ပြည်ခိုင်ဖြိုး နိုင်ရင် စစ်ဖိနပ်အောက် ပြန်ရောက်သွားမယ်ဆိုတာ မဟုတ်ဘူး - USDP ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ လက်ရှိ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဟောင်း ဦးသန်းဌေးကို ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ မွေးဖွားခဲ့ပါတယ်။ မေမြို့ စစ်တက္ကသိုလ်ကနေ ဝိဇ္ဖာဘွဲ့ ဘီအေ (ဒီအက်စ်အေ) ဘွဲ့ ရခဲ့ပြီး စစ်ဦးစီး တက္ကသိုလ်၊ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွေမှာ ဘွဲ့လွန် ပညာ သင်ကြားခဲ့ပါတယ်။ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်ကနေ မဟာဘွဲ့ ရယူခဲ့ပါတယ်။ တပ်မတော်မှာ ဗိုလ်ချုပ် အဆင့် အထိ တာဝန် ထမ်းဆောင်ခဲ့ပြီး တပ်မတော် အစိုးရ လက်ထက်မှာ စွမ်းအင်ဝန်ကြီးဌာနမှာ ဒုတိယဝန်ကြီးနဲ့ ဝန်ကြီးတာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲမှာ ဇာတိ မြန်အောင် မြို့နယ်ကနေ ဝင်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန် လက်ထက် အစိုးရအဖွဲ့မှာ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ် အထိ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်ခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌ အဖြစ် ၂၀၁၆ ခုနှစ်ကနေ စတင် တာဝန်ယူခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ အနေအထား၊ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးကြားက ဆက်ဆံရေး၊ အမျိုးသားရေးနဲ့ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ မူဝါဒ၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ခိုင်ဖြိုးက ဘာတွေ ပြင်ဆင်ထားသလဲ စတာတွေကို ဦးသန်းဌေးက ဘီဘီစီနဲ့ သီးသန့်မေးမြန်းခန်းမှာ အခုလို ဖြေကြားထားပါတယ်။
ဘီဘီစီ။ ။ ပြီးခဲ့တဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲက ပြည်ခိုင်ဖြိုးပါတီ အတွက် ဆိုရင် အောင်မြင်မှုလို့ ယူဆနိုင်ပါသလား။
ဦးသန်းဌေး။ ။ ၁၃ နေရာ လစ်လပ်တယ်၊ ကျွန်တော်တို့ တိုင်းရင်းသားနယ်မြေတချို့ကို ချန်လှပ်ထားခဲ့တယ်ပေါ့၊ ဝင်မပြိုင်ဘဲနဲ့။ ၁၀ နေရာ ပြိုင်တယ်။ ဒီထဲမှာ ၃ နေရာ နိုင်တယ်။ ဆိုတော့ ပြိုင်တဲ့ နယ်မြေအပေါ်မှာ ၃၀ ရာနှုန်းလောက် ကျွန်တော်တို့ နိုင်တယ်ပေါ့၊ ဒီလို ပြောလို့ရတယ်။ အဲ့တော့ တဘက်ကကျတော့ ဒီနေ့ အာဏာရပါတီကျတော့ အားလုံးက သူ့လက်ထဲက နေရာတွေပေါ့နော်၊ သူ့လက်ထဲကနေရာတွေကို ကာကွယ်နိုင်တဲ့ အနေအထား မရှိတော့ဘူး။ ဒါတွေ ကျဆုံးသွားတယ်လို့လည်း ပြောလို့ရတယ်။ သေချာတာကတော့ ကျွန်တော်တို့ နိုင်တဲ့ ၃ နေရာစလုံးသည် ဒီနေ့ အာဏာရပါတီရဲ့ လက်ထဲက ကျွန်တော်တို့ ပြန်ပြီးတော့ ယူလိုက်နိုင်တဲ့ နေရာတွေ ဖြစ်တယ်။
