မြန်မာနိုင်ငံ အနာဂတ်၊ ကြားဖြတ်မှ ၂၀၂၀ သို့

ကြားဖြတ်ရွေးကောက်ပွဲမှာ သမ္မတ ဦးဝင်းမြင့်မဲလာပေးစဉ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ကြားဖြတ်ရွေးကောက်ပွဲမှာ သမ္မတ ဦးဝင်းမြင့်မဲလာပေးစဉ်

နိုဝင်ဘာလ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လက်ရှိအနိုင်ရထားတဲ့ မဲဆန္ဒနယ်မြေ ၄ နေရာကို လက်လွှတ်ခဲ့ရပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာက ၁၃ နေရာပါ။ အဲဒီ ၁၃ နေရာမှာ ၁၁ နေရာဟာ NLD အရင်က အနိုင်ရထားတဲ့နေရာတွေဖြစ်ပါတယ်။ ၂ နေရာကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာကတည်းက ရှုံးနိမ့်ခဲ့တဲ့ ရှမ်းပြည်နယ် လဲချားမြို့နယ်၊ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တို့ဖြစ်ပါတယ်။ အဲဒီ ၂ နေရာစလုံးမှာရှုံးမြဲအတိုင်း ရှုံးပါတယ်။ မထူးခြားပါဘူး။ ထူးခြားတာက အရင် နိုင်ထားတဲ့ ၁၁ နေရာထဲက ၄ နေရာမှ NLD ရှုံးသွားတာပါပဲ။

ရှုံးသွားတဲ့ ၄ နေရာက ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့နယ်၊ စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ ကချင်အမှတ် ၂ မြစ်ကြီးနားမြို့နယ်၊ ချင်းပြည်နယ် မတူပီမြို့နယ်တို့ဖြစ်ပါတယ်။ အဲဒီရှုံးတဲ့ ၄ နေရာအနက်မှာ ၃ နေရာကို ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရသွားပြီး ချင်းပြည်နယ် မတူပီနေရာကိုတော့ ချင်းပါတီတခုဖြစ်တဲ့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရသွားတာဖြစ်ပါတယ်။ ကြံ့ခိုင်ရေးဟာ NLD ပိုင် ၃ နေရာကို လုယူလိုက်နိုင်တယ်။ ဘာ့ကြောင့် ဒီလိုရလဒ် ထွက်ပေါ်လာတာပါလဲ။

ကြားဖြတ်ရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters

၄ နေရာဘာ့ကြောင့်ရှုံး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်များဖြစ်ကြတဲ့ ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာမျိုးညွန့်တို့ကတော့ ရွေးကောက်ပွဲမှာ မဲပေးမယ့်သူနည်းလို့ရှုံးတာလို့ ကောက်ချက်ချကြပါတယ်။ NLD ကို ထောက်ခံတဲ့သူတွေ မဲလာမပေးလို့ သူတို့ရှုံးရတာလို့ ကောက်ချက်ဆွဲပါတယ်။

မဲလာမပေးကြတဲ့သူတွေဟာ သူတို့ကို ထောက်ခံသူတွေလို့ ဘာ့ကြောင့် ပြောနိုင်တာပါလဲ။

ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ၂၀၁၅ ခုနှစ်တုန်းက မဲလာပေးသူ အရေအတွက် ၁၂၀၀ ရှိပါတယ်။ အဲဒီတုန်းက NLD က မဲ ၆၇၀ ကျော်ရပြီး ကြံ့ခိုင်ရေးက မဲ ၄၇၀ ကျော်ရပါတယ်။ အခုကြားဖြတ်မှာတော့ မဲလာပေးသူ အရေအတွက်ဟာ ၉၀၀ ကျော်ပဲရှိပါတယ်။ မဲပေးသူ ၃၀၀ လောက်လျော့သွားပါတယ်။ NLD ရတဲ့မဲကလည်း ၃၀၀ ကျော်လျော့သွားပါတယ်။ ကြံ့ခိုင်ရေးရတဲ့မဲကတော့ အရင်ကလောက်ပဲ ရပါတယ်။ ဒါမျိုးတွေကိုကြည့်ပြီး NLD ကိုထောက်ခံသူတွေ မဲလာမပေးလို့ ရှုံးရတာလို့ ကောက်ချက်ဆွဲဟန်တူပါတယ်။

