ကြားဖြတ် ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ ဘာကြောင့် ရှုံးခဲ့ရလဲ

ကြားဖြတ် ရွေးကောက်ပွဲမှာ အမျိုးသမီး ကိုယ်စားလှယ် ၇ ယောက် ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မရခဲ့
ဓာတ်ပုံ ပုံစာ, ကြားဖြတ် ရွေးကောက်ပွဲမှာ အမျိုးသမီး ကိုယ်စားလှယ် ၇ ယောက် ယှဉ်ပြိုင်ခဲ့ပေမယ့် အနိုင်မရခဲ့

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာအတွက် ကိုယ်စားလှယ်ပေါင်း ၆၉ ယောက် ယှဉ်ပြိုင်ခဲ့ကြတာမှာ ကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသမီး ကိုယ်စားလှယ် ၇ ယောက် ပါဝင်ခဲ့ပေမယ့် သူတို့ထဲက တစ်ဦးမှ အနိုင်မရခဲ့ပါဘူး။

ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မြစ်ကြီးနားမြို့မှာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် သုံးယောက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဒီကြားဖြတ်ရွေးကောက်ပွဲမှာတော့ အမျိုးသမီးဦးရေ အများဆုံး မဲဆန္ဒနယ်ဖြစ်ခဲ့ပါတယ်။

ဒီထဲကမှ ပြည်ထောင်စု တိုင်းရင်းသားများ ဖက်ဒရယ် ဒီမိုကရေစီပါတီက ဝင်ပြိုင်ခဲ့တဲ့ ဒေါ်အမ်ဒီ ခေါညွယ်ကတော့ အသက်ငယ်သူလည်းဖြစ်ပြီး အမျိုးသမီးတွေက နိုင်ငံရေးမှာ ဝင်ဆံ့မှု မရှိဘူးဆိုတဲ့ အမြင်တွေကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။

အမျိုးသားနဲ့ အမျိုးသမီးယှဉ်ရင် အမြင်ကိုက အမျိုးသားတွေက နိုင်ငံရေးမှာ ရင့်ကျက်တယ်လို့ ပြောဆိုတာတွေရှိသလို နိုင်ငံရေးဆိုတာ ယောက်ျားမှလုပ်ရမယ်၊ ကျားကျားလျားလျား လုပ်ရမယ့် ကိစ္စတွေ ဖြစ်တယ်လို့လည်း ခုထိ အမြင်တွေ ရှိနေသေးတယ်လို့ ဒေါ်အမ်ဒီခေါညွယ်က ပြောပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင် အိမ်တိုင်ရာရောက် တစ်အိမ်ဆင်း တစ်အိမ်တက် မဲဆွယ်ခဲ့တဲ့ ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် (၂) က အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ပါတီက ကိုယ်စားလှယ် ဒေါ်ခင်မာလာက အဲဒီချိန်က သူအနိုင်ရလိမ့်မယ်လို့ ယုံကြည်ခဲ့ကြောင်း ဘီဘီစီကို ပြောပါတယ်။

''လွတ်လွတ်လပ်လပ် တကယ်သာ မဲထည့်လို့ ရခဲ့မယ်ဆိုရင် အနိုင်ရလိမ့်မယ်လို့ ကျွန်မကတော့ ယုံခဲ့တယ်၊ ဘာလို့လဲဆိုတော့ တကယ်ကို ရင်းရင်းနှီးနှီး ခင်ခင်မင်မင်နဲ့ ဝင်ခဲ့တာပါ၊ သူတို့ကို ကျွန်မ ကိုယ်စားလှယ် ဖြစ်ရင် ဘာလုပ်ပေးနိုင်မလဲဆိုတာ သေချာ ရှင်းပြခဲ့တယ်၊ ဒီတော့ သူတို့ကလည်း သဘောကျခဲ့တယ်'' လို့ ဒေါ်ခင်မာလာက ဆိုပါတယ်။

