ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့ ရာထူး အပြောင်းအလဲ
ချင်းပြည်နယ် အစိုးရအဖွဲ့ထဲမှာ ရာထူးနေရာ အပြောင်းအလဲတွေ လုပ်ဖို့ သမ္မတထံ စာတင်ထားတယ်လို့ ချင်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ပူးဇိုဘွဲက ဘီဘီစီကို ပြောပါတယ်။
အပြောင်းအလဲလုပ်မယ့် ဝန်ကြီးနေရာတွေကတော့ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး၊ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှု ဝန်ကြီး၊ လူမှုရေး ဝန်ကြီးနေရာတွေ ဖြစ်ပြီး NLD အစိုးရ သက်တမ်းအတွင်း ချင်းပြည်နယ်မှာ ပထမဆုံး ရာထူးနေရာ အပြောင်းအလဲ ဖြစ်ပါတယ်။
လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရွှေထီးအို ကို စည်ပင်သာယာရေး ဝန်ကြီးနေရာ၊ စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှု ဝန်ကြီး ဆလိုင်း အိုက်ဇက်ခင် ကို လူမှုရေးဝန်ကြီး နေရာ၊ လူမှုရေး ဝန်ကြီး ပေါင်လွန်မင်းထန် ကို စည်ပင်သာယာရေး ဝန်ကြီးနေရာတွေမှာ ပြောင်းလဲ ထားရှိဖို့ သမ္မတဆီ စာတင်ထားတယ်လို့ ချင်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ပူးဇိုဘွဲက ပြောပါတယ်။
ဒီလို ပြောင်းလဲရတာဟာ ချင်းပြည်နယ် အစိုးရအနေနဲ့ လုပ်ငန်းတွေ ပိုမို အဆင်ပြေ ချောမွေ့ဖို့နဲ့ လွှတ်တော်ရဲ့ တောင်းဆိုချက်တွေကို အစိုးရအနေနဲ့ ပိုမို အကောင်အထည် ဖော်နိုင်ဖို့ ဖြစ်တယ်လို့ ပူးဇိုဘွဲက ပြောပါတယ်။
ဒီလို ပြောင်းလဲတာနဲ့ ပတ်သက်လို့ အခု ပြောင်းလဲခံရတဲ့ ဝန်ကြီးတွေ အနေနဲ့ မိမိတို့ အားသန်တဲ့ နေရာတွေမှာ လုပ်ဆောင်ဖို့ ညှိနှိုင်းမှုတွေ ရှိခဲ့ပြီး မူရင်းဌာနမှာ ဆက်လုပ်မယ် ဆိုရင်တော့ အကောင်းဆုံး ဖြစ်မယ်လို့ ထင်ကြောင်း လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်က ပြောပါတယ်။
အခုလို ဝန်ကြီးသုံးဦးကို ရာထူးနေရာ အပြောင်းအလဲ တင်ထားတာက ချင်းပြည်နယ် အစိုးရအဖွဲ့က ဖြစ်ပြီး ချင်းပြည်နယ် အစိုးရအဖွဲ့မှာ လက်ရှိတာဝန်ယူနေတဲ့ ဝန်ကြီးတွေက ခုနစ်ယောက်ရှိပါတယ်။
ဝန်ကြီးတွေ ရာထူးနေရာ အပြောင်းအလဲကြောင့် ချင်းပြည်နယ် အစိုးရရဲ့ လုပ်ငန်းတွေ ဒီထက် ပိုပြီး တိုးတက်လာမလား ဆိုတာကို စောင့်ကြည့်ဖို့တော လိုမယ် ဖြစ်ကြောင်း ချင်းပြည်နယ် လွှတ်တော် အမတ်တချို့က ဝေဖန်သုံးသပ်နေကြပါတယ်။