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကတော့

"အဲဒါကမှန်မယ်မမှန်ဘူးကျွန်တော်ကတော့ မပြောနိုင်ဘူး။ သူတို့မှန်းဆသလို NLD ကိုထောက်ခံသူတွေ မဲလာမပေးဘူးဆိုတာလည်း ဖြစ်နိုင်တယ်။ သို့မဟုတ် NLD ကိုထောက်ခံတဲ့သူတချို့လည်း မဲလာမပေးဘူး၊ ကြံ့ခိုင်ရေးကို ထောက်ခံတဲ့သူတချို့လည်း မဲလာမပေးဘူး၊ ဒါပေမယ့် မဲလာပေးတဲ့အထဲမှာမှ အရင်တုန်းက NLD ထောက်ခံတဲ့သူတွေဟာ ကြံ့ခိုင်ရေးကို ထောက်ခံသွားတာလည်း ဖြစ်နိုင်တာပဲ။ အဲဒါ မသိနိုင်ဘူး"

လို့ဆိုပါတယ်။

ဆိပ်ကမ်းမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်သူ NLD အမတ်လောင်းဟာ ၈၈ အရေးတော်ပုံကာလတုန်းက ကလေးများသမဂ္ဂ ဥက္ကဋ္ဌ တာဝန်ယူခဲ့ဖူးတယ်ဆိုတဲ့ ကိုယ်ရေးရာဇဝင်ကြောင့် ကျယ်ကျယ်လောင်လောင် ဝေဖန်ကြတာကိုခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ချင်းပြည်နယ် မတူပီမြို့နယ်မှာတော့ ချင်းဒီမိုကရေစီအဖွဲ့ချုပ်နဲ့ NLD တို့တပါတီချင်း စီးချင်းထိုးရာမှာ ချင်းဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရသွားခဲ့ပါတယ်။

အမျိုးသားလွှတ်တော် ကချင် ၂ မဲဆန္ဒနယ်မြေဖြစ်တဲ့ မြစ်ကြီးနားမှာတော့ ကချင်ဒီမိုကရက်တစ်ပါတီ၊ NLD၊ ကြံ့ခိုင်ရေးပါတီတို့ဟာ အကြိတ်အနယ်ဖြစ်ခဲ့ပါတယ်။ မဲညီမျှနေခဲ့ပြီး ကြံ့ခိုင်ရေးက မဲအနည်းငယ် အသာနဲ့ အနိုင်ရသွားပါတယ်။

စစ်ကိုင်းတိုင်း တမူးမြို့မှာလည်း ကြံ့ခိုင်ရေးကပဲ နိုင်သွားပါတယ်။

ဗီဒီယို ပုံစာ, ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ နဲ့ ဘီဘီစီ သီးသန့်မေးမြန်းခန်း
ကြားဖြတ်ရွေးကောက်ပွဲမဲပေးစဉ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ကြံ့ခိုင်ရေးပါတီကိုထောက်ခံသူပိုများလာသလား

မဲအရေအတွက်တွေကိုကြည့်ရင် ကြံ့ခိုင်ရေးပါတီက အရင် ၂၀၁၅ ခုနှစ်ထက် မဲပိုရလာတာမျိုးသိပ်မတွေ့ရဘဲ NLD ရတဲ့မဲတွေက အရင်ထက်နည်းသွားတာကို တွေ့ရပါတယ်။

"သေသေချာချာတွေ့ရတဲ့အချက်ကတော့ NLD ကိုမဲပေးတဲ့အရေအတွက်က လျော့ဆင်းသွားတယ်။ ပြည်ခိုင်ဖြိုးကိုမဲပေးတဲ့အရေအတွက်က ပုံမှန်ပဲပေးကြတယ်။ ပြောမယ်ဆိုရင် ပြင်ပမှာဖြစ်ပျက်နေတာတွေရဲ့ ဂယက်ရိုက်ခတ်မှုက မဲပေးတဲ့ဆီကို ရောက်တယ်လို့ ကျွန်တော်ယုံကြည်တယ်။ ပြင်ပမှာဘာတွေဖြစ်နေသလဲဆိုတော့ NLD အစိုးရ လက်ရှိအကောင်အထည်ဖော်နေတဲ့ဆီမှာ အားမလိုအားမရဖြစ်တာတွေ၊ စိတ်အလိုဆန္ဒမပြည့်ဝတာတွေအောက်မှာ တဖက်ကို မဲပေးလိုက်တယ်လို့ ထင်ပါတယ်"

