တိုင်းပြည် မငြိမ်သက်မှုတွေကြောင့် စိုက်ပျိုးရေးကို ထိခိုက်လာ

ဓာတ်ပုံ ရင်းမြစ်, CJ
စပါးစိုက်ပျိုးရာဒေသတွေထဲမှာ ပါဝင်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စတဲ့ဒေသတွေ အပါအဝင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေဟာ စိုက်ပျိုးပြီးလယ်ဧကတွေ ကို ပုံမှန် ဂရုမစိုက်နိုင်တဲ့အတွက် ပျက်စီးတာတွေ နဲ့ ကြုံတွေ့နေရသလို စိုက်ပျိုးထားပြီးသား လယ်ဧကတွေကို ရိတ်သိမ်းဖို့ ဒေသတွင်း မတည်ငြိမ်မှုတွေအပါအဝင် စိုက်ပျိုးစရိတ်ကြီးမြင့်လာတာတွေကြောင့် စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ထဲမှာဆိုရင် ပုံမှန် စိုက်ပျိုးနေကျ တစ်နယ်လုံးနီးပါး လယ်ဧက ၂၀၀၀ ကျော်ရှိရာကနေ လက်ရှိ စိုက်ပျိုးရာသီမှာ ထက်ဝက်ကျော်သာ စိုက်ပျိုးနိုင်တဲ့အတွက် လယ်မြေ ဧက ၁၀၀၀ နီးပါးသာ စိုက်ပျိုးနိုင်တဲ့ အနေအထားမှာရှိနေတယ်လို့ ဒေသခံ စိုက်ပျိုးရေးလုပ်ကိုင်သူတွေက ဆိုကြပါတယ်။
မြောင်မြို့နယ်က တောင်သူတစ်ဦးကတော့ " စိုက်ပျိုးရာသီမှာတော့ စိုက်ဖြစ်တဲ့လူတွေလည်းရှိတယ်။ ကျွန်တော်တို့လည်း စိုက်လိုက်တယ်။ ဒါပေမယ့် စိုက်ပြီးသားတွေကို ဂရုတစိုက်ရှိဖို့တော့ အဆင်မပြေဘူး။ ပစ်ထားရတာများတယ်။ အထွက် လျော့မယ့်သဘောပဲ။ မစိုက်တဲ့သူတွေကတော့ စိုက်ပျိုးစရိတ်ကြီးလာတာကြောင့် မစိုက်ဖြစ်ကြတာ ရှိသလို ရှောင်နေကြရတာတွေကြောင့် မစိုက်ပျိုးဖြစ်ကြသူတွေလည်း ရှိနေတာပေါ့" လို့ လက်ရှိအနေအထားကို ပြောပြပါတယ်။
နွေစပါး၊ မုရင်းစပါး ဆိုပြီး စပါးစိုက်ရာသီရှိပြီး နွေစပါးကို ဇန်နဝါရီလဝန်းကျင်မှာ စတင်စိုက်ပျိုးလေ့ရှိပြီး မေလဝန်းကျင်မှာတော့ရိတ်သိမ်းတာတွေ ပြုလုပ်လေ့ရှိတာပါ။ မုရင်းစပါးကိုတော့ ဖေဖော်ဝါရီလနဲ့ ဇန်နဝါရီလဝန်းကျင်မှာ စိုက်ပျိုးကြလေ့ရှိပြီး မေလမှာ ရိတ်သိမ်းလေ့ရှိကြတာပါ။
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းက တောင်သူတစ်ဦးက သူကြုံရပုံကို အခုလိုပြောပါတယ်။
