ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမျိုးသားနိုင်ငံရေးပါတီအမည်နဲ့ ဗိုလ်ချုပ်ဟောင်းတွေ မှတ်ပုံတင်
အငြိမ်းစား ဗိုလ်ချုပ်ဟောင်း တချို့ဟာ အမျိုးသား နိုင်ငံရေးပါတီအမည်နဲ့ နိုင်ငံရေး ပါတီတစ်ခု တည်ထောင် ဖို့ လာရောက်လျှောက် ထားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။
ပါတီ တည်ထောင်ဖို့ ပြီးခဲ့တဲ့ဇူလိုင်က လာရောက်လျှောက်ထား ခဲ့ကြတာ ဖြစ်ပါတယ်။
နေပြည်တော်က ယခင် စီးပွားကူးသန်း ဝန်ကြီးဟောင်း ဦးဝင်းမြင့်ပိုင်တဲ့ ရတနာ သိင်္ခဟိုတယ်မှာ ပါတီ ဖြစ်မြောက်ရေး အတွက် ဆွေးနွေးခဲ့ ကြတာ ဖြစ်ပါတယ်။
အမျိုးသား နိုင်ငံရေး ပါတီ အမည်နဲ့ ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့သူကတော့ သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးမောင်ဖြစ်ပြီး ဦးလွန်းမောင်နဲ့ ဦးကျော်သူ စတဲ့ နာမည်တွေ ပါ၀င် တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။
ခုချိန်မှာတော့ တည်ထောင်ခွင့် လျှောက်ထားတဲ့ အဆင့်သာ ရှိပြီး အဲဒီနောက် မှတ်ပုံတင် ပြန်လျှောက်ရမှာလို့ သူက ဆိုပါတယ်။
လက်ရှိမှာ တခြား ဌာနတွေ ဖြစ်တဲ့ လူ၀င်မှု ကြီးကြပ်ရေး နဲ့ ပြည်ထဲရေး တို့က စိစစ်လျက် ရှိပြီး သူတို့ဆီက ပြန်လာရင်တော့ ကော်မရှင် လက်ထဲမှာ စစ်ဆေးမှုတွေက ကြာမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
ဦးဆောင် လျှောက်ထားသူ ဦးစိုးမောင်ဟာ စစ်တက္ကသိုလ် အမှတ်စဉ် ၁၇ သင်တန်းဆင်း တစ်ဦးဖြစ်ပြီး မြန်မာ့တပ်မတော်မှာ ဒုတိယ ဗိုလ်ချုပ်ကြီးရာထူးနဲ့ စစ်ဥပဒေချုပ် တာဝန်ကို ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲမှာတော့ ရေစကြို မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ကြံ့ခိုင်ရေး ပါတီက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ သမ္မတ ရုံး ဝန်ကြီး အဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီရဲ့ ရေစကြို မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။
ပါတီ တည်ထောက်ဖို့ လျှောက်ထားသူထဲမှာ ပါဝင်တဲ့ ဦးလွန်းမောင်ဟာ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်က စစ်ရင်းစစ်ချုပ် တာဝန်ယူခဲ့တဲ့ အငြိမ်းစား ဗိုလ်ချုပ် လွန်းမောင်လို့ ဦးမြင့်နိုင် ကပြောပါတယ်။
ဦးလွန်းမောင် ဟာ စစ်တက္ကသိုလ် အမှတ်စဉ် ၁၂ သင်တန်းဆင်း တစ်ဦး ဖြစ်ပြီး သူရဦးရွှေမန်း တပ်မမှူး တာဝန် ထမ်းဆောင်စဉ်က သူက ဒုတပ်မမှူး တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
အမျိုးသား နိုင်ငံရေး ပါတီအမည်နဲ့ လျှောက်ထားတဲ့ ပါတီဟာ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းနဲ့ ပတ်သက်မှု မရှိနိုင်ဘူးလို့ ဆိုပါတယ်။
ဦးလွန်းမောင်ဆိုရင် လွှတ်တော်က အသုံးချသွားတယ် ဆိုတဲ့ သဘောမျိုး တချို့က ပြောနေကြသလို ဒါတွေဟုတ်မဟုတ် မသိပေမယ့် သူ့အနေနဲ့တော့ သူရဦးရွှေမန်းနဲ့ ပတ်သက်တယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ကြောင်း သူရဦးရွှေမန်း ဦးဆောင်တဲ့ ဥပဒေရေးရာနဲ့ အထူး ကိစ္စရပ်များကော်မတီ အဖွဲ့ဝင် ဦးအေးမောက် က ပြောပါတယ်။
လတ်တလော မှတ်ပုံတင်ခဲ့တဲ့ အထင်ကရ နိုင်ငံရေး ပါတီတွေ အနက် ရှစ်လေးလုံးအမည်နဲ့ ပါတီတည်ထောင်မှုအပေါ် ကန့်ကွက်မှုတွေကြောင့် လပေါင်းများစွာ ကြန့်ကြာခဲ့ရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ပြည်သူ့ ပါတီ အမည်နဲ့ မှတ်ပုံတင်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။