လို့ ဦးစည်သူအောင်မြင့်က ဆိုပါတယ်။

"၂၀၁၅ ရွေးကောက်ပွဲမှာတုန်းကဆိုရင် NLD ဟာမဲတွေရတယ်။ အဲဒီမှာမဲ ၂ မျိုးရတယ်ဗျ။ တမျိုးကတော့ သူ့ကိုထောက်ခံတဲ့မဲတွေလည်း သူရတယ်။ ပြီးတော့မှ ခေတ်အဆက်ဆက် စစ်ဗိုလ်ချုပ်တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေက အုပ်ချုပ်လာတဲ့ ပါတီ ပြည်ခိုင်ဖြိုးကို မဲမပေးချင်ဘူး၊ မုန်းတီးတဲ့ဥစ္စာ အဲဒီကနေ ရတဲ့မဲတွေလည်း ရှိတယ်။ အဲဒီတော့ မဲတွေရဲ့သဘာဝက ဒီအတိုင်းပါပဲ။ ခုလည်း ဒီအတိုင်းပါပဲ။ ပြည်ခိုင်ဖြိုးက ရသွားတဲ့မဲတွေမှာ သူ့ကိုထောက်ခံလို့ ရသွားတာလည်း ရှိနိုင်တယ်။ နောက် NLD ကိုမကြိုက်တော့လို့ ဘာပဲဖြစ်ဖြစ်နောက်ပါတီကြီးတခုခုကို ပေးမယ်ဆိုပြီးပေးလိုက်တဲ့မဲတွေလည်း ရှိနိုင်ပါတယ်။ အဲဒီလိုပဲ နားလည်ပါတယ်"

လို့လည်း ဦးစည်သူအောင်မြင့်ကဆိုပါတယ်။

မဲစာရင်းစစ်ဆေးစဥ်

ဓာတ်ပုံ ရင်းမြစ်, Reuters

NLD ကိုပြည်သူအားမရတာဘာတွေဖြစ်နိုင်သလဲ

NLD ပါတီပြောခွင့်ရပုဂ္ဂိုလ်တွေက သူတို့ပါတီကို ထောက်ခံသူတွေ မဲလာမပေးကြလို့ မရှုံးသင့်ဘဲ ရှုံးရတယ်လို့ သုံးသပ်ပါတယ်။ မဲလာမပေးကြသူတွေဟာ NLD ကိုထောက်ခံသူတွေဖြစ်ကြကြောင်း ခိုင်မာတဲ့ သက်သေအထောက်အထားတော့မရှိပါဘူး။

ဒါပေမယ့် NLD ပါတီကတော့ အဲဒီယူဆချက်ကို ခိုင်ခိုင်မာမာ ဆုပ်ကိုင် ထားပုံရပါတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့တုန်းက ပြုလုပ်ခဲ့တဲ့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အစည်းအဝေးကလည်း လူငယ်၊ အမျိုးသမီးနဲ့ ရပ်ကျေးအဖွဲ့တွေကို ပြင်ဆင်ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ NLD ပါတီရဲ့ ဒုဥက္ကဋ္ဌ ၂ လည်းဖြစ်သလို မန္တလေးတိုင်း ဝန်ကြီးချုပ်လည်း ဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က ဘီဘီစီကိုပြောပါတယ်။

