တရုတ် - မြန်မာနယ်စပ် မူဆယ်မှာ တရားမဝင်လာဖွင့်တဲ့ ဆေးရုံက ဆရာဝန်အပါအဝင် တရုတ်လူမျိုး ၆ဦးကိုဖမ်းဆီးထား

တရုတ် - မြန်မာနှစ်နိုင်ငံ နယ်စပ်၊ မူဆယ် - နမ့်ခမ်း ပြည်ထောင်စုလမ်းမကြီးပေါ်မှာလာရောက်ဖွင့်လှစ်ခဲ့တဲ့ တရုတ်ဆေးရုံ

ဓာတ်ပုံ ရင်းမြစ်, KOMYOGYI

ဓာတ်ပုံ ပုံစာ, တရုတ် - မြန်မာနှစ်နိုင်ငံ နယ်စပ်၊ မူဆယ် - နမ့်ခမ်း ပြည်ထောင်စုလမ်းမကြီးပေါ်မှာလာရောက်ဖွင့်လှစ်ခဲ့တဲ့ တရုတ်ဆေးရုံ

တရုတ် - မြန်မာ ၂ နိုင်ငံ နယ်စပ်မျဉ်းအနီးက မြန်မာဘက်အခြမ်းမှာ တရုတ်မြန်မာ ချစ်ကြည်ရေးဆေးရုံလို့ အမည်တပ်ထားပြီး ဆေးကုသမှုတွေလုပ်ဆောင်ပေးနေတဲ့ ဆေးရုံတစ်ရုံကို သွားရောက်စစ်ဆေးရာမှာ တရားမဝင်ဖွင့်လှစ်ထားတဲ့ဆေးရုံဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ မူဆယ်ဆေးရုံက ဆေးလူမှု ဆက်ဆံရေး အရာရှိ ဒေါ်မြမြစန်းက ဘီဘီစီကိုပြောပါတယ်။

' ' ဆေးရုံကိုသွားစစ်တော့ သူတို့က ဂျုတီကုတ်တွေဝတ်ထားပြီး မေးတာတွေကို တရုတ်လိုပဲပြောတယ် ။ မြန်မာလိုဘာမှမဖြေနိုင်ဘူး။ ကုနေတာကတော့အစုံပဲ သားဖွားမီးယပ် ၊ အမျိုးသားရောဂါ၊ ထိခိုက်တာ အစုံပေါ့ ကလေးဖျက်ချပေးတာတွေလည်းပါတယ်။ သူတို့ဖွင့်တာ ကျန်းမာရေးဌာနကို စာတင်ပြီး လျှောက်ထားတာလည်းမရှိဘူး။ မူဆယ်ဆေးရုံကတောင် မသိဘူး။ ဆရာဝန်က ၃ဦး အမျိုးသမီး ၁ ဦးပါ တယ်၊ သားဖွားမီးယပ်ဆရာဝန်လို့ပြောတယ်။ သူတို့ကိုအထောက်အထားတွေပြခိုင်းတာ ဘာမှမပြနိုင်ဘူး။ အခုတော့ ရဲစခန်းမှာ သူတို့ကို စစ်နေတယ်။ '' လို့ ဒေါ်မြမြစန်းက တရားမဝင်ဖွင့်လှစ်ထားတဲ့ တရုတ် ဆေးရုံကို အောက်တိုဘာ ၁၉ရက်နေ့က သွားရောက်စစ်ဆေးခဲ့စဉ်ကတွေ့ရှိခဲ့တဲ့အခြေအနေတွေကို ပြောပြပါတယ်။

တရုတ်နိုင်ငံသား ဆရာဝန် ၃ ဦးအပါအဝင် တရုတ်နိုင်ငံသား ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထား

ဓာတ်ပုံ ရင်းမြစ်, KOMYOGYI

ဓာတ်ပုံ ပုံစာ, တရုတ်နိုင်ငံသား ဆရာဝန် ၃ ဦးအပါအဝင် တရုတ်နိုင်ငံသား ၆ ဦးကို ဖမ်းဆီးထိန်းသိမ်းထား

