ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မူဆယ် လောင်းကစားရုံ ပစ်ခတ်မှု တအာင်းရှေ့နေ ရုံးထုတ်
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်က လောင်းကစားရုံနားမှာ ဒီဇင်ဘာလ ၂၁ရက်နေ့က ဖြစ်ပွားခဲ့တဲ့ သေနတ် ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ဖမ်းဆီးခံ ထားရတဲ့ တအာင်း ရှေ့နေ မိုင်းမျိုးအောင်ကို မူဆယ်တရားရုံးမှာ မနေ့က ရုံးထုတ် ရမန်ယူခဲ့ပါတယ်။
မိုင်းမျိုးအောင်ကို အမှုဖွင့်ထားသူကတော့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ လောင်းကစားရုံနဲ့ အပေါင်ဆိုင် တွဲဖွင့်ထားတဲ့ ဆိုင်ရဲ့ မန်နေဂျာဖြစ်သူ ဦးမြင့်ထွေးဆိုသူ ဖြစ်တယ်လို့ တအာင်း ဥပဒေ အထောက်အကူပြုအဖွဲ့က မိုင်းရှိန်းထွန်းက ပြောပါတယ်။
မိုင်းမျိုးအောင်ဟာ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ ဆိုင်နားကို သွားရောက်ခဲ့တယ်လို့ သိရပြီး အဲဒီနေ့မှာပဲ သူစီးလာတဲ့ ကားနဲ့အတူ မူဆယ်တောင်ရပ်ကွက်မှာ မသင်္ကာမှုနဲ့ အမှုလိုက် ရဲတွေရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။
ပစ်ခတ်မှု ဖြစ်နေတုန်း စီစီတီဗီ မှတ်တမ်းအရ မျက်နှာမြင်ရသူ တယောက်နဲ့ အခြားမျက်နှာဖုံး တပ်ထားသူတဦး ကတော့ လွတ်မြောက်နေတယ်လို့ မူဆယ်ရဲတပ်ဖွဲ့က ဘီဘီစီကို ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြောခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်နေ့က ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုမှာ တဦးသေဆုံးပြီး တဦးဒဏ်ရာရခဲ့တယ်လို့ ပြည်ထဲရေးက အစောပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
တအာင်း အဖွဲ့အစည်းတွေဘက်ကတော့ သူ့မှာ အပြစ်မရှိဘူးလို့ ယုံကြည်နေကြပြီး သူအဲဒီနေရာမှာ ရှိနေတဲ့အချိန်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ အချိန်ဟာ အချိန်ကွာဟမှုရှိတယ်လို့ တအာင်း ဥပဒေ အကျိုးဆောင်အဖွဲ့က မိုင်းရှိန်းထွန်းက ပြောပါတယ်။
မိုင်းမျိုးအောင်ကို ဇန်နဝါရီ ၁၇ ရက်နေ့မှာ ရုံးတင်စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ရမန်ယူတဲ့နေ့အထိ သူ့ကို ဘာပုဒ်မနဲ့ အမှုဖွင့် ထားသလဲဆိုတာ မသိရသေးဘူးလို့ ဇနီးဖြစ်သူ လွေအီအွယ်က ပြောပါတယ်။