လွိုင်ကော်က ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ကန့်ကွက်ခံရ

ဓာတ်ပုံ ရင်းမြစ်, Ei Khun Reh
ကယားပြည်နယ် လွိုင်ကော်မြို့ ကန္တာဟေဝန် ပန်းခြံအတွင်းမှာ ထားရှိဖို့ စီစဉ်ထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမဲ့ အစီအစဉ်ကို ပြန်လည်သုံးသပ်ပြီး ထားရှိမယ့် အစီအစဉ်ကို ရပ်ဆိုင်းပေးဖို့ ကယား ( ကရင်နီ ) အခြေစိုက် လူမှုအဖွဲ့အစည်း ၁၁ ဖွဲ့က ကယားပြည်နယ်အစိုးရဆီကို အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ပါတယ်။
တချိန်က သီးခြားလွတ်လပ်ခဲ့တဲ့ ကရင်နီ ( ကယား ) ဒေသမှာ အခုလို ငြိမ်းချမ်းရေး မရေမရာ ဖြစ်နေချိန် ဗိုလ်ချုပ်ကြေးရုပ်ထားပါက ပြဿနာတွေ ပိုဖြစ်လာပြီး တိုင်းရင်းသားတွေအကြား သွေးကွဲမှု ပိုဖြစ်လာနိုင်ပြီး လူမျိုးကြီးဝါဒ ပိုမိုပေါ်လွင်အောင် လုပ်ဆောင်သလို ဖြစ်နေတယ်လို့ ဇွန်လ ၁၈ ရက်နေ့ ရက်စွဲနဲ့ ပြည်နယ်အစိုးရဆီပေးတဲ့ စာမှာ ဖော်ပြထားပါတယ်။
ပင်လုံစာချုပ်မှာ ကရင်နီဒေသဟာ ပါဝင်ခြင်းမရှိသလို ဗိုလ်ချုပ်အောင်ဆန်းကလည်း ကရင်နီ ( လက်ရှိ ကယားပြည်နယ် )ကို တကြိမ်သာ ရောက်ဖူးခဲ့ပြီး ကရင်နီဟာ အတိတ်သမိုင်းမှာ ပြည်မနဲ့ သက်ဆိုင်မှု မရှိဆိုတဲ့ အချက်ကို ပြသနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြဿနာက ဗိုလ်ချုပ်အောင်ဆန်းက ကရင်နီဒေသကို လာတုန်းက ဗမာနဲ့ ကရင်နီပူးပေါင်းရေးက တန်းတူရေး အခြေခံတဲ့ ပူးပေါင်းရေး အခြေခံမယ်လို့ ပြောသွားပြီး ကရင်နီကိုလည်း ဘယ်သူ့လွှမ်းမိုးမှုမရှိဘဲ လွတ်လွတ်လပ်လပ် နေသွားရမယ်ဆိုပြီး ပြောခဲ့တာ အခုထိ ဘာမှ မရသေးသလို ဗိုလ်ချုပ်ကွယ်လွန်ပြီး လွတ်လပ်ရေး ယူမယ်ဆိုတော့ ဗမာပြည်မနဲ့ ပူးပေါင်းရေး၊ မပူးပေါင်းရေးဆိုတဲ့ ကိစ္စက ကရင်နီဒေသအတွင်း ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ရှိခဲ့တော့ အခုလို ဘာမှ မရေရာသေးခင် ဗိုလ်ချုပ်ကြေးရုပ်မထားဖို့ ကန့်ကွက်သံတွေ ထွက်လာတာပါ လို့ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက ဘီဘီစီကို ပြောပါတယ်။
ကရင်နီ လူမှု အသင်းအဖွဲ့တွေရဲ့ ပြည်နယ် အစိုးရဆီပေးတဲ့စာထဲမှာ သူတို့တင်ပြထားတဲ့ အခြေအနေကို တစုံတရာမတုံ့ပြန်ရင် ပြည်သူတွေရဲ့ ဆန့်ကျင်မှုနဲ့ ကြုံတွေ့ရနိုင်တဲ့ အပြင် နောက်ဆက်တွဲ ဖြစ်လာမယ့် ပြဿနာ တွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ei Khun Reh
အခုကတော့ ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုး လှုပ်ရှားမှုတွေ စလုပ်နေတယ် အဆင့်ဆင့်ဆက်လုပ်သွားမှာပါ လို့ ကရင်နီပြည် လူငယ်သမဂ္ဂက တာဝန်ရှိသူ တဦးကလည်း ဘီဘီစီကို ပြောပါတယ်။
ကရင်နီ ( လက်ရှိ ကယား ပြည်နယ် ) ဒေသဟာ မြန်မာပြည်တွင်းစစ်သမိုင်းမှာ လက်နက်ကိုင်လှုပ်ရှားမှု အစောဆုံးလုပ်ခဲ့တဲ့ တိုင်းရင်းသား ဒေသတွေထဲ ပါဝင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KNLC Facebook

ဓာတ်ပုံ ရင်းမြစ်, KNLC facebook




