မူဝါဒကောင်းပေမယ့် လူဝါဒအမျိုးမျိုးဖြစ်နေတယ်လို့ NLD နုတ်ထွက်အမတ်ပြော

NLD

ဓာတ်ပုံ ရင်းမြစ်, Ye Aung Thu

ဓာတ်ပုံ ပုံစာ, လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ရတဲ့ လုပ်ငန်းတွေမှာ ကန့်သတ်ခံရတဲ့အတွက် ပါတီဝင်အဖြစ်က နုတ်ထွက်ရတာ ဖြစ်ကြောင်း ဦးဖေချစ် က ပြော

NLD ပါတီရဲ့ မူဝါဒကောင်းပေမယ့် ဦးဆောင်တဲ့သူ တဦးချင်းရဲ့ လူဝါဒတွေ အမျိုးမျိုးဖြစ်နေတာက NLD က နုတ်ထွက်ရတဲ့ အကြောင်းရင်းတခုဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဦးတင်အောင်ထွန်းက ဘီဘီစီကို ပြောပါတယ်။

ဦးတင်အောင်ထွန်းနဲ့အတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့ ဦးဖေချစ်လည်း NLD ပါတီက နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ် အဖြစ် ထမ်းဆောင်ရတဲ့ လုပ်ငန်းတွေ ကန့်သတ်ခံရတဲ့အတွက် ပါတီဝင် အဖြစ်က နုတ်ထွက်ရတာ ဖြစ်ကြောင်း ဦးဖေချစ်က စက်တင်ဘာလ ၃၀ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၉) လွှတ်တော်ကိုယ်စားလှယ် ဦးဖေချစ်နဲ့ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) လွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းတို့ NLD ပါတီက နုတ်ထွက်ရတာဟာ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာပဲ ပါတီရန်ပုံငွေကောက်ခံတာကိုလည်း မကျေနပ်တဲ့အတွက် ၊ ဝေဖန်မှုတွေ ရှိခဲ့တဲ့အတွက် အခုလို ဦးဖေချစ်က ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။

NLD ပါတီအတွင်း အုပ်စုဖွဲ့ ဂိုဏ်းကွဲနေတဲ့အပြင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်တွင်း တင်ပြချက်တွေကို ကန့်သတ် ဖြတ်တောက်တာတွေ ရှိနေပြီး လက်ရှိ အစိုးရသက်တမ်းအတွင်းမှာ မေးခွန်း သုံးခုနဲ့ အဆို တခုသာ တင်သွင်းခွင့်ရခဲ့တယ်လို့ ဦးဖေချစ်က ဘီဘီစီကို ပြောပါတယ်။

NLD

ဓာတ်ပုံ ရင်းမြစ်, MRTV

ဓာတ်ပုံ ပုံစာ, ဦးတင်အောင်ထွန်းကလည်း သူ့ရဲ့ လွှတ်တော်တွင်း တင်ပြဖို့ စီစဉ်ခဲ့တဲ့ မေးခွန်းတွေဟာ ပါတီရဲ့ မူဝါဒနဲ့ မငြိစွန်းတဲ့အပြင် လွှတ်တော်ရဲ့ နည်းဥပဒေနဲ့လည်း မငြိစွန်းခဲ့လို့ဆို

ဦးတင်အောင်ထွန်းကလည်း သူ့ရဲ့ လွှတ်တော်တွင်း တင်ပြဖို့ စီစဉ်ခဲ့တဲ့ မေးခွန်းတွေဟာ ပါတီရဲ့ မူဝါဒနဲ့ မငြိစွန်းတဲ့အပြင် လွှတ်တော်ရဲ့ နည်းဥပဒေနဲ့လည်း မငြိစွန်းပေမယ့် ပါတီတွင်း မေးခွန်းအဆို စိစစ်သူတွေက ခွင့်မပြုတာတွေ များခဲ့တယ်လို့ ဘီဘီစီကိုပြောပါတယ်။

အခုလို ပယ်ချခံရတဲ့ မေးခွန်းတွေထဲမှာ တရားဥပဒေစိုးမိုးရေးနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေ ပါတယ်လို့လည်း သူက ပြောပါတယ်။

NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ အခုလို လွှတ်တော်တွင်း မေးခွန်း မမေးခင် စိစစ်တာကို ပါတီက လုပ်တာ မဟုတ်ပဲ လွှတ်တော်ကိုယ်စားလှယ်တွေ အချင်းချင်း လုပ်တာ ဖြစ်ပြီး လွှတ်တော်ရေးရာ ကိစ္စတွေမှာ ပါတီက ဘယ်တုန်းကမှ ဝင်ရောက် ပြောဆိုတာ မရှိခဲ့ဘူးလို့ ဘီဘီစီကို တုံ့ပြန်ထားပါတယ်။

၂၀၁၇ ခုနှစ်မှာ လည်း မအူပင် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက တသီးပုဂ္ဂလ အနေနဲ့သာ ရပ်တည်ချင်ဆိုတဲ့အကြောင်းပြချက်နဲ့ ပါတီက နုတ်ထွက်ခဲ့ဖူးပါတယ်။