လက်ရှိအစိုးရအပေါ် အကောင်းမြင်မှု များနေသေးလို့ဆို

ဓာတ်ပုံ ရင်းမြစ်, AFP
NLD ပါတီ အစိုးရ သက်တမ်း နှစ်ဝက်အတွင်း ဆောင်ရွက်ခဲ့တာတွေအပေါ် နိုင်ငံသားတွေရဲ့ သဘောထားအမြင် သိရှိဖို့ စစ်တမ်း ကောက်ယူခဲ့ရာမှာ အစိုးရကို အကောင်းမြင်မှုတွေ များနေသေးတာကို ယေဘုယျ တွေ့ရှိရတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ - PACE ကပြောပါတယ်။
" NLD အစိုးရအပေါ် အကောင်းမြင်သေးတာကို ခြုံငုံတွေ့ရတယ်။ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုရဲ့ ထင်မြင်ချက်က မြို့ပေါ်မှာရှိကြတဲ့ ပညာတတ် လူတန်းစား၊ အခြေအနေတွေကို တိတိကျကျ သုံးသပ်နိုင်သူတွေရဲ့ ထင်မြင်ချက်တွေက အမြဲကွာဟပါတယ်။ ပိုကောင်းသလား ပိုဆိုးလာလားဆိုတဲ့ ယူဆချက်တွေကို ယှဉ်တဲ့အခါတော့ ပိုကောင်းတယ်ပြောတဲ့ ရာခိုင်နှုန်းက ပိုများနေတာကို တွေ့ရတယ်လို့ " PACE အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။
NLD ပါတီ အစိုးရ လက်ထက်မှာ ကုန်ဈေးနှုန်း၊ ရွှေဈေးနဲ့ ဒေါ်လာ လဲလှယ်နှုန်း အဆမတန် မြင့်တက်နေတာ၊ စီးပွားရေး လုပ်ကိုင်ခွင့် ကျပ်တည်းလာတယ်လို့ ဝေဖန်ပြောဆိုနေတာ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံတကာက ဝေဖန်ပြောဆိုမှု မြင့်တက်နေချိန်မှာ ဒီစစ်တမ်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PACE
ဒီစစ်တမ်း တွေ့ရှိချက် အပြည့်အစုံကိုတော့ လာမယ့် စက်တင်ဘာလ ၂၈ ရက်မှာ တရားဝင် ထုတ်ပြန် ပေးသွားမယ်လို့ PACE အဖွဲ့က ပြောပါတယ်။
ဒီစစ်တမ်းကို မေလက စတင် ကောက်ယူခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရပါတီ ဖြစ်တဲ့ NLD ပါတီ အစိုးရ သက်တမ်း ၅ နှစ်ဟာ အခုနှစ် စက်တင်ဘာလမှာ သက်တမ်းနှစ်ဝက် ရှိပြီ ဖြစ်ပါတယ်။
စစ်တမ်းကောက်ရာမှာ ဧရိယာနယ်ပယ် ၆ ခု ဖြစ်တဲ့ ဒီမိုကရေစီအပေါ် မျှော်လင့်ချက် သဘောထားအမြင်၊ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု၊ တဦးကိုတဦး ယုံကြည်မှု၊ မတူညီတဲ့ လူအုပ်စုတွေအပေါ် နားလည်လက်ခံမှု၊ အစိုးရနဲ့ နိုင်ငံရေးသမားတွေအပေါ် သဘောထားအမြင်၊ လက်ရှိအစိုးရလက်ထက် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးတွေမှာ ပြုပြင်ဆောင်ရွက်ချက်တွေက အရင်အစိုးရလက်ထက် ကထက် အဆိုးအကောင်း အခြေအနေ စတာတွေကို အခြေခံ မေးခဲ့တယ်လို့ PACE အဖွဲ့က ပြောပါတယ်။
ဒီစစ်တမ်းဟာ NLD ပါတီ အစိုးရအဖြစ် စတင်တာဝန်ယူချိန် ကတည်းက ပြည်သူအတွက် အကောင်ထည်ဖော် လုပ်ဆောင်မယ်လို့ ပြောဆိုခဲ့တာတွေ အများအပြား ရှိသလို၊ ဆောင်ရွက်ပြီး ဆောင်ရွက်နေဆဲ ဖြစ်တဲ့ လုပ်ငန်းစဉ်တွေ အပေါ်မှာ ပြည်သူတွေရဲ့ အသံ၊ ပြည်သူရဲ့ အမြင်၊ သဘောထားတွေကို သိရှိပြီး ကျန်နှစ်ဝက်အတွင်း ဆောင်ရွက်ပေးနိုင်ဖို့ ရည်ရွယ်ကောက်ယူတာလို့ PACE အဖွဲ့က ပြောပါတယ်။
ဒါ့အပြင် ဒီစစ်တမ်းဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီအသီးသီး အတွက် မူဝါဒတွေ ချမှတ်ရာမှာ ပြည်သူ့ဆန္ဒ သဘောထားတွေ သိစေဖို့ ရည်ရွယ်တယ်လို့ ဦးစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။
စစ်တမ်းကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက မြို့ပြ၊ ကျေးရွာတွေအထိ အသက် ၁၈ နှစ်အထက် အမျိုးသမီး၊ အမျိုးသား အချိုးအစားညီ တွေ့ဆုံမေးမြန်းမှုပေါင်း ၂၃၀၀ ကျော် ပြုလုပ် ကောက်ယူခဲ့တယ်လို့ ဆိုပါတယ်။
ဒီစစ်တမ်းကောက်ယူတဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ - ( PACE - Alliance for Credible Elections) ဟာ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်၊ အသိပညာပေးတာတွေကို အဓိက ဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်း တခုဖြစ်ပါတယ်။









