အစိုးရနဲ့ UNFC ဆွေးနွေးပွဲ ရက်ရွှေ့

အောက်တိုဘာလကုန်ပိုင်းက ဆွေးနွေးပွဲ တက်ခဲ့တဲ့ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်များ

ဓာတ်ပုံ ရင်းမြစ်, Peace Commission Facebook

ဓာတ်ပုံ ပုံစာ, အောက်တိုဘာလကုန်ပိုင်းက ဆွေးနွေးပွဲ တက်ခဲ့တဲ့ ငြိမ်းချမ်းရေးကော်မရှင် ကိုယ်စားလှယ်များ

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ် ထိုးနိုင်ရေးနဲ့ ပတ်သက်ပြီး အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး အဖွဲ့ DPN တို့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ် ထားပေမယ့် အစည်းအဝေး မဖြစ်မြောက်ဘဲ ရွှေ့ဆိုင်းခဲ့ရ ပါတယ်။

အစိုးရနဲ့ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ပေါင်းစု ဖြစ်တဲ့ UNFC တို့ဟာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ ၁၇ လနီးပါးကြာ ဆွေးနွေး ခဲ့ကြပြီးဖြစ်ပါတယ်။

အခု ၉ ကြိမ်မြောက် ဆွေးနွေးမယ့် အစည်းအဝေးကို နှစ်ဘက် ခေါင်းဆောင်တွေက ရက်သတ်မှတ် ထားခဲ့ကြပြီးနောက် အစည်းအဝေးတက်ဖို့ ခေါင်းဆောင်တွေ ရန်ကုန်ရောက်နေချိန်မှာ အစည်းအဝေး မကျင်းပ ဖြစ်တော့ဘဲ ရွှေ့ဆိုင်း လိုက်ခဲ့ရတဲ့ သတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

ရွှေ့ဆိုင်းလိုက်တဲ့ အစည်းအဝေးကို ဘယ်တော့ ပြန်လုပ်မယ်ဆိုတာ မသတ်မှတ်နိုင်သေးဘူးလို့ DPN အဖွဲ့ဝင် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောပါတယ်။

ဆွေးနွေးပွဲ ပျက်ခဲ့ရတာနဲ့ ပတ်သက်လို့ သူက ဘာမှ မှတ်ချက် မပေးလိုကြောင်း ပြောပေမယ့် တခြား တိုင်းရင်းသား ကိုယ်စားလှယ် တယောက်ကတော့ ဒီ ၉ ကြိမ်မြောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲဟာ တပ်ဘက်က ကိုယ်စားလှယ် မတက်လို့ ပျက်ခဲ့ရတာလို့ ပြောပါတယ်။

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင် တစ်ယောက် ကတော့ UNFC ဖက်က တင်ပြထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဆိုတဲ့ အသုံးအနှုန်း အပေါ် တပ်ဘက်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေအကြား ညှိနှိုင်းဖို့ ခက်ခဲ နေတာကြောင့် ဆွေးနွေးပွဲ ရွှေ့ဆိုင်း လိုက်ရတာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

NCA လက်မှတ် ရေးထိုးနိုင်ဖို့ UNFC ဘက်က တင်ပြထားတဲ့ အချက် ၉ ချက် ရှိပြီး အဲ့ဒီထဲမှာ NCA လက်မှတ်ထိုးပြီးတာနဲ့ တနိုင်ငံလုံး အပစ်ရပ်ရေး ကြေညာဖို့၊ စောင့်ကြည့်ရေး ကော်မတီတွေ ထားရှိဖို့၊ တပ်နေရာ ချထားရေး နဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေအပြင် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။

အဲဒီအချက်တွေကို အကျေအလည် ဆွေးနွေး သဘောတူညီမှု ရပြီးမှ NCA လက်မှတ်ရေးထိုးမှာ ဖြစ်တဲ့အတွက် လက်ရှိ အနေအထား အရ အားလုံး ပါဝင် လက်မှတ်ရေးထိုးကြဖို့ ကြန့်ကြာ မယ့်ပုံရှိနေပါတယ်။