ့ရဲ့ဆောင်ရွက်ချက်တွေဟာ နှေးကွေးတယ်လို့ ဆိုကြပါတယ်။
ပြည်နယ်အစိုးရတွေဟာလည်း သက်ကြီးဂေဟာတွေ၊ နာမကျန်းဂေဟာတွေမှာ သေဘေးအရိပ်မိုးလာတာကို စောစောစီးစီး အရေး မယူခဲ့ဘူးလို့ အပြစ်တင်ခံရပါတယ်။
စောစောပိုင်းတုန်းကတော့ သမ္မတထရမ့်က ဒီရောဂါကို ရာသီတုပ်ကွေးလောက်ပါပဲလို့ လျှော့တွက်ခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ အမေရိကန်ဟာ ဗိုင်းရပ်စ်ကို ထိန်းချုပ်ထားနိုင်တယ်လို့ ပြောပြီး ဧပြီလမှာတော့ ကပ်ဘေးကြီးဟာ ဝမ်းမြောက်ဖွယ် လွန်မြောက်သွားပါလိမ့်မယ်လို့ ဆိုပါတယ်။
သေဆုံးသူအရေအတွက်ဟာ ၅ သောင်း ၆ သောင်းလောက်လို့ အစကသူခန့်မှန်းထားခဲ့ပြီး ၆ သောင်း ၇ သောင်းကျော်သွားချိန်မှာလည်း သေဆုံးသူအရေအတွက်ဟာ တသိန်းတော့ ကျော်မှာ မဟုတ်ပါဘူးလို့ ဆိုခဲ့ပါတယ်။ အခု တသိန်းကျော်ခဲ့ပါပြီ။
အခုတော့ အမေရိကန်မှာ ကူးစက်သူအရေအတွက် အများဆုံးဖြစ်နေတာဟာ ဂုဏ်ထူးဆောင် တံဆိပ်ပဲလို့ သမ္မတထရမ့်က ဆိုပြီး သူ့အလိုအရ ကူးစက်သူ များများတွေ့တာဟာ များများ ဆေးစစ်နိုင်လို့ပါတဲ့။
နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်ရဲ့ လေ့လာချက်အရ တကယ်လို့သာ အစိုးရက စောစောအရေးယူခဲ့ရင် သေဆုံးသူ အရေအတွက်ဟာ ဒီ့ထက် ၃၆၀၀၀ နည်းနိုင်တယ်လို့ဆိုပါတယ်။
နိုဝင်ဘာရွေးကောက်ပွဲမှာ သမ္မတထရမ့်ကို စိန်ခေါ်သူဖြစ်လာဖွယ်ရှိတဲ့ ဒီမိုကရက်အမတ် ဂျိုးဘိုင်ဒင်ကတော့ သေဆုံးသူတွေရဲ့ မိသားစုတွေထံကို ဗုဒ္ဓဟူးနေ့က ဝမ်းနည်းစကား တိုက်ရိုက်ပေးပို့ခဲ့ပါတယ်။
“ခင်ဗျားတို့ရဲ့ဆုံးရှုံးမှုအတွက် ကျွန်တော်အထူးဝမ်းနည်းပါတယ်။ တနိုင်ငံလုံးကလည်း ခင်ဗျားတို့နဲ့အတူ ကြေကွဲနေကြပါတယ်”လို့ တွစ်တာကနေ သတင်းပါးခဲ့ပါတယ်။
သမ္မတထရမ့်ရဲ့ ကပ်ဘေးကိုင်တွယ်ပုံကိုလည်း သူကဝေဖန်လိုက်ပါတယ်။ “ကျွန်တော်တို့ ရှောင်တိမ်းလို့ ရနိုင်လောက်ပါလျက်နဲ့ အရေအတွက် ဒီလောက်အထိ မြင့်တက်ခဲ့ရပြီ” လို့သူကဆိုပါတယ်။
လော့ဒေါင်းဘယ်လိုဖြေလျှော့မလဲ
အမေရိကန်မှာ သေဆုံးမှုက တက်မြဲတက်နေပေမယ့် ကပ်ဘေးနောက်ပိုင်း အလုပ်လက်မဲ့ အရေအတွက်ဟာ ၃၉ သန်းအထိရှိလာတာကြောင့် အေးခဲရပ်တန့်သွားတဲ့ စီးပွားရေးကိုပြန်ဖွင့်ဖို့ ပြည်နယ်တခုပြီးတခု ရှေ့တိုးဆောင်ရွက်နေပါတယ်။
ပြည်နယ် ၅၀ လုံးဟာ ကိုဗစ်စည်းမျဥ်းတွေကို သူ့နည်းသူ့ဟန်နဲ့ လျှော့ချနေကြပါတယ်။
ကမ္ဘာ့အကြီးဆုံး ကလေးပျော်ပွဲကြီးဖြစ်တဲ့ ဖလော်ရီဒါပြည်နယ်က ဒစ္စနေကမ္ဘာဟာ ဇူလိုင် ၄ ရက်မှာပြန်ဖွင့်ဖို့ စိုင်းပြင်းနေပါပြီ။ ဝန်ထမ်းတွေကို ရောဂါပိုးရှိမရှိ မှန်မှန်စစ်သွားမယ်လို့ ကုမ္ပဏီက ပြောပါတယ်။
ကိုဗစ်ကာကွယ်ဆေး ခုထိမပေါ်သေးပါဘူး။ အတည်ပြုထားတဲ့ ကုထုံးလည်း မရှိသေးပါဘူး။ စမ်းသပ်ဆဲတွေတော့ရှိပါတယ်။
ဒီလမှာလုပ်တဲ့ AP-NORC စစ်တမ်းအရ အမေရိကန် ၄၉ ရာခိုင်နှုန်းက ကာကွယ်ဆေးပေါ်လာရင် ထိုးမယ်လို့ ဆိုကြပါတယ်။