၂၀၁၇ (ကြားဖြတ် ရွေးကောက်ပွဲ) တုန်းကလည်း ကျွန်တော်တို့ နိုင်တဲ့ နေရာတွေဟာ အာဏရပါတီလက်ထဲကနေပဲ ပြန်ရခဲ့တာ၊ အခုလည်းပဲ ပြန်ပြီးတော့ ရတဲ့ အရေအတွက် တိုးလာတယ်။ အဲ့တော့ ဒီမှာ ကြည့်လို့ရှိရင်လည်းပဲ ပြည်မအခြေစိုက်၊ ဗမာပါတီပဲ ပြောပြောပေါ့နော်၊ ပြည်မထဲမှာ ရှိနေတဲ့ ပါတီတွေထဲမှာ ဒီနေ့ အာဏာရပါတီကို တူတူတန်တန် ယှဉ်ပြိုင်ပြီးတော့ အနိုင်ရနိုင်တာဟာ ပြည်ခိုင်ဖြိုး ပါတီပဲ ဆိုတဲ့ သတင်းစကားကို ကျွန်တော်တို့က မိမိနိုင်ငံထဲကိုကော၊ ကမ္ဘာကိုကော ထင်ထင်ရှားရှား ပြလိုက်နိုင်တယ်။ Message ပေးလိုက်နိုင်တယ်လို့ ပြောလို့ရပါတယ်။ ဒါကြောင့်မို့ ကျွန်တော်ကတော့ အောင်မြင်တယ်လို့ပဲ သုံးသပ်ပါတယ်။
ဘီဘီစီ။ ။ နိုင်ခဲ့တဲ့ ဒေသတချို့မှာ အငြင်းပွားဖွယ် ဖြစ်ခဲ့တာလေးတွေပေါ့။ အထူးသဖြင့်တော့ တပ်နဲ့ ပတ်သက်ပြီးတော့ တပ်မဲဆန္ဒနယ်နဲ့ ပတ်သက်ပြီးတော့ အငြင်းပွားဖွယ် ရှိခဲ့တာတွေ ရှိတယ်။ အဲ့တော့ ပြည်ခိုင်ဖြိုး ပါတီရဲ့ ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ဆိုရင် ဒီလို အငြင်းပွားဖွယ် ဖြစ်ခဲ့တဲ့ အပေါ် ဘယ်လို တုံ့ပြန်ချင်လဲ။
ဦးသန်းဌေး။ ။ အငြင်းပွားမှု ကတော့ ရှိကြမှာပါ။ အဲ့တော့ ဒီဟာတွေ အပေါ်မှာ သမာသမတ်ကျကျ ရှင်းလင်းပေးဖို့ကလည်း ကော်မရှင်မှာပဲ အဓိက တာဝန်ရှိပါတယ်။ ပြောရရင်တော့ ဒီနေ့ ပြည်ခိုင်ဖြိုးက အာဏာရပါတီမှ မဟုတ်ဘဲ။ အဲဒီအတွက် ဒီရွေးကောက်ပွဲကြီးတစ်ခုလုံးကို အဓိက စီစဉ်သူကလည်း လက်ရှိ အာဏာရပါတီ၊ လက်ရှိ အစိုးရပဲ ဖြစ်တယ်။ ကော်မရှင်ကလည်း အာဏာရပါတီက ခန့်ထားတဲ့ ကော်မရှင်ပဲ ဖြစ်တယ်။ အဲ့တော့ ဒါတွေကို ဖြေရှင်းဖို့ တာဝန်ဟာ ဒီပုဂ္ဂိုလ်တွေရဲ့ တာဝန်ပဲ။ မိမိ ပါတီအနေနဲ့တော့ ရိုးသားစွာပဲ ဝင်ပြီး ယှဉ်ပြိုင်ခဲ့တယ်။ အထူးသဖြင့် မြစ်ကြီးနားဒေသမှာ ကျွန်တော်တို့ ရတဲ့ မဲတွေဟာ ဒါ တွက်ချက်မှုအရဆိုရင်တော့ အဲဒီ ကြိုတင်မဲတွေ မပါဘဲနဲ့ကိုပဲ ကျွန်တော်တို့က ပြတ်ပြတ်သားသား နိုင်ထားတဲ့ အနေအထားရှိတယ်ဆိုတော့ ဒါဟာ သိပ်ပြီးတော့… ဘယ်လိုပြောမလဲ၊ ကျွန်တော်တို့ အတွက် အနှောင့်အယှက် ဖြစ်လောက်တဲ့ ကိစ္စ မဟုတ်ဘူးလို့ ယူဆပါတယ်။
