အစိုးရအဖွဲ့ ဒုဝန်ကြီး ရာထူးယူရန် SNLD ပါတီကို အစိုးရကမ်းလှမ်း

ပြည်ထောင်စုအဆင့် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီးရာထူးကို ယူနိုင်မလားဆိုပြီး အစိုးရဘက်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကို လွန်ခဲ့တဲ့ အပတ်အတွင်းက ကမ်းလှမ်းခဲ့တယ်လို့ ပါတီ တွဲဘက် အတွင်းရေးမှူး (၂) စိုင်းကျော်ညွန့်က ဘီဘီစီကို ပြောပါတယ်။

လွန်ခဲ့တဲ့ အပတ်အတွင်း အစိုးရဘက်က အလွတ်သဘော ကမ်းလှမ်းလာတာ ဖြစ်ပြီး ကျားခေါင်းပါတီ SNLD ဘက်က ရာထူးယူဖို့ စဉ်းစားချက် ရှိသလားဆိုတဲ့ သဘောနဲ့ မေးမြန်းလာခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရစတက်စဉ် ကလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို နာမည်တပ်ပြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ရာထူးရယူဖို့ ဒေါ်အောင်ဆန်း စုကြည်က ကမ်းလှမ်း ခဲ့ပေမယ့် အဲဒီတုန်းကတော့ ကျားခေါင်းပါတီဘက်က ရာထူးရယူဖို့ ငြင်းပယ်ခဲ့ပါတယ်။

ဒီတကြိမ်မှာတော့ ပါတီထဲက တဦးဦးအနေနဲ့ ဒီတာဝန်ယူနိုင်မလားဆိုပြီး ကမ်းလှမ်း လာတာ ဖြစ်ပေမယ့် ပါတီအနေနဲ့ ရာထူးရယူဖို့ ဆိုတဲ့ ကိစ္စကတော့ ပါတီရဲ့ မူဝါဒအရ အဖွဲ့အစည်း အချင်းချင်း ဘယ်လို ပူးပေါင်း ဆောင်ရွက်ကြမလဲ၊ ဘယ်လို အလုပ်အတူလုပ်ကြမလဲဆိုတဲ့ နိုင်ငံရေးအရ ကြိုတင် သဘောတူညီချက်တွေ ရှိပြီးမှသာ ရာထူးလက်ခံ ရယူဖို့ နီးစပ်နိုင်မယ်လို့ စိုင်းကျော်ညွန့်က ပြောပါတယ်။

တိုင်းရင်းသားပါတီ တပါတီကို ဝန်ကြီးတနေရာလောက် ပေးလိုက်မယ် ဆိုတဲ့ သဘောလောက်နဲ့ ပေးတာမျိုးကိုတော့ ပါတီမူဝါဒအရ လက်ခံမှာ မဟုတ်ဘူးလို့လည်း ကျားခေါင်း ပါတီဘက်က ပြောပါတယ်။

တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနဟာ အစိုးရသစ်လက်ထက်မှာ စတင်ဖွဲ့စည်းတဲ့ ဝန်ကြီးဌာန ဖြစ်ပြီး ဌာနရဲ့ လုပ်ပိုင်ခွင့်ကလည်း တိတိပပ များများစားစား မရှိသေးတဲ့အတွက် စဉ်းစားစရာဖြစ်နေပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဘယ်လို အခန်းကဏ္ဍက ပါရမလဲ အတူပူးပေါင်းတဲ့အချိန်မှာ ဘယ်လိုသွားကြမလဲ ဆိုတဲ့ ကိစ္စတွေက ကြေကြေလည်လည် ဆွေးနွေးတယ်ဆိုရင်တော့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်ပြေနိုင်မယ် လို့လည်း စိုင်းကျော်ညွန့်က ပြောပါတယ်။

အန်အယ်လ်ဒီ အစိုးရ စတင်ဖွဲ့စည်းစဉ်ကတော့ လွှတ်တော်မှာ အမတ်နေရာ ၄၀ ကျော်ရထားတဲ့ SNLD ပါတီရဲ့ ခေါင်းဆောင် ခွန်ထွန်းဦးက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ရာထူးကို တိုင်းရင်းသားတွေကို ဦးစားပေး သင့်တယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

ဒီကိစ္စအပေါ် သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကို မေးကြည့်တော့ သူ့အနေနဲ့ သိရှိထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။