စစ်မှုထမ်းဥပဒေကြောင့်လယ်ယာလုပ်သား ရှားပါးမှုပြဿနာပိုရင်ဆိုင်လာရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လယ်ယာလုပ်ငန်းတွေအတွက် လုပ်သားရှာမရ ခေါ်မရတဲ့ ပြဿနာကို တောင်သူတွေ ရင်ဆိုင်နေရတာ ၂၀၂၄ ခုနှစ်မှာ အဆိုးဆုံးဖြစ်လာတယ်လို့ တောင်သူလယ်သမားတွေနဲ့ စိုက်ပျိုးရေးလုပ်ငန်းအထောက်အကူပေးရေးအဖွဲ့တွေရဲ့ ပြောဆိုသံတွေညံလာပါတယ်။
ဘီဘီစီက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းထဲမှာရှိတဲ့ လက်ရှိလယ်ယာစိုက်ပျိုးရေး လုပ်ကိုင်နေတဲ့ တောင်သူ ၅ ဦးထက်မနည်းနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါမှာ တူညီတဲ့အချက်က “လယ်အလုပ်သမားတွေရဖို့ အရမ်းခက်လာတယ်”ဆိုတာပါပဲ။
လယ်အလုပ်သမား ရှားပါးတယ်ဆိုတာမှာလည်း အမျိုးသားရော၊ အမျိုးသမီး ပါ နည်းပါးလာတာပါ။
တနည်းပြောရရင်တော့ လယ်ယာလုပ်ငန်းခွင်တွေမှာ လူငယ်လူရွယ်၊ လုပ်နိုင်ကိုင်နိုင်တဲ့၊ အင်အားရှိတဲ့သူတွေ နည်းပါးသွားတာဖြစ်ပါတယ်။
စစ်တပ်က အာဏာမသိမ်းခင်အချိန်ကတည်းက ပြည်ပမှာ အလုပ်သွားလုပ်ဖို့ ၊ မြို့ပြတွေမှာ ပြောင်းရွှေ့လုပ်ကိုင်ကြဖို့ ထွက်သွားကြတဲ့ လယ်ယာအလုပ်သမားတွေ ရှိခဲ့တာပါ။
စစ်တပ်က အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်းမှာတော့ ကျပ်ငွေတန်ဖိုးလျော့လာပြီး ငွေကြေး ဖောင်းပွလာတာ၊ နိုင်ငံတကာ စီးပွားရေးလုပ်ငန်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားတာတွေကြောင့် လူငယ်တွေပါ ပြည်ပထွက်ခွာအလုပ်လုပ်ကိုင်သူတွေများလာပါတယ်။
၂၀၂၄ ခုနှစ်မှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ကို အသက်သွင်းလိုက်ချိန်မှာတော့ မြို့ပြကလူငယ်တွေသာမက နယ်ဒေသလယ်ယာလုပ်ငန်းခွင်တွေက လူငယ်တွေပါ အလုံးအရင်းနဲ့ ပြည်ပကို ထွက်ခွာသွားကြတယ်လို့ တောင်သူလယ်သမားအရေးလုပ်ကိုင်သူတချို့ရဲ့ စစ်တမ်းတွေကဖော်ပြပါတယ်။
“အာဏာမသိမ်းခင်က နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ သွားကြတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း နဲ့ စစ်မှုထမ်းဥပဒေထွက်လာချိန်မှာ စစ်မှုမထမ်းရအောင် နိုင်ငံခြားမှာ အလုပ်လုပ်ဖို့နဲ့ တချို့က တော်လှန်ရေးလုပ်ဖို့ ဝင်သွားကြတယ်” လို့ မေးမြန်းခွင့်ရတဲ့ တောင်သူတွေကတညီတညွတ်တည်း ပြောကြပါတယ်။
ဒီလို လူငယ်၊လူလတ်တွေရှားပါးလာတာက တောင်သူလယ်သမားတွေလုပ်သားရဖို့ ခေါင်းကိုက်စရာ ဖြစ်လာပါတယ်။
