ဆက်ဆံရေးရုံးတွေ အကြောင်းမကြားဘဲ တပ်ရွှေ့

တပ်ဘက်က တိုင်းရင်းသားဆက်ဆံရေးရုံးတွေကို အကြောင်းမကြားပဲ တပ်ရွှေ့ပြောင်းလှုပ်ရှားမှုတွေရှိနေ

ဓာတ်ပုံ ရင်းမြစ်, KNPP Peace

ဓာတ်ပုံ ပုံစာ, တဖွဲ့ချင်းအလိုက် အပစ်အခတ်ရပ်စဲထားတဲ့ ကရင်နီ KNPP နဲ့ ရှမ်းမြောက်တပ်ဖွဲ့ SSPP/SSA အဖွဲ့တို့ရဲ့ ခေါင်းဆောင်တွေ

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပါဝင် လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေ ပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ ဆက်ဆံရေးရုံး ဆိုင်ရာ စုံညီ အစည်းအဝေးကို လွိုင်ကော်မှာ နိုဝင်ဘာလ ၂၃ ရက်က စတင်ကျင်းပပါတယ်။

ဒီဆွေးနွေးပွဲမှာ အဓိက ဆွေးနွေးနေတဲ့ အကြောင်းအရာ တရပ်က အပစ်ရပ်စာချုပ်တွေမှာ ပါဝင်တဲ့ အပစ်ရပ်နယ်မြေတွေ အတွင်း နှစ်ဘက် တပ်တွေ လှုပ်ရှား သွားလာတော့မယ်ဆိုရင် ဆက်ဆံရေးရုံးကနေ ကြိုတင် အကြောင်းကြားဖို့ ဆိုတဲ့ ကိစ္စတွေမှာ အစိုးရ စစ်တပ်ဘက်က အကြောင်းမကြားဘဲ သွားလာနေတာတွေ ရှိနေတယ်ဆိုပြီး ဆွေးနွေး နေကြတာပဲ ဖြစ်ပါတယ်။

လွိုင်ကော်မှာ ကျင်းပတဲ့ အစည်းအဝေးကို တိုင်းရင်းသား လက်နက်ကိုင် ၁၁ ဖွဲ့ရဲ့ ဆက်ဆံရေးရုံး ၃၇ ရုံးက ကိုယ်စားလှယ်တွေ တက်ရောက်နေတာပါ။

ဗီဒီယို ပုံစာ, အစိုးရ ရဲ့ အပစ်ရပ် စာချုပ် NCA က အလုပ်ဖြစ် နေ

ဆက်ဆံရေးရုံးတွေရဲ့ အဓိက လုပ်ငန်းစဉ်တွေက အပစ်ရပ်စဲရေး လုပ်ငန်းစဉ်ကာလအတွင်း ပဋိပက္ခတွေ မဖြစ်ဖို့အတွက် အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေအကြား လှုပ်ရှား သွားလာမှုတွေကို ဆက်ဆံရေးရုံးတွေက တဆင့် အကြောင်းကြား သွားလာဖို့ ကိစ္စတွေပါသလို နှစ်ဘက်အကြား ဆက်သွယ် ဆွေးနွေးရမယ့် ကိစ္စတွေ အတွက်လည်း ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေသခံ လူထုတွေရဲ့ အခက်အခဲတွေကို တိုင်ကြားနိုင်အောင်နဲ့ အခြားဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ဆွေးနွေး ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်ထားတာပါ။

တဖွဲ့ချင်း အလိုက် အပစ်ရပ် စာချုပ်တွေမှာဆိုရင် တပ်ရွှေ့ပြောင်း သွားလာမှုနဲ့ ခရီးသွားမှုတွေအတွက် ဆက်ဆံရေး ရုံးတွေဆီကို ၃ ရက် ကြိုတင် အကြောင်းကြားရမယ်ဆိုတာ ပါရှိတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် တွေက ပြောပါတယ်။

ဒါပေမဲ့ တပ်မတော်ဘက်က တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ နယ်မြေအတွင်း ဆေးသွားကုတာ ၊ လမ်းဖောက်ဖို့ သွားကြည့်တာ ၊ ရှေ့တန်းပြန်မယ့် တပ်တွေ လေ့ကျင့်ခန်းလုပ်တာ ၊ မိုင်ရှည် ခရီးရှည်ချီတက်မှု လုပ်တာ စတဲ့ ကိစ္စတွေ လုပ်တိုင်း ကြိုတင် သတင်းပို့ အကြောင်းကြားခြင်း မရှိတဲ့ ကိစ္စတွေ ရှိပြီး အဲဒီလို လုပ်တဲ့အတွက် တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တိုးမှုတွေ လည်း ရှိနေကာ အပစ်ရပ်စဲရေး အပေါ် ထိခိုက်မှုတွေ ရှိလာမှာကို စိုးရိမ်တယ်လို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီရဲ့ လွိုင်ကော် ဆက်ဆံရေးရုံး တာဝန်ခံ ခူးညေးရယ်က ဘီဘီစီကို ပြောပါတယ်။

