အစိုးရအဖွဲ့ထိပ်ပိုင်းနေရာသစ်တွေမှာ စစ်တပ်အငြိမ်းစားတွေ အများဆုံးပါဝင်လာ

အသစ်ခန့်အပ်လိုက်တဲ့ အစိုးရအဖွဲ့ထိပ်ပိုင်းရာထူးတွေဖြစ်တဲ့ ဒုတိယဝန်ကြီး ၃ နေရာမှာ ၂နေရာနဲ့ အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကောင်စီရဲ့ ကောင်စီဝင် ၁ ဦးနေရာမှာ တပ်မတော်ကအငြိမ်းစား ယူလာတဲ့ အရာရှိတွေ ပါဝင်လာပါတယ်။

ဒါဟာ တပ်မတော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဦးဆောင်တဲ့ အစိုးရအကြား ဆက်ဆံရေးကိုဖော်ပြ နေတာလားလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေကြား သုံးသပ်ပြောဆိုတာတွေလည်း ရှိလာနေပါတယ်။

အောက်တိုဘာ ၁၅ ရက် ရက်စွဲနဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်တဲ့ ဒုတိယ ဝန်ကြီးတွေထဲမှာ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဒုတိယဝန်ကြီး အဖြစ် ဦးလှမောင်ဦး၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးကြည်မင်းနဲ့ နေပြည် တော်ကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်လိုက်တဲ့ ဦးညီထွန်းတို့ဟာ တပ်မတော်ကနေ အငြိမ်းစားယူထားပြီး အရပ်ဖက်အဖွဲ့ကို ရောက်ရှိလာသူတွေ ဖြစ်ပါတယ်။

အခုလို တပ်မတော်သားအရာရှိကြီးတွေကို အစိုးရအဖွဲ့မှာ ဒုဝန်ကြီးတွေအဖြစ် ခန့်အပ်လိုက်တဲ့အပေါ်

' ' ဒါက ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပုံအောပြီး မဲပေးလိုက်တယ်ဆိုတာက အပြောင်းအလဲကိုလိုချင်လို့။ အပြောင်းအလဲဆိုတဲ့နေရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကန့်သတ်ထား တဲ့နေရာတွေကလွဲရင် ဝန်ကြီး၊ဒုဝန်ကြီး နောက် အစိုးအရအကြီးအကဲနေရာမှာ အရပ်သားတွေနေရာ ရလာဖို့။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေအတွက် ပိုပြီးအလုပ်လုပ်နိုင်ဖို့ မဲပေးလိုက်တာလို့မြင်တယ်။အဲတော့ လက်ရှိဝန်ကြီးအဖွဲ့ထဲမှာရော ဒုဝန်ကြီးထဲမှာရော တပ်မတော်ကနေ အငြိမ်းစားယူတဲ့ပုဂ္ဂိုလ်တွေ၊ အာဏာရ ပါတီ ဟောင်းနဲ့ နီးစပ်တဲ့ပုဂ္ဂိုလ်တွေ ပါနေတာဟာ ပြည်သူလူထုကနေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပေးလိုက်တဲ့ ထောက်ခံမှုကို လက်တလုံးခြား လုပ်လိုက်တာလို့မြင်တယ်''

လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦး ဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းက သူ့ရဲ့အမြင်ကိုပြောပါတယ်။

အသစ်ခန့်အပ်လိုက်သူတွေထဲမှာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ခံလိုက်ရတဲ့ ဒေါက်တာရဲမြင့်ဆွေ တဦးသာ အရပ်ဘက်ကပါဝင်ပြီး သတ္တုတွင်းဝန်ကြီးဌာန၊ဘူမိဗေဒ လေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှာ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

သမ္မတကလက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်တဲ့ ဒုတိယဝန်ကြီးတွေနဲ့ နေပြည်တော်ကောင်စီဝင်ရဲ့ ကိုယ်ရေးအချက်အလက်တွေ နဲ့ပတ်သက်ပြီးတော့လည်း အစိုးရအဖွဲ့ အနေနဲ့ ပြည်သူလူထုကို ထုတ်ပြန် အသိပေးတာမျိုး မရှိခဲ့ပါဘူး။

' ' အခုအသစ်ခန့်လိုက်တဲ့သူတွေက ဘယ်လိုလူတွေဆိုတာ အစိုးရက မထုတ်ပြန်သလို ကျွန်တော်တို့လည်း ဘယ်လိုအခြေခံအချက်တွေနဲ့ ခန့်လိုက်သလဲ ဆိုတာမသိဘူး။ သိပ်ထူးထူးခြားခြား ထင်ထင်ရှားရှား မဟုတ် ကြတော့ မသိကြဘူးပေါ့။ ဒီထဲကမှ သာသနာရေးဒုဝန်ကြီး ခန့်လိုက်တဲ့ ဦးကြည်မင်းပေါ့။ သူကတော့ အမျိုးသားလွှတ်တော် ညွှန်ကြားရေးမှူးချုပ်ရာထူးကနေ အငြိမ်းစားယူထားတဲ့သူဖြစ်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးခင်အောင်မြင့်နဲ့ ရင်းနှီးတယ်လို့တော့ ပြောလို့ရတယ်ပေါ့။ ကျန်တဲ့ အချက်တွေတော့ ကျွန်တော်တို့လည်း မျက်စိလည်နေတယ်။'' လို့ အသစ်ခန့်အပ်လိုက်တဲ့ အစိုးရ အဖွဲ့ဝင် တွေထဲ တပ်မတော်အငြိမ်းစားအများစု ပါဝင်လာတဲ့အပေါ် တပ်မတော် အငြိမ်းစားအရာရှိ/ မော်ကွန်းတိုက်မှူးဟောင်း တဦးဖြစ်တဲ့ ဒေါက်တာအောင်မျိုးက ပြောဆိုပါတယ်။