သူ့အနေနဲ့ အမျိုးသားတွေ မဲထက် အမျိုးသမီး မဲဆန္ဒရှင်တွေရဲ့ မဲကို ပိုအားထားခဲ့တယ်လို့ ဆိုပါတယ်။ တအိမ်ထောင်မှာ အမျိုးသားက တယောက်ထဲရှိတာ များပြီး အမျိုးသမီးက ပိုများတတ်တာကြောင့်လို့ ပြောပါတယ်။ တချို့နေရာတွေမှာတော့ အမျိုးသားပေးတဲ့ မဲအတိုင်း အမျိုးသမီးက အလိုလိုပေးဖို့ နှောင်ကြိုးတွေရှိခဲ့တယ်လို့ ဒေါ်ခင်မာလာက ဆိုပါတယ်။

မဲမထည့်ခင် တစ်လလောက် အလိုမှာ မဲအတွက်ပေးတာမျိုး မဟုတ်ဘဲ တစ်အိမ်ထောင်ကို ခြောက်ယောက်ရှိတယ်ဆိုရင် တစ်ယောက်ကို ငွေငါးသောင်းနှုန်းနဲ့ ချေးမယ်၊ တကယ်မဲထည့်တော့ နိုင်ရင် မုန့်ဖိုးပေးမယ့်အပြင် ချေးထားတာကိုပါ လျော်လိုက်မယ် ဆိုတဲ့သဘောတွေနဲ့ ပါတီတချို့က စည်းရုံးတာတွေ ပြန်ကြားရတယ်လို့ ဒေါ်ခင်မာလာက ပြောပါတယ်။ ဒါပေမယ့် အထောက်အထား သက်သေ ခိုင်ခိုင်မာမာ ပြလို့ မရလို့ ဒီ့အတွက် တရားဝင် တိုင်ကြားတာမျိုးတော့ မလုပ်ဘူးလို့ ဆိုပါတယ်။

ပြည်သူဟာ ဆင်းရဲမှုဒဏ် ခံနေရတာကြာနေပြီ ဖြစ်တာကြောင့် အခုလို ကိစ္စတွေအတွက် အပြစ်မတင်ချင်ပေမယ့် နိုင်ငံရေး လမ်းကြောင်းအရတော့ လွဲသွားခဲ့ပြီလို့ သူက ယူဆနေပါတယ်။

ဒါကြောင့် ရေရှည်မှာ ပြည်သူ့အကျိုးအတွက် တကယ်လုပ်ဆောင်ပေးမယ့် ကိုယ်စားလှယ်ကို ရွေးချယ်ခွင့်ဟာ ပြည်သူလက်ထဲမှာ ရှိတယ်ဆိုတာကို နောက်လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ရည်မှန်းချက်ထားပြီး အသိပညာပေးသွားဖို့ NDF ပါတီ အနေနဲ့ ရည်ရွယ်ချက် ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ပြည်လုံးကျွတ် ရွေးကောက်ပွဲမှာတော့ ပါဝင်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေထဲ အမျိုးသမီး (၁၃) ရာခိုင်နှုန်း ပါဝင်ပြီး လွှတ်တော် အသီးသီးမှာလည်း အမျိုးသမီးကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်း ပါဝင်တာကြောင့် အမျိုးသမီးပါဝင်မှု တိုးတက်လာတယ်လို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး မစ်ရှင်အဖွဲ့ Gender Concerns International အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီတုန်းက ချင်းပြည်နယ် တီးတိန်မြို့နယ် ကနေပြီး ချင်းတိုးတက်ရေး ပါတီ (CPP ) ကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ဒေါ်ဝုန်ဆွင်းဒိမ်း (ခ) ဒေါ်စုက ကတော့ အဲဒီချိန်က အမျိုးသမီးတွေဟာ နိုင်ငံရေးမှာ လုပ်နိုင်စွမ်း ရှိမှာ မဟုတ်ဘူး ဆိုပြီး ပြောဆို ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