ဘီဘီစီ။ ။ ဒီနေအထားကကော ၂၀၂၀ ရွေးကောက်ပွဲ အတွက် ဆိုရင် ဒီလိုမျိုး တပ်မတော် အရာရှိ ဟောင်းတွေကိုပဲ ဦးစားပေးပြီးတော့ အားပြုပြီးတော့ ယှဉ်ပြိုင်တဲ့ မူဝါဒ အနေနဲ့ကော ၂၀၂၀ မှာ ဘယ်လောက် တွေ့ရဖို့ရှိလဲ။
ဦးသန်းဌေး။ ။ ကျွန်တော့်ကာလပဲ ကျွန်တော် တာဝန်ခံပြီး ပြောပါ့မယ်။ ကျွန်တော်တို့မှာ ကိုယ်စားလှယ်လောင်းရွေးတဲ့ မူဝါဒတွေ တိတိကျကျ ချထားတာ ရှိပါတယ်။ အဲဒီထဲမှာ ခုန တပ်မတော်က ပုဂ္ဂိုလ်တွေကို သိမ်းကျုံး ခေါ်ပြီး ဝင်အရွေးခံဖို့ ဆိုတာ ရေးထားတာလည်း မရှိဘူး။ ပြောချင်တာက အုပ်ချုပ်ရေးပိုင်းမှာပဲ ဖြစ်ဖြစ်၊ စစ်ရေးမှာပဲ ဖြစ်ဖြစ် သူ့ဟာသူ အတွေ့အကြုံရှိတဲ့၊ ကိုယ်တိုင်လည်း လုပ်ခဲ့တဲ့၊ အသက်အရွယ်အရလည်း Maturity ရင့်ကျက်မှု ရှိတဲ့၊ ဝမ်းစာလည်း ပြည့်တဲ့ လူတွေ ပါတီထဲဝင်လာတာ မကောင်းဘူးလား။ ဒါပေမယ့် ဝင်လာတာနဲ့ တန်းပြီး မောင်ဖြူ ဒီနေရာမှာ အမတ်ဖြစ်စေ ဆိုပြီးတော့ ကျွန်တော် လုပ်လို့ မရဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့မှာ တိကျတဲ့ မူဝါဒတွေ ရှိတယ်၊ ဟုတ်လား၊ Recruit (ပါတီဝင်သစ် စုဆောင်း) တဲ့နေရာမှာ ပါတီဝင် အသစ် အဖြစ်နဲ့ ရောက်လာတာမှာ ကျွန်တော်တို့က ခုနကလို Resourceful Person (စွမ်းရည်မြင့်မားတဲ့) ၊ Trained Person (လေ့ကျင့်သင်ကြားထားတဲ့) သူတွေ ဒါတွေကို ကျွန်တော်တို့ လက်ခံလိုတယ်။ ခုန ယုံကြည်လို့ ဝင်လာတဲ့ လူကိုလည်း ရင်ဘတ်စောင့်တွန်းဖို့ အကြောင်းမရှိဘူး။ ဒါလက်ခံရမှာပဲ။ ဒါပေမယ့် ခုန ဝင်လာလိုက်တာနဲ့ တန်းပြီးတော့ ဒီနေရာမှာ ကိုယ်စားလှယ် ဆိုတာကတော့ ကျွန်တော်တို့ လုပ်မယ့် လမ်းကြောင်းထဲမှာတော့ မပါဘူး။ အဓိက ကတော့ ပြည်သူတွေက မဲပေးမှာ။ အဲ့ဒေသက လက်ခံတဲ့ ပုဂ္ဂိုလ် ဖြစ်ဖို့ လိုတယ်။ သို့သော် အဲဒီ ဒေသမှာ ဘယ်သူမှ ပြိုင်မယ့် လူစွမ်းကောင်း မရှိဘူး ဆိုရင်တော့ ကျွန်တော် ရှာပေးရင် ပေးရလိမ့်မယ်။ ဒီလမ်းကြောင်းနဲ့ပဲ သွားမှာ ဖြစ်ပါတယ်။
ဘီဘီစီ။ ။ အဲ့တော့ ၂၀၂၀ ကို ပြင်ဆင်ပြီ ဆိုရင် အဲဒီ တပ်မတော် ပုံရိပ်နဲ့ သီးခြားစီ ဖြစ်အောင် ခွဲထွက်နိုင်မယ်လို့ ယုံကြည်လား။
ဦးသန်းဌေး။ ။ များသောအားဖြင့် ဒီအချိန်မှာ ကျွန်တော်တို့ တကယ်ရင်ဆိုင်နေရတာကတော့ ကိုငြိမ်းချမ်း သိတဲ့ အတိုင်းပဲ ပြည်ခိုင်ဖြိုး ဆိုရင် စစ်ဖိနပ်အောက် ပြန်ရောက်သွားလိမ့်မယ် ဆိုတဲ့ လော်ဘီအားက သိပ်ကြီးပါတယ်။ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး။ ကျွန်တော့် အသက်ပဲ ဒီကနေ့ ၆၀ ကျော်ပြီဗျာ။ ကျွန်တော် ဘယ်အချိန်ထိ လုပ်မှာတုံး။ ဒီနေ့ နောက်ထပ် ပြည်ခိုင်ဖြိုးကိုကော စစ်သားတွေ ဗိုလ်ချုပ်တွေ ဘယ်နှစ်ယောက်များ ရောက်လာလို့ တုံး။ အားလုံးက လုပ်ဖော်ကိုင်ဖက်တွေ အသက် ၆၀ ကျော်တွေ များပါတယ်။ တချိန်မှာ ဒီမှာ အခုဘေးမှာ ထိုင်နေတဲ့ ကလေးတွေပေါ့၊ အရပ်သား စစ်စစ်တွေလေ။ သူတို့ကို ကျွန်တော်တို့ ပြောရေးဆိုခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ လွှဲပေးနေပြီပဲ။ ဆိုတော့ ကိုယ်တင်လားဆိုတော့ တခြားပါတီတွေမှာလည်းပဲ တပ်မတော်မှာ အကြီး ဟုတ်လား အဆင့်အမြင့်ဆုံး တာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်တွေရှိနေတာပဲ။ ဒါပေမယ့် အဲ့ဒီမှာ အဲဒီလို ပြောသံမကြားဘဲနဲ့ ပြည်ခိုင်ဖြိုးမှာပဲ ပြောနေတာ ထူးဆန်းတယ်။ ဒါက ပုံရိပ်ကို တမင်တကာ ရည်ရွယ်ချက် ရှိရှိ ဒီလို လုပ်တယ်လို့ လုပ်တယ်လို့ ကျွန်တော်က ယူဆတယ်။
ဘီဘီစီ။ ။ မဲဆွယ်တဲ့ အချိန်မှာ ဘာသာရေး၊ လူမျိုးရေးကို ဇောင်းပေးပြီးတော့ ဥပမာ ဒီမိုကရေစီနိုင်ငံ ကျင့်သုံးတယ်ဆိုရင် ကိုယ့်ရဲ့ အမျိုး၊ ဘာသာ၊ သာသနာ အတွက် ထိခိုက်စေတဲ့ ဆိုတဲ့ အဲ့ဒီလိုမျိုး သွားနေတဲ့ လမ်းကြောင်းရှိတဲ့ လူတွေနဲ့ ပြည်ခိုင်ဖြိုး ပါတီနဲ့က ဘယ်လောက် အထိ ကွဲပြားမှု ရှိလဲ ဒါမှမဟုတ်ရင် ဆက်စပ်မှု ရှိလဲ။ ဒါကို ပါတီခေါင်းဆောင် တစ်ယောက်အနေနဲ့ ဆိုရင် ရှင်းရှင်းလင်းလင်း ဘယ်လို ဖြေနိုင်မလဲ။
ဦးသန်းဌေး။ ။ မြန်မာနိုင်ငံမှာ ပါတီ နိုင်ငံရေး အလုပ်၊ ပြောရလို့ရှိရင် နိုင်ငံရေး စိတ်ဓာတ်တွေ စပြီး နိုးကြားလာတာ ဟိုး လွတ်လပ်ရေး မရခင်၊ စပြီး ကြိုးပမ်းတဲ့ အချိန်ကတည်းကပါ။ အဲဒီ အချိန်မှာ ဒို့ဗမာအစည်းအရုံးတို့၊ နောက် ဂျီစီဘီအေတို့.. အဲဒီလူတွေ ဘာနဲ့ စပြီးတော့ တိုင်းပြည်ရဲ့ ဟုတ်လား၊ တိုင်းပြည် ချစ်စိတ်၊ အမျိုးချစ်စိတ်ကို ဘာနဲ့ ပြန်ပြီးမွေးရတုံး။ အမျိုး၊ ဘာသာ၊ သာသနာနဲ့ပဲ မွေးရတာပဲ။ အဲဒါကြောင့် အဲဒီစိတ်ဓာတ်တွေနဲ့ ကျွန်အဖြစ်ကနေ ပြန်လွတ်လာတာ၊ ဒါဟာ ဘယ်သူမှ နိုင်ငံသားမှန်ရင် မေ့လို့မရတဲ့ သမိုင်းဖြစ်တယ်။ မြန်မာ့သမိုင်းမှာ ခုန တိုင်းပြည်လွတ်လပ်ရေးရအောင် ဒီအမျိုးသားတွေကို ကျွန်တွင်းက ကယ်တင်တဲ့ အထဲမှာ ဆရာတော် ဦးဥတ္တမတို့လို၊ ဦးဝိစာရ တို့လို၊ ဒီမှာ ကျောက်တိုင်နဲ့တောင် ဂုဏ်ပြုထားသေးတယ်။ အဲဒီ ပုဂ္ဂိုလ်တွေကျတော့ ခုနလို မစွပ်စွဲကြဘူး။ ဒီခေတ် ဒီအချိန်ကျမှ စွပ်စွဲတယ်ဆိုတာ ခုန စွပ်စွဲတဲ့ဘက်က မှားနေပြီလို့ ကျွန်တော် ထင်တယ်။