" ရေသွင်းစိုက်ရတာတွေရှိတယ်။ မတတ်နိုင်ကြတဲ့သူတွေကတော့ ဆက်မစိုက်ကြတော့ဘူး။ ဆက်စိုက်လည်း ရိတ်သိမ်းဖို့ကျရင် ပြဿနာက တက်မှာပဲလေ။ အဓိကကတော့ စက်သုံးဆီက စိုက်ပျိုးရေးမှာ မပါမဖြစ်ပါပဲ။ စပါးရေသွင်းရတယ်။ တစ်ရာသီကို ၇ ခါ ၈ ခါသွင်းရတယ်။ ရေသွင်းရကတည်းက စက်သုံးဆီကို သုံးရပြီပေါ့နော်။ တစ်ခါ ရိတ်ပြီးပြန်လည်း သယ်ယူပို့ဆောင်ရေးကအစ ဆီက မပါမဖြစ်ပဲဆိုတော့ မစိုက်ဖြစ်တဲ့သူများတယ်။ ကျွန်တော်တို့လည်း မစိုက်ဖြစ်ဘူး။"
ဒါ့အပြင် လယ်မြေဧကတွေ မီးရှို့ခံရတာ၊ အဆောက်အအုံတွေ မီးရှို့ခံရတာ၊ လယ်ယာတွေ ပျက်စီးလာတာတွေရှိနေတာကြောင့်လည်း စပါးစိုက်တောင်သူတွေအနေနဲ့ အခက်အခဲ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
စက်သုံးဆီဈေးနှုန်းတွေ တရှိန်ထိုးမြင့်တက်သွားတာကို ၂၀၂၂ ခုနှစ် နှစ်စ စပါးစိုက်ပျိုးရာသီမှာပဲ ကြုံတွေ့ခဲ့ရတဲ့အတွက် စိုက်ပျိုးနိုင်တဲ့သူလျော့ကျသွားတာလို့လည်း စိုက်ပျိုးတောင်သူတွေက ဆိုကြပါတယ်။
စိုက်ပျိုးရေးကိုအဓိကထားရတဲ့ တောင်သူတွေမှာ စိုက်ပျိုးရေး အဆင်မပြေတဲ့နောက် စီးပွားရေးကို ထိခိုက်လာတာတွေ ရှိလာသလို တစ်ဆက်တည်းမှာပဲ အသုံးစရိတ်တွေ ကျပ်တည်းလာတာကြောင့် ကျန်းမာရေးအသုံးစရိတ်တွေ လျှော့ချရတာ၊ တခြား အထွေထွေ ကုန်ကျစရိတ်တွေကအစ ခက်ခဲတာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
စီးပွားရေး အကြံပေးပညာရှင်တစ်ဦးကတော့ လက်ရှိ ဖြစ်နေတဲ့အခြေအနေတွေကို အခုလို သုံးသပ်ပြောဆိုပါတယ်။
" စိုက်စရိတ်မြင့်တာ အဓိကပေါ့၊ နောက်ပြီး နိုင်ငံတွင်း မတည်ငြိမ်တာက တစ်ချက်ပါတယ်။ နောက်ဆက်တွဲအနေနဲ့တော့ ဈေးတွေတက်နိုင်တာပေါ့။ ထုတ်လုပ်မှုများမှ ဈေးနှုန်းလျော့ကျမှာ။ ထုတ်လုပ်မှု နည်းရင် ဈေးကတက်မှာ ဒါ ဓမ္မတာပဲလေ။ တောင်သူတွေ ဆက်မစိုက်နိုင်တော့ဘူးဆိုရင် ရေရှည်အတွက် မလွယ်ဘူး။ "
စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းတစ်ဝိုက်ကမြို့တွေမှာလည်း စိုက်ပျိုးတောင်သူတွေဟာ နွေစပါးကို အားလုံးနီးပါး မစိုက်ပျိုးကြသလို လာမယ့် လေးလဝန်းကျင်လောက်မှာ ရောက်ရှိလာမယ့် မိုးစပါး ရာသီမှာလည်း စိုက်ပျိုးဖို့ အခြေအနေစောင့်ကြည့်နေဆဲပဲလို့ ဆိုကြပါတယ်။