ဒါကိုကြည့်ရင် NLD ပါတီဟာ အခုလို မဲဆန္ဒနယ်တချို့ ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်ရတာကို စည်းရုံးပြဿနာလို့ ရှုမြင်ပုံရပါတယ်။ နိုင်ငံရေးပြဿနာ၊ မူဝါဒဆိုင်ရာ ပြဿနာလို့ ရှုမြင်ပုံမရပါဘူး။ ဒါပေမယ့် နိုင်ငံရေးကိစ္စ၊ မူဝါဒဆိုင်ရာ ကိစ္စတွေမှာလည်း NLD အပေါ်အဝေဖန်ခံရတဲ့ အကြောင်းအရာတွေရှိပါတယ်။ အဲဒါတွေကတော့ ရခိုင်အရေး၊ ငြိမ်းချမ်းရေးကိစ္စ၊ အခြေခံဥပဒေပြင်ဆင်ရေး မဆောင်ရွက်နိုင်တဲ့ကိစ္စနဲ့ အမျိုးသားရင်ကြားစေ့ရေး လမ်းစဉ်တို့ပါဝင်ပါတယ်။

ရခိုင်အရေးကြောင့် မဲအရနည်းတာမျိုးတော့ မဟုတ်လောက်ဘူးလို့ ဦးစည်သူအောင်မြင့်က ဆိုပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးပြဿနာနဲ့ ပြည်တွင်းစစ်ပြဿနာတွေကတော့

"တိုင်းရင်းသားဆိုင်ရာကိစ္စ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စကတော့ သက်ရောက်မှုရှိကောင်းရှိနိုင်တယ်။ အဲဒါကို ပြောရေးဆိုခွင့်ရှိ ဦးမျိုးညွန့်ကိုယ်တိုင် ပြောထားတာလည်းရှိတယ်။ ဒါပေမယ့် ကျွန်တော်ထင်တယ်၊ အဓိကကတော့ မဲရွေးတယ်ဆိုတာ လူတဦးချင်းစီရဲ့ ဘဝနဲ့ အကုန်လုံးဆိုင်တယ်။ လက်ရှိကြုံနေရတဲ့ လူမှုဘဝနဲ့ အဓိက သက်ဆိုင်မယ်လို့ ထင်တယ်။ တိုင်းရင်းသားကိစ္စက ကျွန်တော်ထင်တယ်။ ဒုတိယလောက်ဖြစ်နိုင်မယ်"

"ဖွဲ့စည်းပုံပြင်ဆင်ရေးကြောင့်လည်း ထိခိုက်မှုကတော့ ရှိနိုင်တယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာက ပြည်သူလူထုက ကြိုက်နှစ်သက်တဲ့အရာပဲ။ အောင်မြင်သည်မအောင်မြင်သည် အပထား။ ကြိုးစားဆောင်ရွက်နေတယ်ဆိုရင် ပြည်သူလူထုကကြိုက်နှစ်သက်မှာပဲ။ အဲဒီတော့မဲပေးတာနဲ့ ဆိုင်တဲ့ကိစ္စတခုလို့ ကျွန်တော်ကတော့မြင်ပါတယ်"

လို့ ဦးစည်သူအောင်မြင့်ကဆိုပါတယ်။

အသံဖိုင် ပုံစာ, ၂၀၀၈ ဖွဲ့စည်းပုံအခက်အခဲကို ဘယ်လို ကျော်လွှားနိုင်မလဲ
ကြားဖြတ်ရွေးကောက်ပွဲမဲပေးစဉ်

ဓာတ်ပုံ ရင်းမြစ်, Reuters

၂၀၂၀ အလားအလာ

ကြားဖြတ်ရွေးကောက်ပွဲဟာ ၂၀၂၀ ရွေးကောက်ပွဲ အတွက် ညွှန်းကိန်းတခုလို့ နိုင်ငံရေးသုံးသပ်သူအများက ရှုမြင်ကြပါတယ်။ အခုကြားဖြတ်ရလဒ်ဟာ NLD အတွက် ကျေနပ်စရာမဖြစ်ခဲ့ပါဘူး။ ဒီရလဒ်မျိုး ၂၀၂၀ မှာထပ်ဆင့်ဖြစ်ပေါ်မလာအောင် NLD ကအချိန်မီပြင်ဆင်နိုင်မလား။