ဘီဘီစီ။ ။ အခု အခြေခံဥပဒေအရပဲ ဖြစ်ဖြစ်ပေါ့နော်၊ ရွေးကောက်ပွဲ ဥပဒေအရတွေပဲ ဖြစ်ဖြစ် ဆိုရင် ဘာသာရေး၊ လူမျိုးအပေါ် အခြေခံတဲ့ မဲဆွယ်မှုမျိုးတော့ မရှိပါဘူးပေါ့နော်။
ဦးသန်းဌေး။ ။ မရှိရပါဘူး။
ဘီဘီစီ။ ။ အဲဒီ မရှိရဘူးဆိုတဲ့ ခိုင်ခိုင်မာမာ မူဝါဒနဲ့ 'ငါတို့ကတော့ ဘာသာရေး၊ လူမျိုးရေးကို အသုံးချပြီးတော့ ဘယ်တော့မှ မဲဆွယ်မှာ မဟုတ်ဘူး' ဆိုတဲ့ ဟာမျိုး ဘယ်လောက်အထိ တိတိလင်းလင်း ပြောနိုင်မလဲ။
ဦးသန်းဌေး။ ။ ဒိုင်လူကြီး ရှိတယ်ဗျ၊ (ရွေးကောက်ပွဲ) ကော်မရှင်ရှိတယ်လေ၊ ကျွန်တော်တို့ ဒီအချိန်မှာ ပါးစပ်က လွတ်ကင်းပါတယ်လို့ ပြောနေလို့လည်းပဲ ဟိုဒင်း မဖြစ်ပါဘူး။ ကျွန်တော်တို့ လှုပ်ရှားမှုတွေကို ကြည့်ပြီးတော့ မင်းတို့ ဒါနဲ့ ငြိတယ်ဆိုပြီးတော့ ကျွန်တော်တို့ကို အနီကတ် ပြနိုင်တဲ့ အဖွဲ့အစည်းရှိနေပြီပဲ။ ဒါဆိုရင် ဒီအချိန်မှာ ဒီဟာကို ဟို.. အသေးစိတ် ပြောဖို့ လိုမယ် မထင်ဘူး ခင်ဗျာ။ ကိုယ့်ရဲ့ Survival (ရပ်တည်နိုင်ဖို့) အတွက် ကျွန်တော်တို့ လွတ်လွတ်ကင်းကင်းတော့ လုပ်ရမှာပဲလေ။ ရင်ထဲမှာတော့ ရှိကောင်း ရှိနေမှာပေါ့၊ နိုင်ငံသား တစ်ယောက် အနေနဲ့။ သို့သော်လည်းပဲ၊ ကန့်သတ်ထားတဲ့ ဥပဒေနဲ့ အညီတော့ ကျွန်တော်တို့ ကျင့်ကြံ ပြောဆိုနေထိုင်ရမှာပါပဲ။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဘီဘီစီ။ ။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ရှေ့အနာဂတ် ရပ်တည်ရေးပဲ ဖြစ်ဖြစ်၊ ပြန်ပြီး အစိုးရဖွဲ့နိုင်ရေးပဲ ဖြစ်ဖြစ်မှာ ဆိုရင် ဒီ တပ်မတော်အပေါ် မှီခိုမှု၊ တပ်မတော် အပေါ် အားထားမှု ပြီးတော့ ဒီ အမျိုးသားရေး အင်အားစုတွေ အပေါ် မှီခိုမှု၊ အားထားမှု ဒီနှစ်ခုလုံးကနေ ကင်းလွတ်နေတယ်လို့ ပြောလို့ရလား၊ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း ပါဝင် ပတ်သက်နေတယ်လို့ ပြောလို့ရလား။
ဦးသန်းဌေး။ ။ ကျွန်တော် ရှင်းရှင်းပဲ ပြောမယ်လေ။ တော်တော်များများ ဒီနေ့ ပြည်ခိုင်ဖြိုးကို အခု ဒီမှာ ၃၀ ရာခိုင်နှုန်း ပြန်အနိုင်ရတဲ့ အခါမှာတောင်မှပဲ တချို့ ဆိုရှယ်မီဒီယာတွေပေါ်မှာ Comment (မှတ်ချက်) ရေးတဲ့ သူတွေက ဟုတ်လား၊ 'ခင်ဗျားတို့က ဟိုဘက်က ၂၅ % နဲ့ ပေါင်းရင် ဘာဖြစ်ပြီပဲ၊ ညာဖြစ်ပြီပဲ' ဒါမျိုး ရေးတာတွေ ရှိပါတယ်။ ကျွန်တော် ကျွန်တော့် ပါတီဝင်တွေကို ရှင်းရှင်းလင်းလင်းပဲ ပြောထားပါတယ်။ ဘယ်သူနဲ့ ပေါင်းမှ အစိုးရဖွဲ့နိုင်မယ် ဆိုတဲ့ဟာ ခေါင်းထဲမှာလည်း မထည့်ထားပါနဲ့။ ပါးစပ်ကလည်း ပြောရန် မလိုပါ။ ကိုယ့်ဟာကိုယ် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီးတော့ ဟုတ်လား၊ နောက်ဆုံး စုပေါင်း ပြီးတော့ ညွန့်ပေါင်း အစိုးရလို ဖြစ်တယ် ဆိုရင်တောင် ကိုယ်ဟာ အင်အားကြီး၊ ကိုယ့်ကို မဏ္ဍိုင်ပြုတဲ့ ဟာမျိုးပဲ ဖြစ်ရမယ်။ ဒီစိတ်ဓာတ်သွင်းထားတယ်။ ဒါပါပဲ။