တရားမဝင်လာရောက်ဖွင့်လှစ်ထားတဲ့ တရုတ်ဆေးရုံဟာ မူဆယ်မြို့ရှိ ပြည်သူ့စစ်အဖွဲ့တစ်ခုနဲ့ ပူးပေါင်းပြီးဖွင့်လှစ်ထားတာလို့သိရပြီး အဆိုပါဆေးရုံကို မူဆယ်မြို့ကိုရောက်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ၊ ကိုးကန့်လူမျိုးတွေအပါအဝင် ပန်ဆေးပြည်သူ့စစ်အဖွဲ့က တပ်ဖွဲ့ဝင်တွေ သွားရောက်ကုသခဲ့တာကို ဆေးမှတ်တမ်း တွေနဲ့ ဆေးကုသပေးနေတဲ့ တရုတ်ဆရာဝန်တွေကို ကနဦးစစ်မေးချက်တွေအရသိရတယ်လို့ ဆိုပါတယ်။

' ' သွားစစ်တဲ့နေ့ကတော့ အဖွဲ့စုံပါတယ်။ နယ်ထိန်းအဖွဲ့ပါတယ်၊ ကျန်းမာရေးပါတယ်၊ လဝကပါတယ်၊ မြို့နယ်ထွေအုပ်ပါတယ်၊ ရဲကမြို့နယ်မှူးပါတယ်။ ကျန်းမာရေးဘက်ကတော့ ဆေးရုံမှာရှိတဲ့ သက်သေခံ ပစ္စည်းတွေ ဆေး တွေ ဘာတွေတော့ သိမ်းနေတာပေါ့လေ။ ဆေးရုံကိုတော့ ချိတ်ပိတ်ထားလိုက်ပြီ ။ နေရာက ပြည်သူ့စစ်အဖွဲ့ရဲ့ နေရာမှာဆိုတော့ သူတို့ကတရားဝင်လိုလိုဘာလိုလိုနဲ့ ဖွင့်ထားတာ။ အခုမှ ကျန်းမာရေးဌာနကိုသေချာ မေးတော့မှ သူတို့ကို တရားဝင် အကြောင်းကြားထားတာမရှိဘူး ဆိုတာကို သိရတာ'' လို့

မူဆယ်မြို့နယ် ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

တရုတ် - မြန်မာ ချစ်ကြည်ရေးဆေးရုံ လို့အမည်တပ်ထားတဲ့ ဆေးရုံကိုသွားရောက်စစ်ဆေးစဉ်မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, KOMYOGYI

ဓာတ်ပုံ ပုံစာ, တရုတ် - မြန်မာ ချစ်ကြည်ရေးဆေးရုံ လို့အမည်တပ်ထားတဲ့ ဆေးရုံကိုသွားရောက်စစ်ဆေးစဉ်မြင်ကွင်း

အဆိုပါဆေးရုံကို တရုတ် - မြန်မာနှစ်နိုင်ငံ နယ်စပ်အနီး မူဆယ်မြို့ စွမ်စော်ရပ်ကွက် မူဆယ် - နမ့်ခမ်း ပြည်ထောင်စုလမ်းမကြီးပေါ်မှာ အောက်တိုဘာ ၅ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တယ်လို့သိရပြီး သွားရောက် စစ်ဆေးချိန်မှာ တွေ့ရှိခဲ့တဲ့ တရုတ်နိုင်ငံသား ဆရာဝန် ၃ ဦးအပါအဝင်တရုတ်နိုင်ငံသား ၆ ဦးနဲ့ ဘာသာပြန် မြန်မာလူမျိုး ၃ ဦး စုစုပေါင်း ၉ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး မြန်မာ့ဆေးကောင်စီဥပဒေအပြင် လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေနဲ့ပါ အရေးယူသွားဖို့ရှိတယ်လို့ မူဆယ်ရဲတပ်ဖွဲ့ကနေသိရပါတယ်။

ကျန်းမာရေးဌာနကတာဝန်ရှိသူတွေဘက်က ဒီဆေးရုံဟာ အောက်တိုဘာ ၅ရက်နေ့မှ စဖွင့်တာလို့ ပြောဆိုခဲ့ပေမယ့် မူဆယ်ဒေသခံတဦးဖြစ်တဲ့ ဦးသောင်းထွန်းကတော့ ' ' အဲဒီဆေးရုံကိုတွေ့တာတော့ ၂ လလောက်ရှိပြီ။ မူဆယ်က ဒေသခံတွေတော့ သွားကုတာတော့ မရှိဘူး။ ဒါပေမယ့် မူဆယ်မှာရှိတဲ့ တရုတ်တွေ နောက် ကိုးကန့်တို့ ဝ တို့ကတော့ သွားကုတယ်လို့ ကြားရတယ်။'' လို့ ဘီဘီစီကိုပြောပါတယ်။