NLD လွှတ်တော် အမတ် ၃၅၀ကျော် တိုင်ကြားခံရ

ဓာတ်ပုံ ရင်းမြစ်, Reuters
လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဟာ ဗဟို ကော်မတီ ကို တိုးချဲ့ ဖွဲ့စည်း သွား ဖို့ ရှိကြောင်း မေလ ၂၆ ရက်နေ့ က လုပ်တဲ့ ပါတီ ဗဟို ကော်မတီ အစည်းအဝေး မှာ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒါ့အပြင် တိုင်ကြား ခံထား ရတဲ့ NLD ပါတီ က လွှတ်တော် ကိုယ်စားလှယ် ၃၅၀ ကျော် ကို စစ်ဆေးမှု တွေ ဆောင်ရွက် နေတယ်လို့လည်း သိရ ပါတယ်။
တိုင်ကြား ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ် တွေကို စစ်ဆေးရာမှာ လတ်တလော အနေနဲ့တော့ အကျင့်ပျက် ခြစားမှုတွေ ပြုလုပ် ထားတယ်လို့ စစ်ဆေး တွေ့ရှိရခြင်း မရှိဘူးလို့ ပါတီ တာဝန် ရှိသူ က ပြောပါတယ်။
ငွေကြေး လက်ခံရရှိမှုကို ချက်ချင်း လွှဲပြောင်း မပေးခဲ့တဲ့ ယာယီ အလွဲသုံးစားမှု မြောက်တဲ့ ပြစ်မှု မျိုးတွေတော့ စစ်ဆေး တွေ့ ရှိခဲ့ရကြောင်း NLD ပါတီရဲ့ ပြောရေး ဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွှန့် က ပြောပါတယ်။
ဒါကိုလည်း ချက်ချင်း အရေးယူ အပြစ်ပေး ခဲ့ကြောင်း သူက ဆက်ပြောပါတယ်။

တိုင်းနဲ့ ပြည်နယ်အလိုက် ဗဟိုကော်မတီဝင် စုစုပေါင်း အယောက် ၃၀ ခန့် ကိုလည်း တိုးချဲ့ ဖွဲ့စည်း သွားမယ် ဆိုပြီး ဗဟိုကော်မတီ အစည်းအဝေး က ဆုံးဖြတ်ချက် ချမှတ် ခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ပါတီ အနေနဲ့ လစ်လပ် နေရာ အားလုံး ကို ဝင်ရောက် ယှဉ်ပြိုင် သွားမှာ ဖြစ်ပြီး ကိုယ်စားလှယ် လောင်း ရွေးချယ်မှု နဲ့ ပတ်သက်လို့ မြို့နယ်၊ ခရိုင် နဲ့ တိုင်း အလိုက် စိစစ် ခွင့် ပေးသွားမယ်လို့ ပါတီ တာဝန် ရှိသူက ပြောဆို ခဲ့ပါတယ်။





