အင်းစိန်ထောင်ရဲ့ ထောင်ဝင်စာ အခန်းကို ပြင်ဖို့ ICRC ငွေကူမယ်

လာမယ့် သီတင်းပတ် အတွင်းမှာ အင်းစိန် ဗဟို အကျဉ်း ဦးစီးဌာနနဲ့ ICRC နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့တို့ ပူးပေါင်းပြီး အင်းစိန် ဗဟို အကျဉ်းထောင်ရဲ့ ထောင်ဝင်စာ အဆောက်အအုံတွေကို အဆင့်မြှင့် ပြင်ဆင် တည်ဆောက်မယ်လို့ ICRC ဘက်က ထုတ်ပြန် ထားပါတယ်။

ဒီထောင်ဝင်စာ အခန်းတွေကို အလင်းရောင်နဲ့ လေဝင် လေထွက် ပိုမို ကောင်းမွန်စေပြီး ဘေးအသံ အနှောင့်အယှက် လျော့ပါးအောင် ပြန်တည်ဆောက်မယ်လို့ ဆိုပါတယ်။

ကော်ဖီဆိုင်၊ အိမ်သာသစ်တွေ အပြင် ထောင်ဝင်စာ လာတွေ့ချိန်မှာ မိဘတွေနဲ့ ပါလာတဲ့ ကလေးတွေ ကစားဖို့ ကစားကွင်းတွေပါ ထည့်သွင်းထားတဲ့ ဒီထောင်ဝင်စာ အဆောက်အအုံတွေ အတွက် ကျသင့်ငွေ အမေရိကန် ဒေါ်လာ ၃ သိန်းကို ICRC က ပေးမယ်လို့ သိရပါတယ်။

ဒီလို ထောင်ဝင်စာ အဆောက်အအုံကို ပြင်ဆင် ဆောက်လုပ်ပေးတာဟာ အကျဉ်းကျ ခံနေရသူတွေနဲ့ မိသားစုဝင်တွေ အကြား ဆက်ဆံရေး ကို ပိုမို ကောင်းမွန်စေဖို့နဲ့ အကျဉ်းသားတွေရဲ့ စိတ်ဖိစီးမှု ဝေဒနာတွေကို ဖြေလျော့စေဖို့ ဖြစ်တယ်လို့ ICRC ရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

နိုင်ငံရေး အကျဉ်းသားတဦး ဖြစ်ခဲ့ဖူးသူ အိမ်မဲ ပြည်သူ့လွှတ်တော် အမတ် ဒေါ်သန္တာကတော့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အထောက်အပံ့ ပေးတာမျိုးကို ပိုလိုလားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ထောင်တွင်း ဆေးရုံတွေ တိုးချဲ့တာ၊ မွေးလူနာခန်းတွေ၊ ဥပမာ ဝမ်းရောဂါလို ကူးစက်ရောဂါမျိုးတွေ အတွက် သီးခြား ဆေးကုသဆောင်တွေ တိုးချဲ့တာ၊ ဆေးပစ္စည်းတွေ ပိုမို ထောက်ပံ့ပေးတာမျိုးက အကျဉ်းသားတွေအတွက် ပိုအကျိုးရှိစေမယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းကို ၂၀၁၉ ခုနှစ်မှာ အပြီးသတ် အကောင်အထည် ဖေါ်နိုင်ဖို့ ICRC က မျှော်လင့်ထားပါတယ်။