၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲရလဒ် မျှော်မှန်းတာထက် နည်းလွန်းတယ်လို့ ဒေါက်တာမျိုးညွန့် ပြော

ဓာတ်ပုံ ရင်းမြစ်, Khin Mg Win (Shwe Inn Thar)
လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာ ရွေးချယ်တဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ တိုင်းရင်းသားနေရာ ၅ နေရာ နဲ့ ရန်ကုန်က ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် ၁ နေရာ အပါအဝင် စုစုပေါင်း ၆ နေရာ ရှုံးနိမ့်ခဲပါတယ်။
အနိုင်ရခဲ့ နေရာတွေကတော့ တာမွေ၊ အုတ်တွင်း၊ မန္တလေး၊ သပိတ်ကျင်း၊ မြင်းခြံ၊ မင်းဘူး၊ မြစ်ကြီးနား နဲ့ ကန်ပက်လက် စတဲ့ မဲဆန္ဒနယ် ၇ နေရာ အနိုင်ရခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့် က ဘီဘီစီကို အတည်ပြုပြောပါတယ်။
'ရွေးကောက်ပွဲ ရလဒ်က မျှော်လင့်ထားတာထက် နည်းပါတယ်။ အန်န်လ်ဒီပါတီအနေနဲ့ အခု ကြားဖြတ်မှာ ရှုံးနိမ့်ခဲ့တဲ့ ၆ နေရာမှာဆိုရင် ၅ နေရာက တိုင်းရင်းသားနေရာတွေ ဖြစ်ပြီး ဒီလို ရှုံးရတာက တိုင်းရင်းသားဒေသတွေဟာ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ် လုပ်ငန်းတွေ နဲ့ ဆက်စပ်မှု ရှိတာကြောင့်လို့' ဒေါက်တာမျိုးညွန့် က ပြောပါတယ်။
ဘီဘီစီက နောက်ဆုံးရထားတဲ့ အချက်အလက်တွေအရ NLD ပါတီဟာ ချင်းပြည်နယ် ကန်ပက်လက်မှာ အနိုင်ရခဲ့သလို မန္တလေးတိုင်းထဲမှာလည်း သပိတ်ကျင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာ၊ မြင်းခြံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ နဲ့ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းရေးရာဝန်ကြီး နေရာတွေမှာ အနိုင်ရခဲ့ပါတယ်။
ဒါ့အပြင် ရန်ကုန်၊ တာမွေမှာလည်း သမ္မတဦးဝင်းမြင့်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လစ်လပ်မဲဆန္ဒနေရာ၊ မကွေးတိုင်းထဲက မင်းဘူး(စကု)မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) နေရာ နဲ့ ပဲခူးတိုင်း အုတ်တွင်းက လစ်လပ်မဲဆန္ဒနယ် နေရာတွေမှာ အနိုင်ရခဲ့ပါတယ်။
ရန်ကုန်တိုင်းထဲက ဆိပ်ကမ်းမြို့နယ်မှာတော့ ရှုံးခဲ့ပြီး အန်န်အယ်လ်ဒီပါတီအနေနဲ့ ရဲ ၊ တပ် တို့လို့ လုံခြုံရေးဝန်ထမ်းတွေ များတဲ့ နေရာတွေမှာ နိုင်လေ့ မရှိဘူး လို့ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Mg Win (Shwe Inn Thar)
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီကတော့ ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)၊ စစ်ကိုင်းတိုင်း တမူးက တိုင်းဒေသကြီးမဲဆန္ဒနယ် နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားက အမျိုးသားလွှတ်တော် မဲဆန္ဒနယ် စုစုပေါင်း (၃) နေရာမှာ အနိုင်ရခဲ့ပါတယ်။
တခါ ရှမ်းပြည်နယ် လဲချား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နေရာမှာတော့ ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက အနိုင်ရခဲ့သလို ရခိုင်ပြည်နယ် ရသေ့တောင်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နေရာမှာလည်း လက်ရှိတရားရင်ဆိုင်နေရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ရဲ့ သား ဦးတင်မောင်ဝင်း က အနိုင်ရခဲ့ပါတယ်။
ချင်းအမျိုးသားဒီမိုကရေစီ CLD ပါတီ ကတော့ ချင်းပြည်နယ် မတူပီက ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် နေရာကို အနိုင်ရခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Khin Mg Win (Shwe Inn Thar)
NLD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာတုန်းကလည်း လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာမှာ ၁၈ နေရာ ဝင်ပြိုင်ခဲ့ပြီး ၉ နေရာပဲ အနိုင်ရခဲ့ပါတယ်။
'ကြားဖြတ်ရွေးကောက်ပွဲတွေမှာ အန်န်အယ်လ်ဒီပါတီ အနေနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့တဲ့ စံချိန်ကိုရဖို့ မျှော်မှန်းလုပ်ဆောင်ခဲ့ပါတယ်။ အခုထိတော့ အဲ့ဒီစံချိန်ကို မရသေးပါဘူး။ ဒါပေမယ့် ရွေးကောက်ပွဲ ၂ ခု က ရခဲ့တဲ့ သင်ခန်းစာတွေကို ယူပြီး ပါတီတွင်း အပြောင်းအလဲတချို့ လုပ်သွားမယ်လို့' ဒေါက်တာမျိုးညွန့် က ပြောပါတယ်။