ငါးပုံတစ်ပုံလောက်အထိ လျော့နည်းသွားတဲ့ လယ်ယာအလုပ်သမား

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နေ့စား အငှားလိုက်တဲ့လယ်ယာအလုပ်သမားတွေရဲ့ အလုပ်သဘော သဘာဝအရ တစ်နေ့လုပ် တစ်နေ့ရှင်းဖြစ်ပြီး လယ်လုပ်ငန်းပြီးရင် တခြားကြုံရာလုပ်ရတဲ့ ကျပန်းအလုပ်တမျိုးလုပ်ကြပါတယ်။
ဒါကြောင့် လယ်ယာလုပ်ငန်းမှာ အလုပ်သမား ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ စာရင်းအတိအကျ မပြောနိုင်ကြပါဘူး။ ဒါပေမဲ့ လုပ်ငန်းခွင်မှာ လုပ်သားလျော့ကျသွားတဲ့အခြေအနေကို လုပ်ကိုင်လာတဲ့ နှစ်အတွေ့အကြုံနဲ့ အရင်နှစ်တွေမှာ လုပ်ကိုင်ခဲ့ရတာတွေနဲ့ နှိုင်းယှဉ်ပြီး တောင်သူတွေက ပြောပြကြပါတယ်။
မကွေးတိုင်း ၊ ပွင့်ဖြူမြို့က အသက် ၆၀ ဝန်းကျင် ဦးထွန်းမောင်ကတော့ အာဏာသိမ်းကာလမတိုင်ခင် နှစ်တွေတုန်းကဆိုရင် လယ် ၄ ဧကစီ ပိုင်တဲ့ပိုင်ရှင် ၃ ဦးဟာ လယ်လုပ်သား အယောက် ၅၀ ခန့်ကို စုပေါင်း ခေါ်ယူကာ နေ့ချင်းပြီး ထွန်ယက်စိုက်ပျိုးတာမျိုးအထိ လုပ်နိုင်ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဒီနှစ်မှာတော့ အဲဒီလိုအလုပ်သမားက အယောက် ၂၀ လောက် သာရတော့တယ်လို့ ဦးထွန်းမောင်က ပြောပါတယ်။
“တဝက်အချိုးမက အလုပ်သမားလျော့သွားတာ”လို့ သူက ပြောပါတယ်။
လယ်လုပ်ငန်းမှာ အမျိုးသားတွေက ပျိုးနှုတ်တာ၊ ဆေးဖြန်းတာ၊ ဓာတ်မြေဩဇာကြဲတာ၊ ထွန်စက်မောင်းတာ၊ ထွန်စက်မရှိရင် နွား/ကျွဲနဲ့ လယ်ထွန်တာ၊ ကန်သင်းရိုးနားမှာရှိတဲ့ မြက်တွေခုတ်တာ စတဲ့ အင်အားသုံးရတဲ့အလုပ်တွေကို လုပ်ကြပါတယ်။
အမျိုးသမီးတွေကတော့ ကောက်စိုက်၊ ပေါင်းပင်နှုတ်ကြရတာပါ။
“အရင်နှစ်တွေက မနက်ဖြန် အလုပ်ရှိတယ်ဆိုရင် ဒီနေ့လောက်က ပြောထားလိုက်လို့ရတယ်၊ အခုက တစ်လလောက်ကတည်းက ကြိုပြောထားရတယ်။ ဒါက အရင်နှစ်နှစ်လောက်အထိ အခြေအနေပေါ့၊ အလုပ်သမားရှားတာက နှစ်ချင်းကို တဖြည်းဖြည်းချင်း ရှားလာတာ၊ ဒီနှစ်ကတော့ ပိုဆိုးတယ်”လို့ သူက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က မြေပဲစိုက်တောင်သူ ဦးခန့်လင်းကလည်း မြေပဲတွေ စိုက်ပျိုးဖို့အတွက် သုံးရက်အနည်းဆုံး ကြိုပြီး အလုပ်သမား ရှာနေရတာပါ။
“အလုပ်လာလုပ်သူတွေကလည်း လူငယ်တွေ မဟုတ်တော့ဘူး၊ အသက် ၄၀ ကနေ ၅၀ ဝန်းကျင်၊ ၆၀ ဝန်းကျင်တွေပဲ လာတော့တယ်။ အသက် ၃၀ အောက်တွေကတော့ သိပ်မရှိတော့ဘူး”လို့ သူက ပြောပါတယ်။
ရန်ကုန်မြို့ ၊ သန်လျင်မြို့နယ်မှာတော့ လယ်ရှင်၊ ငွေရှင်တွေအနေနဲ့ အလုပ်သမားခေါ်ဖို့ လူမရှားခဲ့တဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ကြတာပါ။
ဒါပေမဲ့ အခုချိန်မှာတော့ အလုပ်သမားရဖို့ အောက်ကျို့ရတဲ့ အခြေအနေထိ ဖြစ်နေတယ်လို့ ကိုယ်တိုင်လည်း လယ်ပိုင်ရှင်ဖြစ်သလို ဖခင်ဖြစ်သူ လယ်ရှင်ကြီး ကြုံနေရတာကို သန်လျင်မြို့နယ်က လယ်ပိုင်ရှင်လူငယ် တစ်ဦးက ပြောပြပါတယ်။
“အဖေက ကြာတော့ ရှက်တောင် ရှက်လာတယ်တဲ့။ ဘာလို့ဆိုတော့ အောက်ကျခံပြီး လိုက်ခေါ်ရတာပေါ့။ တကယ်ဆို ကိုယ်က ငွေရှင်လေ၊ ငွေရှင်ကနေ အောက်ကျခံပြီး လိုက်ခေါ်တာတောင်မှ ဒီနေ့လာမယ်၊ မနက်ဖြန်လာမယ်ဆိုပြီး လာခါမှလာ၊ လာချင်မှလည်းလာဖြစ်လာတယ်။ ခေါ်ရတဲ့သူကတောင် ပြန်ရှက်လာတယ်။ ငွေရှိတာနဲ့တောင် အလုပ်သမားက မရဖြစ်လာတယ်”လို့ သူက ပြောပါတယ်။
လုပ်အားခလည်း ဈေးတက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
လယ်ယာအလုပ်သမား ရှားပါးလာတာ၊ ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့်လည်း အလုပ်သမားခတွေ ဈေးတက်လာကြပါတယ်။
အရင်က တစ်မနက်စာ အမျိုးသား အလုပ်သမားခက ၅,၀၀၀ ၊ အမျိုးသမီးက ၄,၅၀၀ ကျပ် ဖြစ်ပေမဲ့ ဒီနှစ်မှာတော့ အမျိုးသားလုပ်အားက ၈,၀၀၀ နဲ့ အမျိုးသမီးက ၆,၀၀၀ ကျပ်အထိ ရှိလာတယ်လို့ ပွင့်ဖြူ၊ ယင်းမာပင်နဲ့ လပွတ္တာမြို့နယ်တွေက တောင်သူလယ်သမားတွေက ပြောပါတယ်။
ရန်ကုန်မြို့ နဲ့ ဆက်နေတာကြောင့် ကုန်စျေးနှုန်းဒဏ်ကို သိသိသာသာခံနေရတဲ့ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်မှာဆိုရင်တော့ အလုပ်သမားခ တစ်သောင်းခွဲကနေ နှစ်သောင်းဝန်းကျင်ထိ ရှိပါတယ်။
ဒါပေမဲ့ “အခုက တစ်သောင်းခွဲမရလို့ နှစ်သောင်းပေးမယ်ဆိုလည်း လုပ်မယ့်သူမရဘူး။ ရှိတဲ့အလုပ်သမားကို လုနေရာတာပေါ့ဗျာ။ အရင်က ငါးပုံမှာ တစ်ပုံလောက်ပဲ ကျန်တော့တဲ့သဘော၊ ငါးယောက်မှာ တစ်ယောက်ပဲ ကျန်တာပေါ့နော်။ အဲဒီတော့ အဲတစ်ယောက်ကိုပဲ လယ်ရှင်တွေ ဝိုင်းလုနေရတဲ့သဘောပေါ့” လို့ လယ်လုပ်ငန်း လုပ်ကိုင်သူတစ်ယောက်က ပြောပါတယ်။
လယ်ယာအလုပ်သမား ရှားပါးတဲ့အထဲမှာ အမျိုးသားလုပ်သားတွေက ပိုပြီးရှားပါးလာတယ်လို့ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းက တောင်သူလယ်သမားတွေက ပြောပါတယ်။
ကိုယ်ကာယ ခွန်အားသုံးရတဲ့ အမျိုးသားအလုပ်သမား နည်းပါးတာကြောင့် အမျိုးသမီးတွေကို အစားထိုး လုပ်ကိုင်လာတာလည်း ရှိပါတယ်။