ဘီဘီစီ။ ။ အစိုးရဖွဲ့ရေးမှာဆိုရင် တပ်မတော်က ကိုယ်စားလှယ်လောင်းတွေရှိနေသလို၊ သူတို့ကလည်း ရွေးကောက်ခံစရာမလိုဘဲ ၂၅ ရာခိုင်နှုန်းရနေတယ်၊ အဲဒီလိုမျိုး ထောက်ပြစရာ ရှိတယ်။ အဲဒီအတွက် သူတို့နဲ့ မဟာမိတ်ဖွဲ့နိုင်တဲ့ သူက ပိုပြီး အစိုးရဖွဲ့ဖို့ အတွက်၊ သမ္မတ ရွေးဖို့ အတွက်၊ ဒု-သမ္မတတွေရွေးဖို့ ပိုပြီး အခွင့်အရေးကောင်းတယ် ဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံအရ လက်ရှိ ပကတိအခြေအနေပဲ ဖြစ်ပါတယ်။
ဦးသန်းဌေး။ ။ ဟုတ်တယ်၊ အဲ့ဒါ အမှန်ပဲ။
ဘီဘီစီ။ ။ အဲဒီလိုအနေအထားမှာ ဆိုရင် တချို့လူတွေ ပြန်သုံးသပ်ကြတာက တပ်မတော်သားတွေရဲ့ မဲပေးခွင့်က သူတို့က နှစ်ခါရနေတယ်လို့ ပြောလို မရဘူးလား။
ဦးသန်းဌေး။ ။ ဒါကတော့ သူတို့ရဲ့ နိုင်ငံသားအခွင့်အရေးပဲလေ။ ဟိုဟာက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပေးထားတဲ့ အခွင့်အရေး။ လိုအပ်ချက်အရ အချိန်အခါတစ်ခုမှာ ဒီမိုကရေစီကို လမ်းကြောင်းမှန်အောင် စောင့်ကြည့်ဖို့ ပေးထားတာပဲ ဖြစ်တယ်လို့ ဒီလိုပဲ မြင်တယ်။ နောက်တခုက သူ့မှာ အဲဒီအခွင့်အရေး ရှိတဲ့ အတွက် သူက ပြည်ခိုင်ဖြိုးကိုပဲ ပေးမယ်လို့ ဘယ်သူက စာချုပ် ချုပ်ထားလို့တုံး။ သူနဲ့ အဆင်ပြေအောင်နေရင်၊ သူနဲ့ တကယ့်ကို ရင်ထဲက ဟုတ်လား၊ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင် စည်းလုံးမှု နှလုံးသားချင်း ရင်းနှီးရင် သူ့လည်း ပေးမှာပဲ။ မြန်မာပြည်မှာ နိုင်ငံရေးပါတီပေါင်း တစ်ရာနီးပါးရှိနေတယ်။ သူ့မဲကို ကျွန်တော်တို့ ချည်းပဲ ယူမယ်လို့ စာချုပ် ချုပ်မထားဘူး။ ကျွန်တော် သူနဲ့ ဒီနေ့ ဆက်ဆံရေး ပျက်အောင်လုပ်ရင် သူ ကျွန်တော့် ကို လှည့်ကြည့်မှာမှ မဟုတ်ဘဲ။ ကျွန်တော့်ထက် ပိုပြီးတော့ ဆက်ဆံရေးကောင်းတဲ့၊ သို့မဟုတ် သူ့အပေါ်မှာ စေတနာထားတဲ့၊ သူ့ကို Level (အဆင့်) တူ တန်ဖိုးထားတဲ့ အဖွဲ့အစည်းနောက်ကို သူ ပါမှာပေါ့။ ကျွန်တော့်တို့မှာ ဘာ ကတိကဝတ်မှ မရှိဘူးခင်ဗျ။ ဒီမခွင့်အရေးဟာ နိုင်ငံရေးပါတီ အားလုံးရနိုင်တဲ့ အခွင့်အရေးပါ။ ကျွန်တော်တို့ချည်းပဲ ဟုတ်လား၊ ကန်ထရိုက် စာချုပ် ချုပ်ထားတဲ့ အခွင့်အရေး မဟုတ်ဘူးလို့ ပြောချင်ပါတယ်။
