ကရင်နီကျောင်း ဆောက်မှု ရပ်ဖို့ ပြည်နယ်အစိုးရ ညွှန်ကြား

ကရင်နီ KNPP ရဲ့ ဖွံ့ဖြိုးရေးကျောင်း ,

ဓာတ်ပုံ ရင်းမြစ်, KNPP Peace

ဓာတ်ပုံ ပုံစာ, ၂၀၁၂ ခုနစ်က ကေအန်ပီပီနဲ့ အစိုးရ အပစ်ရပ်စဲရေး ဆွေးနွေးဖို့ လွိုင်ကော် လာရောက်တဲ့ ကေအန်ပီပီ ကိုယ်စားလှယ်အဖွဲ့ကို ဒေသခံပြည်သူတွေက ကြိုဆိုနေကြစဉ်

အန်စီအေ အပစ်ရပ် စာချုပ်မှာ လက်မှတ်မထိုးထားပေမဲ့ အစိုးရနဲ့ တဖွဲ့ချင်းအလိုက် အပစ်အခတ် ရပ်စဲထားတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ကနေ ဦးစီးပြီး ဖရူဆိုမြို့နယ်ထဲ ဖွံ့ဖြိုးရေးကျောင်း တည်ဆောက် ဖွင့်လှစ်ဖို့ စီစဉ်နေမှုကို ရပ်ဆိုင်းထားဖို့ ကယားပြည်နယ် အစိုးရက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

နိုဝင်ဘာလ ၂၆ ရက် ရက်စွဲနဲ့ ကေအန်ပီပီ လွိုင်ကော် ဆက်ဆံရေးရုံးကို လိပ်မူထားတဲ့ ညွှန်ကြားစာမှာ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ ဗဟို ကော်မတီဝင်တွေက ဖရူဆို မြို့နယ်ထဲက သူတို့ ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ ကျောင်းကို လာရောက်ပြီး ကျောင်းသူ ကျောင်းသားများ နေထိုင်မယ့် အဆောက်အဦ လိုအပ်ချက်တွေကို စာရင်း ကောက်ယူခဲ့တာဟာ ပြည်နယ် အစိုးရက ခွင့်ပြုချက် မပေးထားတဲ့ ကိစ္စတွေကို ဆောင်ရွက် လာတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီလို လုပ်ရပ်တွေကြောင့် ပြည်နယ်အစိုးရရဲ့ ပညာရေးကဏ္ဍ လိုအပ်ချက် စီစဉ်ပေးမှုတွေအပေါ် ထိခိုက်စေလို့ ဆက်လက် လုပ်ဆောင်ခြင်း မပြုဖို့ အကြောင်းကြားရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကေအန်ပီပီဘက်ကတော့ ဒီကျောင်းကို အကောင်ထည်ဖော်တာဟာ သူတို့နဲ့ အစိုးရအကြား တဖွဲ့ချင်းစီ အပစ်အခတ် ရပ်စဲခဲ့တဲ့ စာချုပ်ပါ သဘောတူညီချက်အရ အကောင်ထည် ဖော်တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဖရူဆိုမြို့နယ် ထီးပေါဆိုကျေးရွာအုပ်စု ၊ ထီးသော်ကူး ကျေးရွာမှာ အကောင်ထည် ဖော်ဖို့ စီစဉ်ထားတဲ့ကျောင်းဟာ တဖွဲ့ချင်း အပစ်ရပ်စဉ်ကတည်းက ဖွံ့ဖြိုးရေး ပူးတွဲ လုပ်ဆောင်ဖို့ သဘောတူထားတဲ့ နယ်မြေထဲမှာ တည်ရှိ တာလို့ ကေအန်ပီပီရဲ့ လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်က ဘီဘီစီကို ပြောပါတယ်။

ဒီကျောင်းဖွင့်လှစ်ဖို့ စီစဉ်ရတာဟာ မြို့ပေါ်ကျောင်းသွားမတက်နိုင်ပဲ ပညာရေး တပိုင်းတစ ဖြစ်သွားတဲ့ ဒေသခံလူငယ်တွေအတွက် အဓိက အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်တာဖြစ်ပြီး သက်မွေးဝမ်းကျောင်းမှု ပညာ သင်ကြားရေး အစီစဉ်တွေကိုပါ ထည့်သွင်းဖို့ စီစဉ်ထားတာလို့ ခူးညေးရယ်က ပြောပါတယ်။

၂၀၁၂ ခုနစ် ကေအန်ပီပီနဲ့ အစိုးရတို့အကြား ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲ ထားစဉ်ကတည်းက ကယားပြည်နယ်အတွင်းက ဒီမောဆို ၊ ဖရူဆို ၊ ဘောလခဲ ၊ ရှားတော ၊ ဖာဆောင်း မြို့နယ်တွေမှာ ကေအန်ပီပီရဲ့ ဖွံ့ဖြိုးရေးနဲ့ ပြန်လည် ထူထောင်ရေး လုပ်ငန်း လုပ်ပိုင်ခွင့်အတွက် သဘောတူထားခဲ့တယ် လို့လည်း ခူးညေးရယ်က ပြောပါတယ်။

ကရင်နီ KNPP ရဲ့ ဖွံ့ဖြိုးရေးကျောင်း တည်ဆောက်မှု ရပ်ဆိုင်းရန် ပြည်နယ်အစိုးရ ညွှန်ကြား
ဓာတ်ပုံ ပုံစာ, ကရင်နီ KNPP ရဲ့ ဖွံ့ဖြိုးရေးကျောင်း တည်ဆောက်မှု ရပ်ဆိုင်းရန် ပြည်နယ်အစိုးရ ညွှန်ကြား

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တော်တော်များများရဲ့ အုပ်ချုပ်ရေး ဆိုင်ရာ ဖွဲ့စည်းမှုပုံစံတွေအရ ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေး စတဲ့ဌာနတွေလည်း သီးခြားရှိကြသလို အပစ်မရပ်ခင်ကာ လတွေမှာလည်း သူတို့နယ်မြေတွေ အတွင်း သူတို့ဌာနတွေ အလိုက် သီးခြားအစီအစဉ်တွေနဲ့ မူဝါဒချမှတ် ဆောင်ရွက်တာတွေ ရှိကြတယ်လို့ ငြိမ်းချမ်းရေး ဖြစ်စဉ်လေ့လာနေသူက ပြောပါတယ်။

အန်စီအေ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား တဖွဲ့ချင်းအလိုက် အပစ်ရပ်စဲရေးစာချုပ်တွေမှာ သဘောတူထားတဲ့ အချက်တွေကို အကောင်ထည်ဖော်ဖို့ ဆိုတာ ပါဝင်ပေမယ့် အန်စီအေ ထိုးပြီးမှ အကောင်ထည်ဖော်ရမှာလား၊ ဒါမှမဟုတ် မထိုးသေးဘဲ တဖွဲ့ချင်း အပစ်ရပ်စာချုပ်နဲ့ ရပ်တည်နေသူတွေကလည်း တိုက်ပွဲနဲ့ ပစ်ခတ်တိုက်ခိုက်မှု မရှိသလောက် နည်းပါးတဲ့အတွက် ဘယ်လို အကောင်ထည်ဖော်ရမလဲ ဆိုတဲ့အချက်တွေ အပေါ် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား ဝိဝါဒကွဲပြားမှုတွေ ရှိနေတယ်လို့ ငြိမ်းချမ်းရေး ဖြစ်စဉ် လေ့လာနေသူတွေက ပြောပါတယ်။