၂၀၁၅ ရလဒ်အရရော အခုကြားဖြတ်ရလဒ်တွေကိုပါကြည့်ရင် ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ သက်ဆိုင်ရာတိုင်းရင်းသားပါတီတွေရဲ့ အားကောင်းမှုဟာ တသမတ်တည်းခိုင်မြဲနေတာတွေ့ရပါတယ်။ ၂၀၂၀ မှာလည်း ဒီအတိုင်းဆက်ပြီး ဖြစ်ပေါ်လာဖွယ်ရှိပါတယ်။ ဒါဆိုရင် ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ဟာ NLD အတွက် အားနည်းနိုင်ပါတယ်။

အခုကြားဖြတ်ရွေးကောက်ပွဲမှာ မွန်ပြည်နယ် မဲဆန္ဒနယ်မြေမလစ်လပ်ပါဘူး။ ဒါ့ကြောင့် မွန်ပြည်နယ်မှာ NLD အရင်ကလို ဆက်ပြီး အားကောင်းမကောင်းကို ခန့်မှန်းဖို့ခက်ပါတယ်။ ဒါပေမယ့် မွန်ပါတီသုံးခု တပါတီတည်းပေါင်းပြီး ယှဉ်ပြိုင်ကြမှာဖြစ်တဲ့အတွက် အရင်ကထက် ခက်ခဲနိုင်ပါတယ်။

ကရင်ပြည်နယ်နဲ့ ကယားပြည်နယ်မှာတော့ တိုင်းရင်းသားပါတီတွေ ပေါင်းစည်းရေးကို တက်တက်ကြွကြွဆောင်ရွက်ကြတာ မတွေ့ရပါဘူး။ ဒါပေမယ့် ငြိမ်းချမ်းရေးနဲ့ ဒေသခံတိုင်းရင်းသား လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အစိုးရ၊ စစ်တပ်တို့ရဲ့ဆက်ဆံရေးတွေဟာလည်း ၂၀၂၀ မဲပေးမှုတွေအပေါ်မှာ အကျိုးသက်ရောက်မှုတွေရှိနိုင်တယ်လို့ ဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။

ဒီချုပ်ထောက်ခံသူတဦး

ဓာတ်ပုံ ရင်းမြစ်, Reuters

၂၀၂၀ မြင်ကွင်း ၁

အခုကြားဖြတ်ရလဒ်ကို အခြေခံပြီး ၂၀၂၀ မှာဖြစ်တန်ရာတဲ့ မြင်ကွင်းကို ခန့်မှန်းသုံးသပ်ကြည့်ရင် NLD ရမယ့်မဲအရေအတွက်ဟာ ၂၀၁၅ တုန်းကလောက်တော့ မကောင်းနိုင်ဘူးလို့ ယူဆရပါတယ်။

"သေချာတာတခုကတော့ ၂၀၁၅ တုန်းကဆိုရင် ၇၉ ရာနှုန်း ၈၀ နီးပါးပေါ့လေ NLD နိုင်တယ်။ သေချာတာတခုက အခုလိုအခြေအနေမျိုးကြုံသည်ဖြစ်စေ၊ မကြုံသည်ဖြစ်စေ၊ သူဟာ ၂၀၂၀ မှာတော့ အဲသလောက်တော့ မနိုင်တော့မှာ သေချာတယ်။ ဒါပေမယ့် သူအနိုင်ရတဲ့ဟာက သူ့တယောက်တည်းနဲ့ အစိုးရဖွဲ့နိုင်တဲ့ ၆၇ ရာခိုင်နှုန်းကျော်ရမလား၊ မရဘူးလား အဲဒါက အဆုံးအဖြတ်ပဲလေ။ အဲဒါကျတော့ ကျွန်တော်တို့ မပြောနိုင်ဘူး"

လို့ ဦးစည်သူအောင်မြင့်ကဆိုပါတယ်။ ဘာ့ကြောင့် ၆၇ ရာနှုန်းရဖို့ အဓိကလို့ ဦးစည်သူအောင်မြင့်က ပြောသလဲဆိုတော့ အဲသလောက်ရမှသာ NLD ကသမ္မတတင်မြှောက်ပြီး အစိုးရဖွဲ့နိုင်မှာမို့ပါ။

အဲသလို NLD က ၆၇ ရာနှုန်းကျော်မဲဆန္ဒနယ်မြေတွေမှာ အနိုင်ရပြီး အစိုးရဖွဲ့နိုင်မယ်ဆိုတဲ့ မြင်ကွင်းဟာ ဖြစ်နိုင်ဖွယ်မြင်ကွင်း ၁ ပါ။