"ချင်းတွေက အမျိုးသမီးကို ဦးစားမပေးဘူးလေ ၊ ရိုးရာထုံးစံအရကိုက အမျိုးသမီးတွေကို နှိမ်ထားကြတယ်၊ ဒါပေမယ့် အမျိုးသမီးတွေလည်း လုပ်နိုင်တယ်ဆိုတာ ပြချင်လို့ ဝင်ပြိုင်ခဲ့တာ" လို့ သူ့ ခံယူချက်ကို ပြောပါတယ်။ မဲဆွယ်စည်းရုံးရာမှာ ငွေကြေးမလုံလောက်မှု၊ အမျိုးသားတွေထက် နာမည်ကျော်ကြားမှု မရှိတာတွေလည်း ပါဝင်မယ်လို့ထင်ကြောင်း ဒေါ်ဝုန်ဆွင်းဒိမ်းက ဆိုပါတယ်။

ဗီဒီယို ပုံစာ, ရွေးကောက်ပွဲ ၂ နှစ်ပြည့် အသံများ

ဒါပေမယ့် ဒီဘက် နှစ်တွေ အရောက်မှာတော့ အမျိုးသမီး ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ပို လုပ်ကိုင်လာပြီး အမျိုးသမီးတွေဘက်က လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးပါမယ်၊ ဝင်ပြိုင်ပါ ဆိုတဲ့ တောင်းဆိုသံတွေ ပြန်ကြားလာရလို့ သူ အနေနဲ့ ဝမ်းသာအားတက်ပြီး ၂၀၂၀ မှာ ဝင်ပြိုင်ဖို့ စိတ်ကူးရှိတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ ခဲ့ပြီး ရက်ပိုင်း အတွင်းမှာပဲ ပြုလုပ်ခဲ့တဲ့ အမေရိကန်က လွှတ်တော်သက်တမ်းဝက် ရွေးကောက်ပွဲမှာတော့ အသက် ၂၉ နှစ်အရွယ် ဒီမိုကရက် လွှတ်တော် အမတ်လောင်း အလက်ဇန်းဒရား-အိုကာစီယို- ကော်တက်ဇ်ကတော့ ရွေးချယ်တင်မြှောက် ခံခဲ့ရပါပြီ။

မြန်မာပြည်မှာလည်း အမြင်တွေ ပြောင်းလဲဖို့နဲ့ အမျိုးသမီးအချင်းချင်း မဲပေးဖို့ လှုပ်ရှားမှုတွေကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်အထိ အစိုးရ အဖွဲ့နဲ့ လွှတ်တော်ထဲမှာ အမျိုးသမီးပါဝင်မှုနှုန်း နည်းနေသေးပြီး တိုင်းပြည်အတွက် အရေးပါတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေထဲမှာလည်း အဓိကကျတဲ့ နေရာတွေမှာ အမျိုးသမီးအသံတွေ နည်းပါးနေသေး တာကို ထောက်ပြကြပါတယ်။

လက်ရှိမှာ လူမှုရေး ထုံးတမ်း အစဉ်အလာတွေနဲ့ အခြား စီးပွားရေး၊ နိုင်ငံရေး အခြေအနေတွေ ကြောင့် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ရွေးကောက်ပွဲမှာ အမျိုးသား ကိုယ်စားလှယ်တွေနဲ့ ယှဉ်နိုင်ဖို့ ခက်ခဲနေသေးတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ကိုယ်စားလှယ်လောင်း အမျိုးသမီး နိုင်ငံရေးသမားတွေကတော့ အခက်အခဲတွေ ရင်ဆိုင်ကျော်လွှားပြီး ရှေ့လာမယ့် ရွေးကောက်ပွဲအဆက်ဆက် အတွက် အားတင်း ပြင်ဆင်နေကြတယ်လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, ရွေးကောက်ပွဲ ၂ နှစ်ပြည့် အပြောင်းအလဲ