အပစ်ရပ်တာ ၅ နှစ်ကျော် ကြာမြင့်ပြီဖြစ်တဲ့ ကေအန်ပီပီ ဆိုရင် အဲဒီကိစ္စမျိုး ၆ ကြိမ်ထက် မနည်း ကြုံဖူးပြီး ၂ဝ၁၅ ခုနစ်က တကြိမ်နဲ့ လွန်ခဲ့တဲ့ သြဂုတ်လ တကြိမ် တပ်မတော်ရဲ့ ကြိုတင်အကြောင်းမကြားပဲ တပ်ရွှေ့ပြီး ကေအန်ပီပီ နယ်မြေထဲ ဝင်လာမှုတွေကြောင့် ထိပ်တိုက် တွေ့ဆုံမှု ဖြစ်မလို ဖြစ်ခဲ့ရတယ်လို့ ခူးညေးရယ်က ပြောပါတယ်။

အသံဖိုင် ပုံစာ, NCA နှစ်နှစ်ပြည့် - လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

တိုင်ရင်းသားလက်နက်ကိုင်တွေ ဘယ်လို ဖြေရှင်းသလဲ

တိုင်းရင်းသား လက်နက်ကိုင်တွေကို တပ်ဘက်က ဖုန်းနဲ့ ဆက်သွယ်တာ၊ ဒေသအလိုက် စစ်ဌာနချုပ်တွေမှာ ဆက်ဆံရေးရုံး တာဝန်ခံတွေကို ခေါ်ပြီး ပြောတာတွေ ရှိသလို အဲဒီနောက် ဆက်ဆံရေးမှူး တွေက ဗဟို ဌာနချုပ်တွေ ကို အသိပေးအကြောင်းကြားရတာတွေ ရှိပြီး ကိစ္စ အတော်များများမှာ တိုင်းရင်းသား တပ် ကင်းစခန်းတွေကို ဖယ်ပေးရတာတွေ ရှိတယ်လို့ ခူးညေးရယ်က ပြောပါတယ်။

တဖွဲ့ချင်းစီအလိုက် အပစ်ရပ် လက်မှတ်ထိုးထားပြီးနေက် အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားမှု အများဆုံးအဖွဲ့က ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဖြစ်သလို တခါတလေ သူတို့အဖွဲ့နဲ့ တပ်မတော်အကြား ဖြစ်တဲ့ တိုက်ပွဲ တွေမှာ တပ်ဘက်က ရဟတ်သုံး တိုက်ခိုက်တာတွေလည်း ရှိခဲ့တာပါ။

အန်စီအေ ထိုးထားတဲ့ အဖွဲ့တွေရဲ့ နယ်မြေမှာကော တပ်လှုပ်ရှားမှုလို ကိစ္စရပ်တွေမှာ အစိုးရ တပ်ဘက်က အကြောင်းမကြားဘဲ လှုပ်ရှား သွားလာတာတွေ ရှိခဲ့တယ် ဆိုတဲ့ ဆွေးနွေးမှုတွေလည်း ရှိခဲ့သလို တချို့ ကိစ္စတွေ မှာတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်က အပစ်ရပ် စာချုပ်ပါ အချက်တချို့ကို ဖောက်ဖျက် တာလည်း ရှိတယ်လို့ ခူးညေးရယ်က ပြောပါတယ်။

လွိုင်ကော်မှာ ၃ ရက်ကြာ ကျင်းပနေတဲ့ အစည်းအဝေးမှာ ဆက်ဆံရေးရုံး တွေရဲ့ အကျိုးပြုမှုနဲ့ အားနည်းချက်တွေ ၊ ရုံးရပ်တည်မှုအတွက် ကြုံတွေ့ နေရတဲ့ စိန်ခေါ်မှုတွေကို အဓိကထားဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ မတက်တဲ့ အပစ်ရပ် အဖွဲ့တွေကတော့ ဝ ၊ မိုင်းလား နဲ့ နာဂ စတဲ့ တဖွဲ့ချင်း အလိုက် အပစ်ရပ်ထားတဲ့ အဖွဲ့တွေဖြစ်ပါတယ်။