ဘီဘီစီ။ ။ တပ်မတော်သား ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်မှာ ဒီလိုမျိုး ၂၅ ရာခိုင်နှုန်းပါနေတာ အပေါ်မှာရော ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ဘယ်လိုမျိုး ယူဆသလဲဗျ။
ဦးသန်းဌေး။ ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး သမိုင်းကြောင်းပြန်ကြည့်ရင် လူတိုင်း နားလည်နိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ နောက်တစ်ခုကလည်း ဒီနေ့ တပ်မတော်မှာ တာဝန်အရှိဆုံး ပုဂ္ဂိုလ် ကိုယ်တိုင်ကိုက တစ်သက်လုံး နေမှာ မဟုတ်ဘူး။ ဒီလို ဟုတ်လား၊ ဒီမိုကရေစီ ရင့်ကျက်မှုတွေ ပြည့်လာတာနဲ့အမျှ၊ ကဲ ဒီကနေ့ပဲ ခုန တိုင်ရင်သား လက်နှက်ကိုင် အဖွဲ့တွေ တစ်ဖွဲ့မှ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းမှုတွေ မလုပ်ကြရသေးဘူး။ အားလုံး လက်ထဲမှာ လက်နှက်တွေရှိနေတယ်။ တချို့လည်း တိုက်တဲ့ ခိုက်တဲ့ နေရာတွေမှာ တိုက်ကြခိုက်ကြတုန်းပဲ။ ဒီအချိန်မှာ အကုန်လုံးဟာ ခုန အရပ်သားတွေ၊ အရပ်သားတွေကို နားမလည်ဘူးလို့တော့ ပြောတာတော့ မဟုတ်ဘူး။ ဒီအတွေ့အကြုံနည်းတဲ့ ပုဂ္ဂိုလ်တွေ၊ ဒီအကွက်တွေကို မမြင်တဲ့ ပုဂ္ဂိုလ်တွေ လက်ထဲကို တိုင်းပြည်ကို ဒီအခိုက်အတန့်မှာ အကုန်လုံး ပေးလိုက်မယ်ဆိုရင်တော့ ကျွန်တော် ထင်တယ်လေ ကောင်းကျိုးထက် ဆိုးကျိုးက များနိုင်တယ်။ အဲဒါကြောင့်မလို့ ဒီအခြေခံတွေ ပြည့်စုံလာတာနဲ့အမျှ သူတို့ ဒီကနေ ထွက်ခွာသွားမယ် ဆိုတာ ဒါကြီးက ပွင့်ပွင့်လင်းလင်း ပြောထားပြီးသားပဲလေ၊ ကတိပေးထားပြီးသားပဲ။ ဆိုတော့ အချိန်တန်ရင်တော့ ထွက်သွားကြလိမ့်မယ်။ ခုန တစ်ဆင့်ပြီး တစ်ဆင့် ရင့်ကျက်လာတာနဲ့အမျှ အချိုးလေးတွေ လျော့သွားလိမ့်မယ်လို့ ကျွန်တော်တော့ ရိုးရိုးသားသား ဒီလိုပဲ ထင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ဘီဘီစီ။ ။ သမ္မတအတွက် ပြင်ဆင်တော့မယ်ဆိုရင် ဥပမာ မူဝါဒပိုင်းဆိုင်ရာပဲဖြစ်ဖြစ်၊ စည်းရုံးမှု ဆိုင်ရာပဲဖြစ်ဖြစ် ဘာတွေ ပြင်ဆင်ထားလဲဆိုတာကို အကြမ်းဖျင်း သိရမလား။
