ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မူဆယ်က တရုတ်နယ်ခြား အငြင်းပွားမှုမှာ လက်နက်ကိုင် တရုတ်တပ်တွေ ဝင်လာ
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်က ဆင်ဖြူဂိတ်ပေါက် နားကို တရုတ်တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး နယ်စပ်ခြံစည်းရိုးပေါ်မှာ မြန်မာဘက်က အဆောက်အအုံ တခု ဆောက်နေတာကို ကန့်ကွက်ခဲ့ပါတယ်။
ဆင်ဖြူဈေး ကော်မတီရုံး ဆောက်လုပ်ဖို့ အုတ်မြစ်ချထားတဲ့ နေရာကို တရုတ်ဘက်က လာရောက် တားဆီးခဲ့တာ ဖြစ်ပါတယ်။
ကန့်ကွက်ခံရတဲ့ အဆောက်အအုံ ဆောက်ထားတဲ့ နေရာက နှစ်နိုင်ငံ နယ်စပ် စည်းမျဉ်းနဲ့ မလွတ်ကင်းတဲ့နေရာ ဖြစ်နေတဲ့အတွက် နယ်နိမိတ် အနေအထားအရ ဆောက်လို့မရတဲ့ အနေအထားဖြစ်သလို မြေပြင် အနေအထား အရလည်း လက်ရှိ အဆောက်အအုံက တရုတ်ဘက်ကို ရောက်နေတယ်လို့ မူဆယ်မြို့ခံ တဦး ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မူဆယ်မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်စန်းစန်းထွေးက ဘီဘီစီကို ပြောပါတယ်။
ဒီ ဖြစ်စဉ်ကို တရုတ်ဘက်က လာတားရာမှာ နယ်ခြားစောင့်တပ်၊ ရဲတပ်ဖွဲ့နဲ့ တရုတ် တပ်မတော် တို့ ပါဝင်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ အသုံးပြုခဲ့ပါတယ်။
မြန်မာအစိုးရဘက်က တရုတ်လက်နက်ကိုင်တပ်ဖွဲ့ နယ်ခြားကို ဝင်ရောက်လာမှု အပေါ် တရားဝင် ကန့်ကွက်ထားပြီး သံတမန်နည်းနဲ့ ဖြေရှင်းဖို့ ရှိတယ်လို့ မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန်က ဘီဘီစီကို ပြောပါတယ်။
ကန့်ကွက်ခံရတဲ့ အဆောက်အအုံ ဆောက်လုပ်မှုနဲ့ ပတ်သက်ပြီး စိစစ်နေကာ လောလောဆယ်မှာတော့ အဆောက်အအုံ ဆောက်လုပ်တာကို ရပ်နားထားတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်ကို တရုတ်ဘက်ကလည်း ဘေဂျင်းမှာ ရုံးထိုင်တဲ့ နယ်စပ်ရေးရာ ကောင်စီဝင်ကို တင်ပြသွားမယ်လို့ သိရပါတယ်။
လက်ရှိ အခြေအနေမှာတော့ နှစ်နိုင်ငံက သက်ဆိုင်ရာ အာဏာပိုင် အရာရှိတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ရောက်ရှိနေပြီး နှစ်ဘက် ညှိနှိုင်းနေတယ်လို့ မူဆယ် မြို့ ဒေသခံတွေက ပြောပါတယ်။ ။