ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို ဖြုတ်ချဖို့ ပြည်ခိုင်ဖြိုး နဲ့တပ်ကိုယ်စားလှယ်တွေပေါင်းပြီးအဆိုတင်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ အရေးကြီးအဆိုလွှာ လက်မှတ်ရေးထိုး တင်သွင်းခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ၁၁၀ မှာ ပြည်ခိုင်ဖြိုးနဲ့တပ်မတော်သား ကိုယ်စားလှယ်တွေ အဓိက ပါဝင်တယ်လို့ လွှတ်တော် အရာထမ်းတစ်ဦးက ပြောပါတယ်။
ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာက ရုပ်သိမ်းရေး အရေးကြီးအဆို တင်သွင်းဖို့အတွက် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၁ အရ လွှတ်တော်ကိုယ်စားလှယ် လေးပုံတစ်ပုံက လက်မှတ်ရေးထိုးဖို့ လိုအပ်ပြီး ကိုယ်စားလှယ် ၄၄၀ ရှိတဲ့ ပြည်သူ့လွှတ်တော်မှာ တော့ ၁၁၀ ဦး အနည်းဆုံး လိုအပ်မှာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ် အရေအတွက် ၃၀ ကျော်လောက်ပဲ ရှိပြီး ရခိုင်နဲ့ရှမ်း ပါတီတွေက ကိုယ်စားလှယ်တွေကလည်း ခွင့်ယူထားတာ များတာကြောင့် တပ်မတော်သားကိုယ်စားလှယ်တွေဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ လက်မှတ်ရေးထိုးတဲ့နေရာမှာ ပါဝင်တာ သေချာတယ်လို့ နေပြည်တော်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်း ပုံပြင်ဆင်ရေး ကိစ္စရပ်များနဲ့ ပတ်သက်ပြီး ဥပဒေအရ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်အောင် မဆောင်ရွက်နိုင်ခဲ့ဘူးဆိုတဲ့အချက်တွေကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ အရေးကြီးအဆိုတင်ခဲ့သူတွေ ကိုယ်စားပြည်ခိုင်ဖြိုးပါတီကကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က ဒီနေ့လွှတ်တော် မှာ အဓိက ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ တောင်းဆိုရတဲ့ အဓိက အချက် ၃ ချက်ရှိပြီး အဲဒီထဲကမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးအောင်ကြည်ညွန့်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဆောင်ရွက်နိုင်ရန် ပူးပေါင်းကော်မတီဖွဲ့စည်းပေးဖို့ အရေးကြီးအဆိုကို ခွင့်ပြုပေးခဲ့တာဟာ ဟာ ဥပဒေနဲ့မညီတဲ့အချက်ဖြစ်တယ်လို့ဦး စိုင်းထွန်းစိန်က ပြောခဲ့ပါတယ်။
ဒီအချက်ဟာ ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ၆၆ (က)နဲ့ မကိုက်ညီဘဲ ခွင့်ပြုခဲ့တာလို့လည်း လွှတ်တော်မှာ သူက ပြောသွားခဲ့ပါတယ်။
ဒါအပြင် ဦးတီခွန်မြတ်ဟာ အခြေခံဥပဒေပြင်ဆင်ရေး ဥပေဒကြမ်းတွေကို ဦးသိန်းထွန်း၊ ဒေါက်တာမောင်သင်း၊ ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးချုပ် အောင်ဆန်းချစ်နဲ့ ဦးစိုင်းသန်းနိုင် တို့ တင်သွင်းခဲ့ရာမှာ အခြေခံဥပဒေပြဌာန်းချက်အတိုင်း ဆောင်ရွက်ဖို့ ပျက်ကွက်တာတွေရှိတယ်လို့လည်း သူက ပြောသွားပါတယ်။
ဒါအပြင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးသောင်းအေး ၊ ဒေါက်တာမောင်သင်း ၊ ဦးမောင်မြင့်တို့ လွှတ်တော်ကို တင်သွင်းတဲ့ အရေးကြီးအဆိုကို ဆွေးနွေးခွင့်မပြုတာ ဆိုတဲ့ အချက် တွေလည်း ပြောသွားပါတယ်။
အဲဒီပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေ အရေးကြီးအဆိုအဖြစ် တင်သွင်းဖို့ ကြိုးစားတာတွေကတော့ လျှပ်စစ်ဓာတ်အားခ တိုးကောက်တာကို ဆိုင်းငံထားဖို့အဆို ၊ အခြေခံပညာ ဒသမတန်း ရဲ့ ဘဝသက်တွက်တာ ကျွမ်းကျင်စရာဘာသာရပ်မှာ ပါဝင်တဲ့ လိင်ပညာပေးနဲ့ ပတ်သက်တဲ့အဆို ၊ အိုင်စီဂျေ အရေးနဲ့ပတ်သက်တဲ့အဆို ၊ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်တဲ့အဆို ၊ ကိုဗစ် - ၁၉ ရောဂါ နဲ့ပတ်သက်ပြီး ကာလုံနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့အဆိုတွေ ပါဝင်တာကို တွေ့ရပါတယ်။
