ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၈ လေးလုံးပါတီ ကြားဖြတ်ရွေးကောက်ပွဲ ဝင်မယ်
နိုင်ငံရေးပါတီမှတ်ပုံတင်ဖို့ လျှောက်ထားပြီးဖြစ်တဲ့ ၈ လေးလုံးပါတီဟာ လာမဲ့ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် ပါတီမှတ်ပုံတင်ခွင့်ကျခဲ့ရင် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီတာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။
မှတ်ပုံတင်ကျရင်ဝင်မှာဖြစ်ပြီး နိုင်ငံရေးပါတီ တည်ထောင်မှု ဥပဒေအရလည်း ပါတီတွေက ရွေးကောက်ပွဲမှာ ဝင်ပြိုင်ရမယ်ဆိုတဲ့ အချက်လည်းပါနေတယ်လို့ ၈ လေးလုံး နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအံ့ဘွယ်ကျော်က ပြောပါတယ်။
နိုင်ငံတဝှမ်းက လစ်လပ်မဲဆန္ဒနယ်တွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနစ်အတွင်းမှာ ပြုလုပ်သွားဖို့ရှိနေတာပါ။
လက်ရှိအချိန်မှာတော့ ၈ လေးလုံးနိုင်ငံရေးပါတီ ဖြစ်မြောက်ရေးကော်မတီရဲ့ ရုံးခန်းတွေကို ဧရာဝတီ ၊ ပဲခူး ၊ မကွေး ၊ ရှမ်းပြည် ၊ ရန်ကုန် စတဲ့ ဒေသတွေမှာ ဖွင့်လှစ်ခဲ့ပြီး မန္တလေးနဲ့ မွန်ပြည်နယ်တို့မှာလည်း ဆက်လက်ဖွင့်လှစ်သွားဖို့ ရှိနေပါတယ်။
လက်ရှိမြန်မာ့နိုင်ငံရေးအခင်းအကျင်းနဲ့ နောင်မှာ ပေါ်ပေါက်လာနိုင်တဲ့ အခင်းအကျင်းအခြေအနေအရ ၈ လေးလုံးမျိုးဆက်တွေ ပါဝင်တဲ့ နိုင်ငံရေးပါတီ လိုအပ်တယ်လို့ ယူဆတာကြောင့် ပါတီတည်ထောင်တာလို့ ပါတီတာဝန်ရှိသူတွေက ဆိုပါတယ်။