မဲရေတွက်စဥ်

ဓာတ်ပုံ ရင်းမြစ်, Reuters

၂၀၂၀ မြင်ကွင်း ၂

ဒါပေမယ့် ကြံ့ခိုင်ရေးပါတီ အစိုးရဖွဲ့နိုင်ဖို့က အဲသလောက်နေရာများများ အနိုင်ရဖို့ လိုချင်မှလိုပါမယ်။ ကြံ့ခိုင်ရေးပါတီရတဲ့ အနိုင်ရအမတ်နေရာတွေ၊ သူတို့ရဲ့ မဟာမိတ်ပါတီတွေရဲ့ အနိုင်ရ အမတ်နေရာ တွေနဲ့ တပ်မတော်သားတွေရထားတဲ့ ၂၅ ရာနှုန်းနေရာတွေ စုစုပေါင်းဟာ ၅၀ ရာနှုန်းကျော်ခဲ့ရင် ကြံ့ခိုင်ရေးပါတီက သမ္မတ တင်မြှောက်ပြီး အစိုးရဖွဲ့နိုင်ခြေရှိပါတယ်။

ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်သား ၂၅ ရာနှုန်းနှစ်ခုပေါင်းလောက်နဲ့တော့ ကြံ့ခိုင်ရေးပါတီက အစိုးရဖွဲ့နိုင်မယ့် အနေအထားမဖြစ်လောက်ဘူးလို့ ဦးစည်သူအောင်မြင့်က ခန့်မှန်းပါတယ်။

"ပြည်ခိုင်ဖြိုးရယ်တပ်မတော်ရယ်နှစ်ခုပေါင်းပြီး ၅၁ ရာနှုန်းကျော်မလားပေါ့။ အဲဒါကတော့ ကျွန်တော်ထင်တယ်။ မဖြစ်နိုင်လောက်ဘူး။ ၂၀၂၀ မှာ မဖြစ်နိုင်သေးဘူး။ မဖြစ်ဘူး။"

"ဒါပေမယ့် NLD ကလည်း လုံလောက်တဲ့ ၆၇ ရာနှုန်းမရဘူး၊ ပြည်ခိုင်ဖြိုးကလည်း တပ်မတော်သား ၂၅ ရာနှုန်းနဲ့ပေါင်းတာတောင် ၅၀ ရာနှုန်းမကျော်ဘူးဆိုရင်တော့ ကြားထဲမှာ တိုင်းရင်းသားအင်အားစုတွေကို အပြန်အလှန်စည်းရုံးရတာမျိုး ရှိကောင်း ရှိနိုင်တယ်။ အဲသလိုကာလမျိုးမှာ ဘယ်လိုဖြစ်မလဲဆိုတာ ကျွန်တော်ကတော့ မမှန်းတတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှမ်း SNLD ကပြည်ခိုင်ဖြိုးတို့ တပ်မတော်တို့နဲ့ မဟာမိတ်မဖွဲ့မှာ သေချာပေမယ့် ရခိုင်မှာ အားကောင်းတဲ့ ဥပမာ ရခိုင်အမျိုးသားပါတီတို့ ဘာတို့က တပ်မတော်နဲ့ မဟာမိတ် သွားမဖွဲ့ဘူးလို့ အဲဒီအချိန်မှာ မပြောနိုင်ဘူး။ အဲဒါက ပဟေဠိတပုဒ်ပါပဲ"

အဲသလိုအခြေအနေမျိုးသာ ဖြစ်လာရင်တော့ တိုင်းရင်းသားပါတီတွေရဲ့ အဆုံးအဖြတ်ဟာ အရေးပါလာနိုင်ပါတယ်။ တိုင်းရင်းသားပါတီတွေနဲ့ အပေးအယူလုပ်ညှိနှိုင်းရတာမျိုးလည်း ဖြစ်ချင် ဖြစ်လာနိုင်ပါတယ်။

ဗီဒီယို ပုံစာ, တိုင်းရင်းသားရေးရာ ပြဿနာ ဘယ်လို ဖြေရှင်းမလဲ