ဦးသန်းဌေး။ ။ ကျွန်တော် ဒီနေ့ ပါတီဥက္ကဋ္ဌပါ။ ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းအရ ဗဟို အလုပ်မှုဆောင်အဖွဲ့မှာ ရွေးကောက်ပွဲအတွက် အမတ်နေရာရွေးချယ်တာပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့တော့မယ့် အခါမှာပဲ ဖြစ်ဖြစ်၊ အမတ်နေရာ ရွေးချယ်ခြင်းကိုလည်း ဗဟိုအလုပ်မှုဆောင်အဖွဲ့ကနေ စီမံပါတယ်။ နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များအတွက် အမည်စာရင်း တင်သွင်းခြင်းကိုလည်းပဲ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကပဲ လုပ်ပါတယ်။ ကျွန်တော်က ဒီကနေ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌလေ။ အဲ့တော့ ဒီကိစ္စတွေကို ကိုယ်ကတာဝန်ယူပြီး လုပ်ရမှာ ဖြစ်တဲ့အတွက် ပြောရလို့ရှိရင် ဒီလုပ်ပိုင်ခွင့်အရ ဆိုရင် သမ္မတလောင်းအဖြစ် ကိုယ့်ကိုယ်ကို အဆိုပြုလို့လဲ ရတာပဲ။ ... ကျွန်တော် တာဝန်ယူခဲ့တဲ့ လုပ်ငန်းခွင် အတွေ့အကြုံ၊ စစ်ဖက်ခေါင်းဆောင် အတွေ့အကြုံ၊ အစိုးရအဖွဲ့ဝင် Cabinet Minister လုပ်ခဲ့တယ်။ ပြည်သု့ကိုယ်စားလှယ် လုပ်ခဲ့တယ်၊ ဒီအတွေ့အကြုံတွေ ရှိထားပါတယ်။
ကျွန်တော်က ဒီအချိန်မှာ သမ္မတဖြစ်ချင်ပါတယ်လို့လည်း မပြောချင်ဘူး။ ဖြစ်ဖို့အကြောင်းတွေ အများကြီးလိုတယ်။ အဲ့တော့ ဒီဟာကို စကားအဖတ်တင်ပြီးတော့လည်း မပြောချင်ဘူး။ ဒီနေ့ ပါတီဥက္ကဋ္ဌ ဖြစ်ခြင်းကိုယ်တိုင်ကပင်လျှင် ကျွန်တော် ဥက္ကဋ္ဌ ဖြစ်ရစေတော့လို့ ကြိုးစားပြီး လုပ်လာတာ မဟုတ်ဘူး။ ပါတီညီလာခံက "ဦးသန်းဌေးအား ရွေးချယ်လိုက်သည်" ဆိုလို့ ဥက္ကဋ္ဌ တက်လုပ်ရတာ။ ငယ်ငယ်တုန်းက နောက်လိုက်ဘဝမှာ "ဟုတ်ကဲ့" တစ်လုံးနဲ့ အလုပ် လုပ်ခဲ့တယ်။ Commander ဖြစ်တဲ့အချိန်မှာ နောက်လိုက်တွေ စိတ်ချမ်းသာအောင် အလုပ်လုပ်ခဲ့တယ်။ အဲ့ဒီစရိုက်နဲ့ ဝသီနဲ့ အလုပ်လုပ်ခဲ့တယ်။ ပြောရမယ်ဆိုရင် ၂၀၁၅ မှာ အရှုံးကြီးကြီးမားမား တွေ့ရတဲ့အချိန်မှာ တွေဝေ သွားတဲ့ ပါတီကို ကျွန်တော်က ပြန်ထူထောင်ရတဲ့လူ။ ဒီကနေ့ ကျွန်တော် အခု အဆင့်တစ်ခုရောက်အောင် လုပ်နိုင်ပါတယ်။ ဒီအောင်မြင်မှုကို ၂၀၂၀ ထိအောင် ကျွန်တော် ဆက်ပြီး ဆွဲသွားနိုင်ရင် စောစောကပြောတဲ့ သမ္မတ အမည်စာရင်း တင်တဲ့ လုပ်ပိုင်ခွင့်ဟာ ကျွန်တော့်ဆီမှာ ရှိတာပေါ့။ သို့သော် ဒါလုပ်ဖို့အတွက်ကို ငါမှ ငါ ဖြစ်ရမယ်လို့ အခုအချိန်ထိ ရည်မှန်းထားခြင်း မရှိဘူး။ ဒါပေမဲ့ အခြေအနေပေးလာလို့ လုပ်ဖို့ ကြုံလာလို့ရှိရင်လည်း ကျွန်တော် အောင်မြင်အောင် လုပ်နိုင်ဖို့ ဆည်းပူးထားတယ်လို့ ကိုယ့်ကိုယ်ကို ကျွန်တော် ဒီလို ထင်ပါတယ်။ အဲ့ဒီတော့ ပြောရလို့ရှိရင် အဲ့ဒီအချိန်ရောက်လာလို့ ရှိရင်လည်းပဲ ကျွန်တော့် ဗီဇအတိုင်းပဲ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်အောင် စဉ်းစားဆုံးဖြတ်သွားမယ်လို့ ဒီလိုပဲ တင်ပြပါတယ်။











