NLD အစိုးရခေတ် လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့် ဆိုးဝါးတဲ့ အခြေအနေကို ဦးတည်လို့ အသံ အဖွဲ့ပြော

ဓာတ်ပုံ ရင်းမြစ်, SAI AUNG MAIN/AFP/Getty Images)
လက်ရှိ အစိုးရရဲ့ ပထမ ၂ နှစ် သက်တမ်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အခြေအနေဟာ အဆိုးဘက်ကို ဦးတည်နေတယ်လို့ လွပ်လွာစွာ ထုတ်ဖော်ခွင့်နဲ့ ပတ်သက်ပြီး မှတ်တမ်း ပြုစုထားတဲ့ 'အသံ' အဖွဲ့က ပြောပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရသစ် လက်ထက် ထုတ်ဖော်ပြောဆိုခွင့် အခြေအနေကို မှတ်တမ်း ပြုစုထားတဲ့ အစီရင်ခံစာ တစ်စောင်ကိုလည်း 'အသံ' အဖွဲ့က ထုတ် ပြန်ခဲ့ပါတယ်။
အသံ အဖွဲရဲ့ လေ့လာတွေ့ရှိချက်အရကော တခြား လေ့လာတွေ့ရှိချက်တွေအရ ပါဆိုရင် လွတ်လပစွာ ထုတ်ဖော်ခွင့်ဟာ ပိုပြီးတော့ ဆိုးဝါးတဲ့အခြေအနေတွေကို ဦးတည်နေပြီး လုံး၀ တိုးတက်တဲ့ လက္ခဏာကို မတွေ့ရဘူးလို့ အသံ အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုဆောင်းခက ဘီဘီစီကိုပြောပါတယ်။
အရင်အစိုးရတွေ လက်ထက်တုန်းက သုံးခဲ့တဲ့ လူထုရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ဖိနှိပ်ဖို့ သုံးခဲ့တဲ့ ဥပဒေတွေကို ဒီအစိုးရက ပြန်သုံးသလို အစိုးရနဲ့ လွှတ်တော် ကိုယ်တိုင် အတည်ပြု ရေးဆွဲပြဋ္ဌာန်းထားတဲ့ နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု နဲ့လုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေလိုမျိုးတွေက အစ အစိုးရအပေါ်မှာ လူတွေရဲ့ ဝေဖန်မှုတွေကို ကန့်သတ်တားမြစ်ဖို့ သုံးလာတာတွေ ဖြစ်စဉ် သုံးလေးခုလောက် ဖြစ်လာတယ်လို့ ကိုဆောင်းခက ဆိုပါတယ်။
လတ်တလော အစိုးရအသုံးတာ အများဆုံး ပုဒ်မက ၆၆ (ဃ) လို့ခေါ်တဲ့ ဆက်သွယ်ရေး ဥပဒေပုဒ်မကို ဖြစ်ပြီး သတင်းသမားတွေကိုဆိုရင် ပိုပြီး ပုဒ်မတခုတည်း မဟုတ်ဘဲ နိုင်ငံတော်လျို့ဝှက်ချက်ဥပဒေ၊ မတရားသင်းနဲ့ ဆက်သွယ်မှု ပုဒ်မတွေလည်း သုံးစွဲတာ တွေ့ရကြောင်း အသံအဖွဲ့ရဲ့ အစီရင်ခံစာက ဆိုပါတယ်။
အထူးသဖြင့် အခုနောက်ပိုင်း အရင်အစိုးရလက်ထက်က နိုင်ငံရေးသမားတွေကို ဖိနှိပ်ဖို့ သုံးခဲ့တဲ့ ၅၀၅(ခ) နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု နဲ့ သတင်းသမားတွေကို ပြန်လည်သုံးစွဲလာတာလည်း တွေ့ရတယ်လို့ ပြောပါတယ်။
ဒီအစီရင်ခံစာမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ စည်းဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုပြီး အပိုင်း ၃ ပိုင်း ပါဝင်ပါတယ်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မှာ အရပ်သားအစိုးရ နဲ့ တပ်မတော်တို့က လွတ်လပ်စွာ ပြောဆိုခွင့်ကို ချိုးဖောက်မှုတွေကို ဖော်ပြထားပါတယ်။
သတင်းမီဒီယာလွတ်လပ်ခွင့်မှာတော့ သတင်းသမားများ တရားစွဲဆိုခံရမှု၊ ခြိမ်းခြောက်ခံရမှုတွေကို စုစည်းတင်ပြထားပြီး လွတ်လပ်စွာ စည်းဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် မှာတော့ ငြိမ်းချမ်းစွာ စည်တန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ပြင်ဆင်မှုနဲ့ ဆန္ဒဖော်ထုတ်ခွင့်ကို ပိတ်ပင်တဲ့ အမှုတွေ ထည့်သွင်း ဖော်ပြထားတာ တွေ့ရပါတယ်။










