ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားသူတွေနဲ့ ရခိုင်ရေဘေး အကူအညီပေးသွားမယ်လို့ ICRCဆို
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ ဥက္ကဌ Perter Maurer ရဲ့ မြန်မာပြည်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ရဲ့ ခရီးစဉ်ကို ဇွန်လ ၂၅ရက်နေ့က စတင်ခဲ့ပါတယ်။
ဇွန်လ ၂၅ရက်နေ့မှာ မြန်မာနိုင်ငံ ကို ရောက်လာတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဌ ရဲ့ ခရီးစဉ်အတွင်းမှာ ပဋိပက္ခဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်ကို သွားမှာဖြစ်ပြီး သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ ပါ တွေ့ဆုံမှာဖြစ်တယ်လို့ ICRC က ကြေညာထားပါတယ်။
ဒါ့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချူပ်နဲ့ တွေ့မယ်လို့လည်း သတင်းတွေ ထွက်ပေါ်ပေမယ့် တိတိကျကျ ပြောဆိုတာမျိုးတွေ မရှိသေးဘဲ ဖြစ်နေ ပါတယ်။
နိုင်ငံတကာ ကြက်ခြေနီကော်မတီဟာ ၂၀၁၇ သြဂုတ်လ အကြမ်းဖက်မှု ဖြစ်ပြီး နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားရတဲ့ ခန့်မှန်းခြေ လူခုနှစ်သိန်း နဲ့ တခြား နေရပ်စွန်ခွာသူတွေ အပြင် မိုးတွင်းဒေသ ရခိုင်မှာ သဘာ၀ ဘေးအန္တရယ် ကြုံတွေ့ရတဲ့ ဒုက္ခသည်တွေကို အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ တိုးပေးသွားမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဆိုထားပါတယ်။
အိုင်စီအာစီဘက်က ဒီလို အကူအညီပေးတဲ့အခါမှာ လိုအပ်တဲ့နေရာတွေကို အကူအညီ မျှမျှတတ ရောက်ဖို့ လိုတယ်လို့ အမ်းနဲ့ ရမ်းဗြဲမြို့နယ် ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ထုမေက ပြောပါတယ်။
ဒါ့အပြင် ဒီလို အကူအညီတွေ ပေးရာမှာလည်း ရေရှည်အတွက် ပိုစဉ်းစားဖို့လိုတယ်လို့ အမ်းနဲ့ ရမ်းဗြဲမြို့နယ် ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် က ဆိုပါတယ်။
ICRC ဟာ တခြား စစ်ဘေးသင့် ဒေသတွေနဲ့ မသန်စွမ်းတွေအတွက် ခြေတု လက်တု တပ်ဆင်ပေးတဲ့ လုပ်ငန်းတွေကို ကူညီပေးနေတာတွေ ရှိပါတယ်။
မကြာခင်ကလည်း အင်းစိန် အကျဉ်းထောင်မှာ ထောင်ဝင်စာခန်း ဆောက်လုပ်ဖို့အတွက် အကျဉ်းဦးစီးဌာနနဲ့ လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေရှိပါတယ်။
ဒါကြောင့် ဒီတခါ အိုင်စီအာစီ ဥက္ကဌ လာတဲ့ခရီးစဉ်နဲ့ ပတ်သတ်ပြီး သက်ကယ်ပြင် ဒုက္ခသည်စခန်းမှာနေထိုင်နေတဲ့ ဒုက္ခသည် တဦးကို ဘီဘီစီက မေးကြည့်တော့ သူ့အနေနဲ့ အိုင်စီ အာစီဥက္ကဌကို ဒီလို မသင့်မြတ်နေတဲ့ လူမှုပတ်ဝန်းကျင်နှစ်ခုကို သင့်မြတ်အောင် စေ့စပ်ပေးစေလိုတယ်လို့ ပြောပါတယ်။
အခု ခရီးစဉ်နဲ့ ပတ်သတ်လို့ ICRC ဘက်က ထုတ်ပြန်ချက်အရ ဇွန်လ ၂၉ ရက်နေ့မှာ ဥက္တဌဟာ မြန်မာပြည်က ထွက်ခွာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည် စခန်းတွေကို သွားမှာဖြစ်ပြီး ဇူလိုင် (၃) ရက်နေ့မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်မှာဖြစ်ပါတယ်။
အခုလို နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က အဆင့်မြင့် အရာရှိ လာတာ သုံးကြိမ်ရှိပြီဖြစ်ပြီး လာတဲ့အကြိမ်တိုင်းမှာ အိုင်စီအာစီအနေနဲ့ မြန်မာပြည်က ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည် စခန်းတွေကို ဘယ်လို ကူညီသွားမယ်ဆိုတာကို ဆွေးနွေးပြောဆိုခဲ့တာ တွေ့ရပါတယ်။