ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ် - မြန်မာနယ်စပ် မူဆယ်မှာ တရားမဝင်လာဖွင့်တဲ့ ဆေးရုံက ဆရာဝန်အပါအဝင် တရုတ်လူမျိုး ၆ဦးကိုဖမ်းဆီးထား
တရုတ် - မြန်မာ ၂ နိုင်ငံ နယ်စပ်မျဉ်းအနီးက မြန်မာဘက်အခြမ်းမှာ တရုတ်မြန်မာ ချစ်ကြည်ရေးဆေးရုံလို့ အမည်တပ်ထားပြီး ဆေးကုသမှုတွေလုပ်ဆောင်ပေးနေတဲ့ ဆေးရုံတစ်ရုံကို သွားရောက်စစ်ဆေးရာမှာ တရားမဝင်ဖွင့်လှစ်ထားတဲ့ဆေးရုံဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ မူဆယ်ဆေးရုံက ဆေးလူမှု ဆက်ဆံရေး အရာရှိ ဒေါ်မြမြစန်းက ဘီဘီစီကိုပြောပါတယ်။
' ' ဆေးရုံကိုသွားစစ်တော့ သူတို့က ဂျုတီကုတ်တွေဝတ်ထားပြီး မေးတာတွေကို တရုတ်လိုပဲပြောတယ် ။ မြန်မာလိုဘာမှမဖြေနိုင်ဘူး။ ကုနေတာကတော့အစုံပဲ သားဖွားမီးယပ် ၊ အမျိုးသားရောဂါ၊ ထိခိုက်တာ အစုံပေါ့ ကလေးဖျက်ချပေးတာတွေလည်းပါတယ်။ သူတို့ဖွင့်တာ ကျန်းမာရေးဌာနကို စာတင်ပြီး လျှောက်ထားတာလည်းမရှိဘူး။ မူဆယ်ဆေးရုံကတောင် မသိဘူး။ ဆရာဝန်က ၃ဦး အမျိုးသမီး ၁ ဦးပါ တယ်၊ သားဖွားမီးယပ်ဆရာဝန်လို့ပြောတယ်။ သူတို့ကိုအထောက်အထားတွေပြခိုင်းတာ ဘာမှမပြနိုင်ဘူး။ အခုတော့ ရဲစခန်းမှာ သူတို့ကို စစ်နေတယ်။ '' လို့ ဒေါ်မြမြစန်းက တရားမဝင်ဖွင့်လှစ်ထားတဲ့ တရုတ် ဆေးရုံကို အောက်တိုဘာ ၁၉ရက်နေ့က သွားရောက်စစ်ဆေးခဲ့စဉ်ကတွေ့ရှိခဲ့တဲ့အခြေအနေတွေကို ပြောပြပါတယ်။
တရားမဝင်လာရောက်ဖွင့်လှစ်ထားတဲ့ တရုတ်ဆေးရုံဟာ မူဆယ်မြို့ရှိ ပြည်သူ့စစ်အဖွဲ့တစ်ခုနဲ့ ပူးပေါင်းပြီးဖွင့်လှစ်ထားတာလို့သိရပြီး အဆိုပါဆေးရုံကို မူဆယ်မြို့ကိုရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ၊ ကိုးကန့်လူမျိုးတွေအပါအဝင် ပန်ဆေးပြည်သူ့စစ်အဖွဲ့က တပ်ဖွဲ့ဝင်တွေ သွားရောက်ကုသခဲ့တာကို ဆေးမှတ်တမ်း တွေနဲ့ ဆေးကုသပေးနေတဲ့ တရုတ်ဆရာဝန်တွေကို ကနဦးစစ်မေးချက်တွေအရသိရတယ်လို့ ဆိုပါတယ်။
' ' သွားစစ်တဲ့နေ့ကတော့ အဖွဲ့စုံပါတယ်။ နယ်ထိန်းအဖွဲ့ပါတယ်၊ ကျန်းမာရေးပါတယ်၊ လဝကပါတယ်၊ မြို့နယ်ထွေအုပ်ပါတယ်၊ ရဲကမြို့နယ်မှူးပါတယ်။ ကျန်းမာရေးဘက်ကတော့ ဆေးရုံမှာရှိတဲ့ သက်သေခံ ပစ္စည်းတွေ ဆေး တွေ ဘာတွေတော့ သိမ်းနေတာပေါ့လေ။ ဆေးရုံကိုတော့ ချိတ်ပိတ်ထားလိုက်ပြီ ။ နေရာက ပြည်သူ့စစ်အဖွဲ့ရဲ့ နေရာမှာဆိုတော့ သူတို့ကတရားဝင်လိုလိုဘာလိုလိုနဲ့ ဖွင့်ထားတာ။ အခုမှ ကျန်းမာရေးဌာနကိုသေချာ မေးတော့မှ သူတို့ကို တရားဝင် အကြောင်းကြားထားတာမရှိဘူး ဆိုတာကို သိရတာ'' လို့
မူဆယ်မြို့နယ် ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
အဆိုပါဆေးရုံကို တရုတ် - မြန်မာနှစ်နိုင်ငံ နယ်စပ်အနီး မူဆယ်မြို့ စွမ်စော်ရပ်ကွက် မူဆယ် - နမ့်ခမ်း ပြည်ထောင်စုလမ်းမကြီးပေါ်မှာ အောက်တိုဘာ ၅ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တယ်လို့သိရပြီး သွားရောက် စစ်ဆေးချိန်မှာ တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံသား ဆရာဝန် ၃ ဦးအပါအဝင်တရုတ်နိုင်ငံသား ၆ ဦးနဲ့ ဘာသာပြန် မြန်မာလူမျိုး ၃ ဦး စုစုပေါင်း ၉ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး မြန်မာ့ဆေးကောင်စီဥပဒေအပြင် လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ပါ အရေးယူသွားဖို့ရှိတယ်လို့ မူဆယ်ရဲတပ်ဖွဲ့ကနေသိရပါတယ်။
ကျန်းမာရေးဌာနကတာဝန်ရှိသူတွေဘက်က ဒီဆေးရုံဟာ အောက်တိုဘာ ၅ရက်နေ့မှ စဖွင့်တာလို့ ပြောဆိုခဲ့ပေမယ့် မူဆယ်ဒေသခံတဦးဖြစ်တဲ့ ဦးသောင်းထွန်းကတော့ ' ' အဲဒီဆေးရုံကိုတွေ့တာတော့ ၂ လလောက်ရှိပြီ။ မူဆယ်က ဒေသခံတွေတော့ သွားကုတာတော့ မရှိဘူး။ ဒါပေမယ့် မူဆယ်မှာရှိတဲ့ တရုတ်တွေ နောက် ကိုးကန့်တို့ ဝ တို့ကတော့ သွားကုတယ်လို့ ကြားရတယ်။'' လို့ ဘီဘီစီကိုပြောပါတယ်။