“အမျိုးသမီးကို အစားထိုးသုံးရဖို့ကလည်း အဲဒီအမျိုးသမီးက သန်သန်မာမာရှိရဲ့လား၊ မြက်ဖြတ်စက်တွေ သုံးနိုင်ရဲ့လား ဆိုပြီး သေချာစိစစ်ရတယ်။ အမျိုးသားတွေလုပ်ရတဲ့အလုပ်ကို အစားထိုးလုပ်တဲ့ အမျိုးသမီးကိုလည်း အမျိုးသားလုပ်အားခအတိုင်း ပေးရတာပေါ့၊ ဒါတွေက တော်ရုံအမျိုးသမီးတွေ မလုပ်နိုင်ကြဘူး”လို့ ပွင့်ဖြူမြို့က ဦးထွန်းဦးက ပြောပါတယ်။
စစ်ကောင်စီအုပ်ချုပ်ရေး တိုက်ရိုက်ရှိနေတဲ့ ရန်ကုန်မြို့၊ သန်လျင်မြို့နယ်မှာတော့ အမျိုးသမီးနေ့စား လယ်လုပ်သမတွေပါ ရှားပါးနေပါတယ်။
“မိန်းကလေး နေ့စားသမားတွေကတော့ ကောက်စိုက်ပေါ့။ ဒီနှစ် ကောက်စိုက်မယ့်အချိန်ဆိုရင် မိန်းကလေး လုပ်သားတွေ ပါ မရှိတော့ဘူး။ ကောက်စိုက်၊ မြက်နုတ်၊ ပေါင်း နုတ်ဖို့တောင် ခက်ခဲတယ်။ အခုက မြန်မာနိုင်ငံက ထွက်ရပြီးရောဆိုပြီး ထွက်ကုန်တာ” လို့ သန်လျင်မြို့ခံ တစ်ယောက်က ပြောပါတယ်။
မကွေးတိုင်း၊ ယောဒေသ ၊ ဂန့်ဂေါ ၊ ထီးလင်း၊ ဆောမြို့နယ်တွေထဲမှာတော့ လယ်ယာလုပ်ငန်းခွင်ထဲကနေ တော်လှန်ရေးထဲဝင်လာတာကြောင့် လယ်ယာလုပ်ငန်း မလုပ်နိုင်တဲ့ မိသားစုတွေအတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ဝင်ရောက်ကူညီလုပ်ကိုင်ပေးကြပါတယ်။
“တချို့ရွာတွေထဲမှာ အလုပ်သမားခ မတတ်နိုင်လို့ အခက်ခဲဖြစ်နေတဲ့သူတွေကိုလည်း ပြည်သူ့ဝန်ဆောင်မှုအနေနဲ့ PDF တွေက ဝင်လုပ်ကိုင်ပေးတာတွေရှိတယ်”လို့ ဂန့်ဂေါမြို့နယ် ဒေသခံတစ်ယောက်က ပြောပါတယ်။
လယ်လုပ်သားရှားပါးလာတဲ့ လယ်ယာလုပ်ငန်းတွေရဲ့လားရာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အလုပ်သမား ရှားပါးလာတာကြောင့် တောင်သူလယ်သမား တချို့ဟာ လုပ်ငန်းခွင်မှာ အသုံးပြုတဲ့ လုပ်ငန်းစဉ်တွေကို လျှော့ချလိုက်ရတာ၊ စိုက်ပျိုးရမယ့် မြေဧရိယာအပြည့် မစိုက်နိုင်တော့တာတွေ ဖြစ်လာပါတယ်။
ပွင့်ဖြူမြို့က ဦးထွန်းဦးက လယ်စိုက်သူတစ်ယောက်ဖြစ်သလို ခရမ်းချဉ်သီး၊ ကြက်သွန်တို့လို ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးသူတစ်ယောက်ပါ။
ဦးထွန်းဦးသာမက သူတို့ပွင့်ဖြူမြို့နယ်ထဲက တောင်သူလယ်သမား တော်တော်များများက စိုက်ဧက တစ်ဝက်နီးပါးကို အလုပ်သမားမရှိလို့ လျှော့ချလိုက်ရတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ တမြို့နယ်လုံး နီးပါးဖြစ်နေတာပဲ၊ စိုက်ဧကတွေကို သုံးပုံတစ်ပုံကနေ တစ်ဝက်နီးပါးအထိကို လျှော့လိုက်ရတာ၊ အဓိကက ဧကများတဲ့သူတွေပေါ့၊ မစိုက်ဘဲ ထားလိုက်ရတာတွေ ဖြစ်လာတာ”လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဟင်းသီးဟင်းရွက် စိုက်ခင်းတွေမှာ အသေးစိတ်လုပ်ကိုင်ရပြီး လုပ်သားအင်အား အများကြီးသုံးရတဲ့ခရမ်းချဉ်သီး၊ သခွားသီး၊ ကြက်သွန်နီ၊ ပဲသီး တွေကိုလည်း မစိုက်ပျိုးရတော့တာတွေ ရှိလာပါတယ်။
