ကရင်နီ ကြက်ရိုးထိုး ဓလေ့

ကြက်ရိုးထိုး တွက်ချက်ပြီးမှ ရက်ကောင်း ရက်မြတ်ရွေး ၊ ပွဲလမ်းသဘင် ကျင်းပ ၊ လုပ်ငန်း လုပ်ကိုင် ၊ ခရီးသွားကြ တာဟာ ကရင်နီ လူမျိုးတွေရဲ့ ရိုးရာဓလေ့ တခုဖြစ်ပါတယ်။
ကြက်ရိုးထိုးခြင်းကို ၁၂ရာသီပတ်လုံး ပြုလုပ်နိုင်ပြီး မနက်ပိုင်းမှာသာ ထိုးရတဲ့ အပြင် အနည်းဆုံး လူငါးယောက်လောက် အနားမှာ အကူအညီ ပေးဖို့ လိုပါတယ် ။
ကြက်ဖဆိုရင် သုံးနှစ် ၊ ကြက်မဆိုရင် ၃လ လို့ အစချီ မေးရပြီး အဲဒီနောက် မိသားစု အရေးလား ၊ ရပ်ရွာ အရေးလား ၊ လူတယောက် အတွက်လား အစရှိတာတွေ ဆက်မေးရတယ်လို့ ကြက်ရိုးထိုး ရာမှာ ဂါထာ ကြိမ်ဆို ပေးလေ့ရှိတဲ့ ကရင်နီ အဖိုး ခူးငါးရယ်က ပြောပါတယ် ။
ကြက်ရိုးထိုး တာကို နည်းသိရင် ကိုယ့်ဖာသာကိုယ် ဆောင်ရွက်နိုင်ပြီး လူတယောက်ရဲ့ ကျန်းမာရေး ကိုတောင် တွက်ချက် မေးမြန်းလေ့ ရှိကြတယ် ။
ဂါထာ ကြိမ်ဆိုသူက ကြက်ကိုကိုင်ကာ အရှေ့ဘက် လှည့်ပြီး ဂါထာ ရွတ်ဖတ်ကာ ဟောတဲ့ အချိန်မှာ ဟောတက်သလို အကြာကြီး ဟောလေ့ ရှိကြသလို အနည်းအကျဉ်း နားလည်ရင် ခဏလေး ဟောတာလည်း ရှိပါတယ် ။
ဟောပြီးတဲ့နောက် ကြက်ကို လည်မျိုလိမ်ချိုး သတ်ပစ် လိုက်ပြီး အူကလော် ထုတ်ကာ စင်ကြယ်အောင် ဆေးကြောကာ ကြက်အကောင်ရဲ့ အရိုးရှိတဲ့ နေရာကို ဓါးနဲ့ လှီးလိုက်တဲ့အခါ အရိုး ထိုးထွက်လာမှာ ဖြစ်ပါတယ် ။
ပြီးတော့ ကြက်ရိုးထိုးဖို့ တုတ်သုံးချောင်း ကိုလည်း ခုတ်ထား ရပါတယ် ။
အဲဒီ တုတ်သုံးချောင်းကို ကြက်ရိုးပေါ်မှာ စိုက်ပြီး တွက်ချက် မေးမြန်းကြတာ ဖြစ်ပါတယ် ။

သိချင်တာကို မေးတဲ့အခါ အဲဒီ ကိစ္စအောင် မအောင် ဆိုတာ ကြက်ရိုးပေါ်မှာ မူတည်ပါတယ် ။
ပြီးသွားရင် ကြက်ရိုးတွေကို ပွဲလုပ်တဲ့ နေရာမှာ စိုက်ထား ရပါတယ် ။
ဥပမာ အိမ်တက်ပွဲ ဆိုရင် အိမ် အဝင်အထွက် တံခါးမှာ ထိုးထား လေ့ရှိကြပါတယ် ။
တကယ်လို့ ကြက်ရိုးထိုးတာ မအောင်မြင်ပဲ ပွဲတွေ ဆက်လုပ်ကြမယ် ဆိုရင် ရန်ပွဲတွေ ရိုက်ပွဲတွေ ဖြစ်တတ် ကြတယ်လို့ ကြက်ရိုးထိုးလေ့ ရှိတဲ့ အဖိုး ခူးငါးရယ်က ပြောပါတယ် ။
အခုလို ကရင်နီ လူမျိုးတွေ အနေနဲ့ ကြက်ရိုးထိုး ရတာဟာ ရှေးရှေးတုန်းက ကမ္ဘာပေါ်မှာ ရှိတဲ့ လူမျိုးတွေကို ဘုရားသခင်က စာပေ ဆင်းလာပေးတယ် ။
