တောင်အာဖရိက ငြိမ်းချမ်းရေး ခေါင်းဆောင်နဲ့ JMC တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, Aung Naing Oo
တောင်အာဖရိက ငြိမ်းချမ်းရေးနဲ့ အသွင်ကူးပြောင်းရေး ဆွေးနွေးပွဲတွေမှာ လူဖြူအစိုးရဘက်က ကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်ခဲ့တဲ့ ရိုဖ့်မေယာနဲ့ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီက တာဝန်ရှိသူတွေက နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းကတွေ့ဆုံခဲ့ပါတယ်။
ဂျေအမ်စီ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ၊ ဦးမြင့်စိုး ( ဒုတိယ ဗိုလ်ချုပ်ကြီး အငြိမ်းစား ) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ရဲ့ JMC ကိုယ်စားလှယ် စိုင်းလျှန်း ၊ အကြံပေးအဖွဲ့က ဦးအောင်နိုင်ဦးတို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။
Humanitarian Dialogue Centre ( HD Centre ) ရဲ့ စီစဉ်မှုနဲ့ ရို့ဖ့်မေယာနဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး ရိုဖ့်မေယာဟာ ဗြိတိန်ဝန်ကြီးဟောင်း ဂျိုနသန်ပါဝဲလ်နဲ့အတူ မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် နည်းစနစ် အကြံပေးနေသူလည်း ဖြစ်ပါတယ်။
ရိုဖ့်မေယာက တောင်အာဖရိက ဆွေးနွေးပွဲတွေ အောင်မြင်ရေးအတွက် အဓိကကျတဲ့ ညှိနှိုင်းရေးမှူးဖြစ်ပြီး မြန်မာပြည်ကို အရင်ကလည်း လာဖူးသလို ဒီက အစိုးရ ၊ တပ်မတော် ၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်တွေ ကို တောင်အာဖရိက လေ့လာရေးလည်း ခေါ်သွားခဲ့ဖူးတယ်လို့ ရိုဖ့်မေယာနဲ့ ဒီကနေ့ မနက်ပိုင်း ရန်ကုန်မှာ တွေ့ဆုံခဲ့သူက ပြောပါတယ်။
အစိုးရ တပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင် ကိုယ်စားလှယ်တွေရဲ့ ၂၀၁၆ ခုနစ် တောင်အာဖရိက ခရီးစဉ်မှာ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် တောင်အာဖရိက သမ္မတဟောင်း ဒီကလပ်နဲ့လည်း တွေ့ဆုံခွင့် ရခဲ့ပြီး တောင်အာဖရိက ရဲ့ နိုင်ငံရေး ဆွေးနွေးပွဲ အစောပိုင်းကာလမှာ အားလုံးပါဝင်ခွင့်မရခဲ့တဲ့အတွက် ဆွေးနွေးပွဲ ခေတ္တရပ်ဆိုင်းခဲ့ရပြီး သွေးထွက်သံယို ပဋိပက္ခဖြစ်ခဲ့မှုကို ဥပမာပေးကာ ဒီကလပ်က ရှင်းပြခဲ့ပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ အမျိုးသားနိုင်ငံတော် တည်ဆောက်ရေး ဆွေးနွေးမှုဆိုတာ အားလုံးနဲ့ သက်ဆိုင်တဲ့အတွက် ပဋိပက္ခတွေ ဆက်မဖြစ်စေဖို့ နိုင်ငံတွင်းက အင်အားစုအားလုံး နိုင်ငံရေးဆွေးနွေးမှုတွေမှာ ပါဝင်ဖို့ လိုကြောင်း ဒီကလပ်က မြန်မာကိုယ်စားလှယ် အဖွဲ့ကို ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Aurora Polarbaw
အာဏာရ လူဖြူ အုပ်စုတွေ ၊ နိုင်ငံရေး ပါတီတွေ အရပ်ဘက်အဖွဲ့အစည်းနဲ့ လက်နက်ကိုင်တွေအပါဝင် စုစုပေါင်း အဖွဲ့အစည်း ၂၀ ကျော်လောက်ပါဝင်ခဲ့တဲ့ ၄ နှစ်ကြာ တောင်အာဖရိက ဆွေးနွေးပွဲတွေ အတွင်း အသွင်ကူးပြောင်းရေး အတွက် လူဖြူ လူမည်း နှစ်ဘက် လက်ခံနိုင်တဲ့ အခြေခံ ဥပဒေ တရပ်ရေးဆွဲနိုင်ခဲ့ပြီး ပဋိပက္ခတွေကို ချုပ်ငြိမ်းနိုင်ခဲ့ကာ ၂၇ နှစ်အကြာ အကျဉ်းကျခဲ့တဲ့ နယ်လ်ဆင်မင်ဒဲလားဟာ ၁၉၉၄ ခုနစ်မှာ အာဏာရလာခဲ့တာဖြစ်ပါတယ်။
အဲဒီ ဆွေးနွေးပွဲ ရလဒ်ကြောင့် လူဖြူလူမည်း ခွဲခြားတဲ့ စနစ်ပပျောက်ခဲ့ရတာ ဖြစ်ပါတယ်။
မင်ဒဲလား အာဏာရပြီး နောက်ပိုင်းမှာလည်း နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ပြုလုပ်ခဲ့ပြီး အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲရေးတွေ ဆက်လက်လုပ်ဆောင်ခဲ့ကာ ဖက်ဒရယ် ဒီမိုကရေစီ စနစ်အခြေခံတဲ့ ခေတ်သစ် တောင်အာဖရိကနိုင်ငံ ထူထောင်ခဲ့ကြတာဖြစ်ပါတယ်။