“မုန်းချောင်းရေတွေ တက်တုန်းကလည်း သီးနှံတွေ ပျက်စီးကြ၊ ထိခိုက်ခဲ့ကြတာ၊ အခုလည်း ဘက်ပေါင်းစုံကနေ ထိခိုက်နေရတာဆိုတော့ တောင်သူတွေအတွက် ရှေ့ဆက်မလွယ်ပါဘူး”လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ စိုက်ဧကဟာ နှစ်အလိုက် မိုးစပါးဧက ၁၅ သန်း၊ နွေစပါး ၂ ဒသမ ၂ သန်းရှိနေပြီး နှစ်စဉ်နှစ်တိုင်းမှာ ၅ ရာခိုင်နှုန်း အတိုးအလျော့ရှိနေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းက အဖွဲ့ဝင်တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
“လုပ်သားရှားပေမယ့် အခက်အခဲကြားက မြန်မာ့နည်း မြန်မာ့ဟန်ကြံဖန်လုပ်နေကြလို့ စိုက်ဧကမလျော့တာပါ။ စက်တွေကိုလည်း ဒီဇယ် အခက်အခဲကြားကနေ ကြံဖန်လုပ်နေကြတာပါပဲ”လို့ သူက ပြောပါတယ်။
လယ်ယာလုပ်ငန်းခွင်မှာ လူသားအရင်းအမြစ်ဖြစ်တဲ့ လယ်ယာလုပ်သားတွေနည်းပါးလာတာကြောင့် စက်မှုလယ်ယာအဖြစ်ကို ပြောင်းလဲကြဖို့ စိုက်ပျိုးရေး ကျွမ်းကျင်သူတွေက အကြံပေးတာတွေလည်း ရှိပါတယ်။
ဒါက လက်တွေ့မှာ လုပ်သားအင်အား လျှော့သုံးလိုက်ရတာဖြစ်ပေမဲ့ လူအင်အား လုံးဝမလိုအပ်တော့တာ မဟုတ်ဘူးလို့ စက်မှုလယ်ယာကို ပြောင်းလဲ သုံးနေတဲ့ သန်လျင်ဒေသခံတစ်ယောက်က ပြောပါတယ်။
“စက်သုံးတာကလည်း စက်က သူ့ဘာသာ သွားတာမဟုတ်ဘူး။ စက်မောင်းဖို့ကလည်း လူလိုတယ်။ အရှေ့က စက်မောင်းသွားရင် ကန်သင်းနားမှာ မြက်တွေကျန်တယ်၊ အဲဒီမြက်တွေ လယ်ထဲ မကူးအောင် ပေါက်ပြားနဲ့ လိုက်ခုတ်ရတယ်။ ကန်စင်းပေါ်က မြက်တွေ အုံခဲမနေအောင်၊ ပိုးတွေမအောင်းအောင် ဆေးဖြန်းရတယ်။ တချို့က မြက်ရမ်းစက်နဲ့ ဖြတ်ပေးရတယ်။ အဲဒါတွေ လူလိုတယ်” လို့ စက်ချည်း အားကိုးလို့မရဘဲ လုပ်သားအင်အား လိုအပ်နေတာကို ပြောပြပါတယ်။
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ ၇၀ ရာခိုင်နှုန်းတောင်သူလယ်သမားတွေဟာ ကုန်ဈေးနှုန်း၊ စိုက်ပျိုးဖို့ ကုန်ကျစရိတ်နဲ့ အမြတ်အစွန်းမရှိသလောက် ဖြစ်နေတာပါ။
ဒီအခြေအနေမှာပဲ “မြွေပူရာ ကင်းမှောက်” ဆိုသလို လုပ်သားအရင်းအမြစ်ပါ ရှားပါးလာတဲ့အတွက် လယ်ယာလုပ်ငန်း စွန့်ခွာသူတွေ ပိုများလာနိုင်သလို စပါးအထွက်နှုန်းလျော့ကျလာနိုင်တယ်လို့ တောင်သူတွေနဲ့ စိုက်ပျိုးရေးကျွမ်းကျင်သူတွေက မှတ်ချက်ပြုကြပါတယ်။