အလားတူပဲ ကရင်နီ လူမျိုးတွေ ကိုလည်း ဘုရားသခင်က စာပေလာ ပေးတယ်လို့ ပြောဆို ယုံကြည်ခဲ့ ကြပါတယ် ။
အဲဒီ စာအုပ်ဟာ ရိုးရိုးသာမန် စာအုပ် မဟုတ်ဘဲ စာအုပ်ရဲ့ မျက်နှာဖုံးမှာ ရွှေနဲ့ လုပ်ထားတယ်လို့ အဖိုး ခူးငါးရယ်က ဆိုပါတယ် ။
ဖြစ်ပုံက တောင်ယာမှာ အလုပ်လုပ်ရင်း လာပေးတယ် ၊ ပေးတော့ သစ်ငုတ်တို ပေါ်မှာ ထားခဲ့ ပေးပါလို့ မကြည့်တမ်း ပြောခဲ့တယ် ၊ အဲဒီ အချိန်မှာ အင်္ဂလိပ် လူမျိုး လူဖြူ တယောက်က ရောက်လာပြီး စာအုပ်ချင်း လဲရအောင် လာပြောတယ် ၊ ကရင်နီ လူမျိုးကလည်း လဲပေးလိုက်တယ် ၊ စာအုပ်က ရွှေ မဟုတ်တော့ဘဲ သရေ ဖြစ်သွားတယ် ၊ အိမ်ပြန်ချိန် လဲရောက်ရော ခုနက သရေ စာအုပ် မေ့ခဲ့တယ် ၊ မနက် သွားပြန် ကြည့်တော့ မရှိတော့ဘူး ။
အဲဒီမှာ ခွေးခြေရာဘဲ တွေ့တော့ ခွေးမေးကြည့်တယ် ၊ ခွေးက စားတယ် ပြောတယ် ၊ ချီးပြန်စွန့် ပစ်လိုက်ပြီ ပြောတော့ ၊ ဘာဆက်စားလဲ မေးတော့ ဝက်စားတယ် ပြောတယ် ။
ဝက်ကို ဆက်မေးတော့ ကြက်စားတယ် ၊ ကြက်မေးတော့ ကြက်ချီးစားသူ မရှိဘူး ပြောတော့ ၊ ဒါဆိုရင် ငါတို့ ကရင်နီ လူမျိုးတွေမှာ စာပေ မရှိတော့ဘူး ၊ တခုခု သိချင်ရင် နင့်ကိုဘဲ မေးရတော့မယ် ပြောတော့ ကြက်ကလည်း စားမိပြီ ဆိုတော့ မေးရင် ပြောရတော့ မှာပေါ့ ဆိုပြီး ကရင်နီ လူမျိုးတွေက အခုချိန်ထိ ကြက်ရိုးထိုးတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာ ရှိတာ ဖြစ်ပါတယ် ။
ကျွန်တော်တို့ ဗိုလ် ၊ ဆရာ တွေက ကြက်ရိုး ထိုးတယ် ၊ လမ်းခရီး မထွက်ခင် လမ်းမှာ အခက်အခဲ တွေရှိမလား ၊ သွားလာ နိုင်မလား ဆိုပြီး ကြက်ရိုးထိုး ကြတာရှိတယ် ၊ တကယ်လို့ ကြက်ရိုးထိုးတာ မအောင်မြင်ရင် တိုက်ပွဲမှာ တစ်ယောက် ကျတာတို့ အခက်အခဲ ဖြစ်တာတို့ ရှိတယ်လို့ ရဲဘော်ဟောင်း တစ်ဦးဖြစ်တဲ့ ခူးစိုးရယ်က ဆိုပါတယ် ။
အခုလို ကြက်ရိုး ထိုးခြင်းကို ရှေးယခင် ကတည်းက ပြုလုပ် လာတာဖြစ်ပြီး ကြက်ရိုးထိုးတာ မအောင်မြင်ရင် ကံဆိုးကံနိမ့် တတ်တယ် ၊ စီးပွားရေး ကျဆင်း တတ်တယ် ၊ ဆိုးရွားမှု တခုခု ဖြစ်လာတတ်တယ်လို့ ကရင်နီ လူမျိုးတွေက ယုံကြည် ကြပါတယ် ။