နေပြည်တော်ကောင်စီဝင် အဖြစ်ခန့်အပ်ခံရတဲ့ ဦးညီထွန်းဟာ အငြိမ်းစားဗိုလ်မှူးချုပ်တဦးဖြစ်ပြီး စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ကောင်စီဝင်အဖြစ် တာဝန်ပေးမခံရခင် သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်တဦးဖြစ်ပြီး ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့ဝင်ဟောင်းတဦးလည်း ဖြစ်ပါတယ်။

တိုင်းရင်းသားရေးရာဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ်ခန့်အပ်ခံရတဲ့ ဦးလှမောင်ဦးကတော့ တပ်ဘက်ကနေ အငြိမ်းစားယူပြီးနောက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို ရောက်ရှိခဲ့တာပါ။ အဲဒီနောက် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနမှာ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ရာကနေ ဒုဝန်ကြီးဖြစ်လာခဲ့သူပါ။

ဒုဝန်ကြီးတွေရဲ့ တာဝန်က ဘာဆိုတာ တိတိကျကျ သတ်မှတ်ထားတာမျိုးမရှိသလို အဓိက ကတော့ ပြည်ထောင်စုဝန်ကြီးကို အထောက်အကူပြုပေးဖို့ပဲလို့ သိထားတယ်။ အဓိကကတော့ ဝန်ကြီးတွေ လုပ်ဆောင်ချက် အားနည်းလို့ပေါ့လို့ ဒုဝန်ကြီးတွေရဲ့ လုပ်ပိုင်ခွင့်၊ လုပ်ငန်းတာဝန် သတ်မှတ်ချက်မရှိတဲ့ အပေါ် ဒေါက်တာရန်မျိုးသိမ်းက မှတ်ချက်ပြုသလို အရင်ပါလီမန်လွှတ်တော်တုန်းကတည်းကလည်း ပါလီမန်အတွင်းဝန်၊ အခုခေတ်တော့ ဒုဝန်ကြီးရာထူးပေါ့။ အဲ့ဒီတုန်း ကတည်းက ဒုဝန်ကြီးရဲ့ လုပ်ငန်း တာဝန်က သေချာသတ်မှတ်ထားတာမျိုး မရှိတာလို့ ဒေါက်တာအောင်မျိုးကလည်း အလားတူမှတ်ချက်ပြုပါတယ်။

တပ်မတော် မော်ကွန်းတိုက် ညွှန်ကြားရေးမှူး အငြိမ်းစားတဦးလည်းဖြစ်တဲ့ ဒေါက်တာအောင်မျိုးက ' ' ရုတ်တရက်ကြည့်ရင်တော့ တပ်မတော်နဲ့ အစိုးရနဲ့ အဆင်ပြေလို့ ဒီလိုမျိုးခန့်နေတာလားလို့ ထင်ကောင်း ထင်နိုင်တာပေါ့နော်။ ဒါပေမယ့် ကျွန်တော်ကတော့ အဲ့လိုမထင်ပါဘူး။ ဒီလိုရာထူးမျိုးကို ထားလို့ စစ်တပ် ဘက်ကနေ သဘောတူလို့ ဒါကြီးကို ကျွန်တော့်လူပဲခန့်ပါလို့ သဘောမျိုးမဟုတ်ဘူး။ ကျွန်တော့အမြင်ပေါ့ဗျာ ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရအဖွဲ့ထဲမှာ သူနဲ့အစကတည်းက ရင်းနှီးပြီးတော့ တပ်ထဲက လာတဲ့ သူတွေလည်းရှိပါတယ်။ နာမည်တွေတော့ ထုတ်မပြောတော့ပါဘူး။ အဲလူတွေရဲ့ တဦးတယောက်ချင်းစီရဲ့ ထောက်ခံချက်အရနဲ့ ဒီစစ်သားတွေက ခိုင်းလိုက်လို့ရှိရင် အမိန့်နာခံတယ် လုပ်ရည်ကိုင်ရည် ရှိတယ် ဆိုတဲ့သဘောပဲ ဒီအတွေးအခေါ်နဲ့ ခန့်တယ်လို့ပဲမြင်တယ်။ တပ်မတော်နဲ့ ပြေလည်လို့ ခန့်တယ်ဆိုတာ ကတော့ လုံးဝမဖြစ်နိုင်ပါဘူး''လို့ တပ်နဲ့အစိုးရအဖွဲ့ရဲ့ ဆက်ဆံရေးအပေါ်သူ့ရဲ့အမြင်ကို ခိုင်ခိုင်မာမာပြောဆို ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကနေ တက်လာတဲ့ လက်ရှိအစိုးရအဖွဲ့ရဲ့ ဝန်ကြီးဌာန ၂၄ ခုမှာ ပြည်ထောင်စုဝန်ကြီး(၂၃) ဦးနဲ့ ဒုတိယဝန်ကြီး(၁၇) ဦးရှိခဲ့ပြီး အသစ်ခန့်အပ်လိုက်တဲ့ ဒုတိယဝန်ကြီး ၃ ဦးအပါအဝင် ဝန်ကြီး၊ ဒုဝန်ကြီးပေါင်း (၄၃) ဦး ရှိလာပြီဖြစ်ပါတယ်။