NCA အကောင်အထည်ဖော်မှုကို ပြန်သုံးသပ်မယ်

ဓာတ်ပုံ ရင်းမြစ်, MOI
တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူစာချုပ် NCA ကို အကောင်အထည် ဖော်မှုနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်ရေး ဆွေးနွေးပွဲကို ၃ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။
NCA စာချုပ် ချုပ်ဆိုပြီးတဲ့ သက်တမ်း ၂ နှစ် ရှိလာတဲ့ အခုလို အချိန်မှာ ဒီစာချုပ်ပါ အချက်တွေ ဘယ်လောက် အတိုင်းအတာ အထိ၊ အကောင်အထည် ဖော်ဆောင် နိုင်ခဲ့သလဲ ဆိုတာကို အစိုးရနဲ့ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ဆွေးနွေး သုံးသပ် ကြမှာ ဖြစ်ပါတယ်။
အဓိက အားဖြင့် NCA စာချုပ်အတိုင်း နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပတဲ့အခါဘဲ ဖြစ်ဖြစ် အပစ်အခတ် ရပ်စဲမှု စောင့်ကြည့် လေ့လာရေးမှာဘဲ ဖြစ်ဖြစ် တချို့ နေရာမှာ စာချုပ်ထဲက အတိုင်း မဖြစ်တာတွေ ရှိသလို တချို့အချက်တွေ ဆိုရင်လည်း အခုထိ အကောင်ထည် မဖော်နိုင်သေးတာ တွေ့ရတယ်လို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-U ရဲ့ အတွင်းရေးမှုး ၁ ဒေါက်တာရွှေခါးရ် က ပြောပါတယ်။
NCA အခန်း ၃ မှာ ပါတဲ့ နှစ်ဖက် ညှိနှိုင်း လုပ်ရမှာတွေ ဖြစ်တဲ့ အပစ်ရပ် နယ်မြေ သတ်မှတ်ရေး ၊ တပ်နေရာ ပြန်လည် ချထားရေး နဲ့ ထိန်းချုပ် နယ်မြေ သတ်မှတ်ခြင်း စတာတွေကို မလုပ်နိုင်သေးတာ တွေ့ရတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။
အကျေအလည် ဆွေးနွေးဖို့ အတွက် နှစ်ဖက်ကြား ညှိနှိုင်းပေးတဲ့ ယန္တရား မရှိတဲ့ အတွက် အခုလို ပြဿနာ တက်ရတာလို့ သူက ဆိုပြီး အခုကျင်းပမယ့် NCA အကောင်အထည် ဖော်မှု ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲ ရဲ့ ရည်ရွယ်ချက် က အကောင်အထည် ဖော်ဖို့ မလုပ်နိုင်သေးတာကို ဘယ်လို ဖော်ဆောင်မလဲ ဆိုတဲ့ ယန္တယား ပေါ်ထွက်လာအောင် ရည်မှန်းထားတယ်လို့ သူက ပြောပါတယ်။
အဲဒီလို ပြန်လည် သုံးသပ်ရာမှာ နှစ်ဖက် နားလည်မှု ရှိဖို့ လိုပြီး နှစ်ဖက် တပ်တွေ ညှိတဲ့ ယန္တရား ရှိဖို့က အရေးကြီးတာကြောင့် ဒီယန္တရား သတ်မှတ်နိုင်ဖို့ ကြိုးစားမယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် NCA အကောင်အထည် ဖော်ရာမှာ နဂို NCA ရေးစွဲတုန်းက သဘောထား အတိုင်း ဖော်ဆောင်မယ် ဆိုရင် လူထုနဲ့ လက်မှတ် မထိုးရသေးသူတွေက ယုံကြည်မှု ရှိလာမှာ ဖြစ်တယ်လို့ ဒေါက်တာရွှေခါးရ် က ပြောပါတယ်။
NCA စာချုပ် ချုပ်ဆိုခဲ့ပြီးတဲ့ နှစ်နှစ်အတွင်း အကောင်အထည် ဖော်မှု ဆိုင်ရာ ပြန်လည် သုံးသပ်ရေး ဆွေးနွေးပွဲကို အောက်တိုဘာ ၂၅ ရက် က စလို့ သုံးရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။








