ကြားဖြတ်ရွေးကောက်ပွဲဟာ သိပ်မထူးတဲ့ အတွက်လို့ သုံးသပ်ဝေဖန်

ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း
နိုဝင်ဘာ ၃ ရက်က ကျင်းပပြီးစီးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေရဲ့ စိတ်ဝင်စားမှုနဲ့ မဲပေးမှုနှုန်း လျော့နည်းပြီး ပျမ်းမျှဆိုရင် မဲထည့်ကြသူဦးရေ ၄၀ ရာခိုင်နှုန်းသာ ရှိခဲ့တယ်လို့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့် သူတွေက ပြောပါတယ်။
တိုင်းဒေသကြီး၊ ပြည်နယ်တွေရဲ့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွေရဲ့ စာရင်းအရ ရန်ကုန်တိုင်းအတွင်း လစ်လပ် မဲဆန္ဒနယ်တွေဖြစ်တဲ့ ဆိပ်ကမ်းမြို့နယ်မှာ မဲပေးသူ ရာခိုင်နှုန်း ၆၅. ၀၆ ရာခိုင်နှုန်း ရှိပေမယ့်၊ တာမွေမြို့နယ်မှာတော့ ၃၃. ၂၃ ရခိုင်နှုန်းသာ ရှိတယ်လို့ ဆိုပါတယ်။
တိုင်းတခုလုံး အနေနဲ့တွက်ရင် ၄၀ ရာခိုင်နှုန်း သာသာ ရှိတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ရုံးက ပြောပါတယ်။
လစ်လပ်မဲဆန္ဒနယ် ၃ နေရာ ပါဝင်တဲ့ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးလူမျိုး မဲဆန္ဒနေရာနဲ့ မြင်းခြံမြို့နယ်၊ သပိတ်ကျင်း မြို့နယ်တွေမှာလည်း တတိုင်းလုံး အနေနဲ့တွက်ရင် မဲပေးသူဟာ ၄၀ ရာခိုင်နှုန်းသာ ရှိတယ်လို့ မန္တလေးတိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးက ပြောပါတယ်။
မဲဆန္ဒနယ် ၂ နေရာ ပါဝင်တဲ့ ချင်းပြည်နယ်မှာတော့ မတူပီမြို့နယ် တခုတည်းမှာကို မဲပေးသူ ၆၅. ၆၃ ရာခိုင်နှုန်း ရှိတယ် လို့ ဆိုပါတယ်။
မဲလာပေးမှုနှုန်း လျော့နည်းတာဟာ ကြားဖြတ်ရွေးကောက်ပွဲလည်းဖြစ်လို့ နိုင်ငံရေး အခင်းအကျင်းမှာ အပြောင်းအလဲ ထူးထူးခြားခြား မရှိနိုင်တာကြောင့် မဲလာမပေးကြတာလည်း ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာ စောင့်ကြည့်သူတွေက သုံးသပ်ကြပါတယ်။
ဒါပေမယ့် အရင်က NLD ပါတီက အနိုင်ရထားပြီး အခုကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးမှုနှုန်း မတိမ်းမယိမ်းနဲ့ ရှုံးရင်တောင် လက်ရှိ အာဏာရ NLD ပါတီအနေနဲ့ ၂၀၂၀ အထွေထွ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်ဖို့လိုပြီလို့ နိုင်ငံရေးလေ့လာ စောင့်ကြည့်သူတဦးဖြစ်တဲ့ ဦးမောင်မောင်စိုးက ပြောပါတယ်။
လက်ရှိအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အားမရလို့လား၊ ဒါ့မှမဟုတ် မဲပေးနှုန်း ကျဆင်းရင် ဘယ်မှာသက်ရောက်မှု ရှိနေလို့လဲ ဆိုတာကို လေ့လာ ဆန်းစစ်ဖို့လည်း လိုတယ်လို့ သူက ဆိုပါတယ်။
လက်ရှိရထားတဲ့ သတင်းတွေအရ NLD ပါတီ အနိုင်ရထားတဲ့ နေရာတွေက တာမွေ (ရန်ကုန်တိုင်း) ၊ အုတ်တွင်း(ပဲခူးတိုင်း) သပိတ်ကျင်း၊ မြင်းခြံ (မန္တလေးတိုင်း) မင်းဘူး (မကွေးတိုင်း)၊ မြစ်ကြီးနား (ကချင်ပြည်နယ်) နဲ့ ကန်ပက်လက် (ချင်းပြည်နယ်) စတဲ့ မဲဆန္ဒနယ် ၇ နေရာမှာ အနိုင်ရ ခဲ့တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က ဘီဘီစီကို အတည်ပြု ပြောပါတယ်။
လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေနဲ့ တိုင်းရင်းသားနေရာ ၅ နေရာနဲ့ ရန်ကုန်တိုင်း ဆိပ်ကမ်း မြို့နယ် မဲဆန္ဒနယ် ၁ နေရာ အပါအဝင် စုစုပေါင်း ၆ နေရာ ရှုံးနိမ့်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရွှေအင်းသားခင်မောင်ဝင်း
ဒီကြားဖြတ်ရွေးကောက်ပွဲမှ စတင် လေ့လာစောင့်ကြည့်ခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ကတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ မသမာမှုတွေ မရှိပေမယ့် မဲလာပေးသူတွေ အတော်နည်းပြီး လူထု တ်ဝင်စားမှု အားနည်း တာကို တွေ့ခဲ့ရတယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။
မဲပေးမှုနည်းတာဟာ မဲဆန္ဒရှင်တွေအနေနဲ့ မဲပေးဖို့နဲ့ ပတ်သတ်ပြီး သတင်းအချက် အလက် ရရှိမှု နည်းတာကြောင့်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
ဒီကြားဖြတ်ရွေးကောက်ပွဲမှာ မဲပညာပေး လုပ်ငန်း (Voter Education) လုပ်တဲ့ အရပ်ဘက် အဖွဲ့အစည်း အနည်း ငယ်သာ ရှိသလို လေ့လာစောင့်ကြည့်လုပ်ငန်း လုပ်တဲ့ အရက်ဘက် အဖွဲ့လည်း ၂ ဖွဲ့သာ ရှိတယ်လို့ ဆိုပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း မဲစာရင်း ကြေညာတာ၊ နိုင်ငံပိုင် မီဒီယာတွေ ကနေ သတင်းအချက် အလက် ပေးတာမျိုးသာရှိပြီး အရပ်ဘက်အဖွဲ့တွေ၊ ရပ်ရွာအခြေပြု လူမှုရေးအဖွဲ့တွေ သတင်းမီဒီယာတွေနဲ့ ပူးပေါင်း လုပ်ကိုင်မှု နည်းနေတာကို တွေ့ရတယ်လို့ ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်ရေး အဖွဲ့တခုဖြစ်တဲ့ Election Education Observation Partners (EEOP) အဖွဲ့က ဒေါ်မြနန္ဒာသင်းက ပြောပါတယ်။
" ကော်မရှင်အနေနဲ့က ဘတ်ဂျက်ကြောင့် ဒီလုပ်ငန်းတွေ အားနည်းတာလို့ ပြောနိုင်ပါတယ်။ မဲထည့်ဖို့ ပညာပေးတာက အရပ်ဘက် အဖွဲ့တွေရော နိုင်ငံပိုင် မီဒီယာတွေက ဘယ်လောက် သတင်းအချက် ပေးနိုင်မှာလဲ။ ကြိုပြင်ဆင်ထားဖို့ လိုပြီ၊ မဲပေးမယ့် ပြည်သူတွေဆီ အိမ်တိုင်ရာရောက် ရောက်နိုင်တဲ့ နည်းလမ်းတွေလုပ်ဖို့ ကော်မရှင်က ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့၊ လူမှုအဖွဲ့၊ နိုင်ငံရေးပါတီတွေ၊ မီဒီယာတွေ ကိုပါ ဝန်ကြီးဌာန တခုခုနဲ့ ချိတ်ဆက်လုပ်ကိုင် ထားရပါမယ်။ ဒါမှ နိုင်ငံသား တယောက်ရဲ့ မဲပေးရတဲ့တန်ဖိုးကို ပြည်သူတွေ သိလာနိုင်မယ်" လို့ ဒေါ်မြနန္ဒာသင်းက ပြောပါတယ်။
ဒီအခြေအနေတွေက ၂၀၂၀ အထွေထွေရွေး ကောက်ပွဲမှာ ပြည်သူလူထု မဲပေးမှု ရာခိုင်နှုန်း မြင့်တက်လာဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဦးဆောင်ပြီး လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့် စတင်လုပ်ကိုင်ရမယ့် လုပ်ငန်းတွေလို့ နိုင်ငံရေးလေ့လာ စောင့်ကြည့်သူတွေကလည်း ပြောဆိုပါတယ်။








