၈ လေးလုံးပါတီ မှတ်ပုံတင်မကျသေး

၈ လေးလုံးပါတီ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်အတွက် လျှောက်ထားခဲ့တာ ၁ လပြည့်ပြီဖြစ်ပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်ဘက်က ဇန်နဝါရီလ ၂၀ ရက်နေ့ ကျော်လာတဲ့အထိ တစုံတရာ အကြောင်းပြန်ကြားတာ မရှိသေးဘူးလို့ ပါတီဖြစ်မြောက်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။

စ သုံးလုံး ၊ အထူးသတင်းတပ်ဖွဲ့ SB ၊ စရဖ စတဲ့ အဖွဲ့စည်းတွေကလည်း စိစစ်မေးမြန်းမှုတွေလာလုပ်ခဲ့သလို ပါတီထူထောင်လိုသူတွေရဲ့ ကိုယ်ရေးရာဇဝင်တွေလည်း တောင်းခံခဲ့ပြီးဖြစ်ပေမဲ့ ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားတာ တလ ပြည့်တဲ့အချိန်အထိ အကြောင်းပြန်ကြားမှု မရှိပဲ ဖြစ်နေတာလို့ နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီရဲ့ ဦးဆောင်အဖွဲ့ဝင် ဦးမင်းဇေယျက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် သတင်းစာတွေထဲမှာ ပါတီအလံ ၊ တံဆိပ် နာမည်တွေနဲ့ ပတ်သက်လို့ ကန့်ကွက်ရန် ရှိမရှိဆိုတဲ့ အချက်ကို ကော်မရှင်ဘက်က အခုထိ ထည့်သွင်း ကြော်ငြာတာ မရှိသေးပါဘူး။

လုပ်ငန်းသဘောသဘာဝအရ အသေးစိပ် စိစစ်တာ ပါတီထူထောင်သူတွေကို ဘာအလုပ်တွေလုပ်သလဲဆိုတဲ့ ကိစ္စတွေကို မေးမြန်းတာကို မပြောလိုပေမဲ့ အခြားပါတီတွေကို မေးမြန်းချက်အရတော့ တချို့ပါတီတွေကို အသေးစိပ်မေးမြန်းတာ မရှိတဲ့အတွက် ပိုပြီးစိစစ်နေသလားလို့ ထင်မိသလို ကြန့်ကြာမှုကလည်း ပိုများနေတယ်လို့ ထင်ကြောင်း ဦးမင်းဇေယျက ပြောပါတယ်။

အခု ၂၀၁၈ ခုနစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲလုပ်ဖို့လည်း ကော်မရှင်ဘက်က စီစဉ်နေတာပါ။

ရွေးကောက်ပွဲနဲ့ နိုင်ငံရေးပါတီ ဥပဒေတွေအရတော့ တရားဝင်နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှာဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ကြားဖြတ်မတိုင်ခင် ပါတီ မှတ်ပုံတင်ခွင့်ရခဲ့ရင် ရွေးကောက်ပွဲ ဝင်ရောက်ယှာဉ်ပြိုင်မှာဖြစ်ပြီး ရွေးကောက်ပွဲနားကပ်မှ မှတ်ပုံတင်ခွင့်ကျလာရင်လည်း အရမ်းနီးကပ်တဲ့အတွက် အခက်အခဲရှိနိုင်တာကို ထည့်တွက်ပြီး အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ ဦးမင်းဇေယျက ပြောပါတယ်။