ဒါအပြင် အိုင်စီဂျေ ရဲ့ ကြားဖြတ်အစီအမံ လေးချက်ဟာ နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ အချုပ်အခြာအာဏာကို ထိပါးနေလို့ အစိုးရ ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ မေးခွန်းတွေကို ပယ်ချခဲ့တာဆိုတဲ့ အချက်ကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်ကနေ ရုပ်သိမ်းပေးဖို့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် က တင်သွင်းတဲ့ဒီအဆိုကို ဝင်ရောက်ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်ရှိရင် မေလ၂၉ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး နာမည်စာရင်းပေးဖို့ လွှတ်တော်က ကြေညာထားခဲ့ပါတယ်။
ဦးတီခွန်မြတ်ဟာ၂၀၁၅ ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ အစိုးရလက်ထက်မှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဖြစ်လာကာ ပြည်ခိုင်ဖြိုးပါတီကနေ နုတ်ထွက်ပြီး တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
အဲ့ဒီနောက် ဦးဝင်းမြင့် သမ္မတ ဖြစ်သွားချိန်မှာတော့ ဦးတီခွန်မြတ်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာပါတယ်။
လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာချိန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဆောင်တင်သွင်းတဲ့ အခြေခံဥပဒေပြင်ဆင်ရေး အဆိုနဲ့ ပတ်သက်ပြီး တင်သွင်းစဉ်က လုပ်ထုံးလုပ်နည်းနဲ့မညီဘူးဆိုကာ ပြည်ခိုင်ဖြိုး နဲ့တပ်ကိုယ်စားလှယ်တွေက ပြင်းပြင်းထန်ထန်ဝေဖန်တာတွေ ရှိခဲ့ပါတယ်။
ပြည်ထောင်စု လွှတ်တော်မှာ နာယက တာဝန်ယူစဥ် အခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုတွေမှာ သူ့ကို လွှတ်တော်အတွင်းမှာ စွပ်စွဲပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
သူကိုယ်တိုင်ကလည်း အခြေခံ ဥပဒေပြင်ဆင်ရေး ဆွေးနွေးမှုတွေမှာ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီးတပ်မတော်နဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ် တချို့ကို သတိပေးပြောဆိုတာတွေ ရှိခဲ့ပါတယ်။
ဒီနေ့တင်သွင်းတဲ့ ဦးတီခွန်မြတ်ကို တာဝန်က ရုပ်သိမ်းဖို့ အရေးကြီး အဆိုနဲ့ပတ်သက်လို့ လွှတ်တော်က ဆွေးနွေးဆုံးဖြတ်ရမှာဖြစ်ပါတယ်။
လက်ရှိ ပြဌာန်းထားတဲ့ ဥပဒေ၊နည်းဥပဒေအရ လွှတ်တော်ဥက္ကဋ္ဌကို တာဝန်က ရုပ်သိမ်းတဲ့ အစီအစဉ် အောင်မြင်ဖို့အတွက်ဆိုရင် လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ရဲ့ သုံးပုံနှစ်ပုံ ထောက်ခံမဲ ရရှိဖို့လိုတယ်လို့လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
ဦးတီခွန်မြတ်ဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သလို ပြည်ထောင်စုလွှတ်တော်မှာ နာယက တာဝန်လည်း ထမ်းဆောင်နေသူဖြစ်ပါတယ်။
ပြည်သူလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သုံးပုံနှစ်ပုံကျော် ရှိတဲ့အတွက် ပြည့်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို ဖြုတ်ချဖို့အရေးဟာ အောင်မြင်မှာ မဟုတ်ဘူးလို့လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။