ဝန်ကြီးနဲ့ ဝန်ကြီးချုပ်တွေ ဥပဒေလိုက်နာဖို့ ဗဟိုအစိုးရက ဘာကြောင့် အမိန့်ထုတ်

ပြည်နယ် ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ သမ္မတကို တာဝန်ခံဖို့ ထုတ်ပြန်လိုက်တဲ့ အစိုးရရဲ့ ညွှန်ကြားချက်ဟာ ဘယ်သူ့ကို ပြောမှန်း ရှင်းရှင်း လင်းလင်း မသိရ သလို ဘာကြောင့် ထုတ်ပြန် မှန်းလည်း မသိရဘူးလို့ လွှတ်တော် အမတ် တစ်ယောက်က ဝေဖန်လိုက်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် တွေနဲ့ အညီ လိုက်နာ ဆောင်ရွက်ဖို့ မြန်မာနိုင်ငံ ပြည်နယ်နဲ့တိုင်း အသီးသီးက ဝန်ကြီးတွေနဲ့ သက်ဆိုင်ရာ ဝန်ကြီးချုပ်တွေကို ရည်ညွှန်းတဲ့ ညွှန်ကြားချက် တစ်စောင်ကို နိုင်ငံတော် သမ္မတရုံးက မေလ ၂၉ ရက်နေ့က ထုတ်ပြန် လိုက်တာ ဖြစ် ပါတယ်။

ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်တွေက နိုင်ငံတော် သမ္မတကို တာဝန်ခံရမယ်၊ ဒါ့အပြင် ပြည်နယ်နဲ့တိုင်း ဝန်ကြီးတွေ ကလည်း သူတို့နဲ့ သက်ဆိုင်တဲ့ ဝန်ကြီးချုပ်တွေက တဆင့် သမ္မတ ကို အဆင့်ဆင့် တာဝန်ခံ ရမယ်ဆိုတဲ့ ဖွဲ့စည်းပုံ ဥပဒေ ပြဋ္ဌာန်းချက်တွေအတိုင်း လိုက်နာ ဆောင်ရွက်ဖို့ ထပ်မံ သတိပေးလိုက်တာ ဖြစ်ပါတယ်။

ဒီလို ဝန်ကြီးတွေ၊ ဝန်ကြီးချုပ်တွေ ဆိုတဲ့ နိုင်ငံရေး အရ ရာထူး အဆင့်မြင့်မား သူတွေကို အခုလို သတိပေးရခြင်းဟာ အာဏာရ ပါတီကြီး အတွင်းမှာ ဖွဲ့စည်းပုံ နဲ့ ပတ်သက်တဲ့ ရှင်းလင်း ပြောပြမှုတွေ မရှိတာ မြင်ရပြီး ဝန်ကြီးတွေ ကိုယ်တိုင် ဖွဲ့စည်းပုံကို ဖတ်ရဲ့လားလို့ မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက မေးခွန်းထုတ် ပါတယ်။

အခု ညွှန်ကြားချက်ဟာ အစိုးရအဖွဲ့ ဝန်ကြီးတွေက ထင်သလို လုပ်နေကြလို့ သမ္မတက ထိန်းတဲ့ သဘော ဖြစ်တယ်လို့ သူ့ရဲ့ အမြင်ကို ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အချက်တွေကို အခု အချိန်မှာ ပြန်ထောက်ပြပြီး သတိပေးရတာဟာ သမ္မတက တိုက်ရိုက် ခန့်ထားတာ မဟုတ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့က ပြည်နယ်နဲ့တိုင်း ဝန်ကြီးတွေက ပူးပေါင်း ဆောင်ရွက်မှု မရှိလို့လား ဆိုတဲ့ မေးခွန်းထုတ် ပြောဆိုမှုတွေလည်း ကြားနေရပါတယ်။

ဦးဦးလှစောက တော့ အခု သတိပေးချက်ဟာ ဘယ်သူတွေကို ရည်ညွှန်းတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ ပြောပါတယ်။

သူ့အနေနဲ့ အစိုးရရဲ့ အုပ်ချုပ်ရေး စနစ်က ဘယ်လို ပုံစံရှိတယ် ဆိုတာ မသိလို့ ကျန်တဲ့ ပြည်နယ်နဲ့တိုင်း ဝန်ကြီးဌာနတွေရဲ့ လုပ်ဆောင်မှု တွေကို မသိပေမဲ့ ရခိုင်ပြည်နယ်မှာတော့ ဘဏ္ဍာရေးနဲ့ ဆိုင်တဲ့ ဝန်ကြီးတွေတစ်ယောက်ကို စွပ်စွဲ ပြစ်တင်မှု ဆောင်ရွက်ထားတာ၊ ဝန်ကြီးတွေရဲ့ အရည်အချင်း မပြည့်မီမှု၊ တာဝန်ယူမှု တာဝန်ခံမှု မရှိတာတွေ တွေ့နေရတယ်လို့လည်း ဦးဦးလှစောက ပြောပါတယ်။

ဒါတွေကို ကိုင်တွယ် ဖြေရှင်းဖို့ရာ အခုလို ညွှန်ကြားချက် ထုတ်ပြန်ရုံနဲ့ မလုံလောက်ဘဲ လိုက်နာ ဆောင်ရွက်ခြင်း မရှိသူတွေကို တိတိကျကျ ခေါ်ယူ ဆွေးနွေးလိုက်တာက ပိုကောင်းတယ်လို့ သူက ထောက်ပြပါတယ်။