မိုးစပါးကို စိုက်ပျိုးမှုနည်းသွားမယ်ဆိုရင် နောင်နှစ် ဆန်စပါးအခက်အခဲတွေနဲ့ကြုံတွေ့နိုင်တယ်လို့ စိုက်ပျိုးတောင်သူတစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
" နွေစပါးကိုတော့ အားလုံးနီးပါး မစိုက်ကြဘူး။ တစ်ဧက ကို အရင်က ၃ သိန်းလောက်ပဲ ကုန်တာကနေ အခု မျိုးစပါးဖိုး၊ရိတ်သိမ်းခ၊ ပေါင်းသတ်ဆေးက အစ ဈေးတွေမြင့်သွားတော့ တစ်ဧကကို လေးငါးသိန်းကုန်ပြီလေ။ ဒါကြောင့် မစိုက်ကြတော့တာ။ ပြီးတော့ နောက်တစ်ချက်ကတော့ တောင်သူတွေက စပါးတွေရှိသမျှတောင် အကုန်ရောင်းနေရတဲ့ အနေအထားဖြစ်နေတာ။ မီးလာလာရှို့တာတွေ ရှိလို့လေ။ ဒီတော့ လယ်တွေစိုက်ပြီး ယုယမနေနိုင်တော့တာဆိုတော့ မစိုက်ကြတာလည်း များတာပေါ့ " လို့ ပြောပါတယ်။
လက်ရှိမှာလည်း ဒီပဲယင်းတစ်ဝိုက်က ကျေးရွာတွေကို ဇန်နဝါရီလအတွင်းကတစ်ကြိမ် စပါးကျီတွေနဲ့ နေအိမ် ၇ လုံးမီးရှို့ခံရတာ၊ အခု မတ်လဆန်းပိုင်းမှာလည်း စပါးကျီအပါအဝင် လူနေအိမ် အလုံး ၆၀ နီးပါးကို မီးရှို့ခံခဲ့ရတာကြောင့် စိုက်ပျိုးစရိတ် မရှိတာတွေလည်း ကြုံနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မီးရှို့ခံရတဲ့နေအိမ်တစ်ခုက မိသားစုဝင်တစ်ဦးကတော့ " ကျွန်တော့် အဖေအိမ်ပါသွားခဲ့တယ်။ စပါးကတင်း ၄၀၀ လောက် ပါသွားတယ်။ ဘာဆက်လုပ်မလဲ။ ဘာမှလုပ်လို့ မရဘူးလေ။ အိမ် စပါး အကုန်လုံးပါသွားကြတဲ့သူတွေလည်း ရှိတယ်။ အဲဒီလိုလူတွေက ဘာဆက်စိုက်မလဲ ။ ဘာဆက်လုပ်မလဲ ကြံရာမရဘူး" လို့ သူကြုံတွေ့ရပုံကို ပြောပြပါတယ်။
တစ်မြို့ကို ဧက ထောင်ဂဏန်းဝန်းကျင်ကနေ ဧကသောင်းချီနေတဲ့ အထိ စပါးအပါအဝင် ပဲတီစိမ်း၊ မတ်ပဲ စတာတွေပါ စိုက်ပျိုးမှုပိုင်းကို အာရုံမစိုက်နိုင်ကြတဲ့အပေါ်ကို စီးပွားရေးအကြံပေးပညာရှင်တစ်ဦးကတော့ အခုလို သုံးသပ်ပါတယ်။
" နိုင်ငံတည်ငြိမ်ဖို့လိုတယ်။ မတည်ငြိမ်ရင် ဘာမှဖြစ်မလာဘူး။ ဒါသေချာတယ်။ နောက်တစ်ခုက နေအိမ်တွေအပါအဝင် သိုလှောင်ရာ ရိက္ခာတွေကို မီးရှို့ခံရတာ ဒေသခံတွေကို ခါးပြတ်ထွက်သွားစေတယ်။ သူတို့ ပြန်လည် လည်ပတ်နိုင်ဖို့ ထောက်ပံ့ရမယ်။ ပြန်လည် တည်ထောင်ရေးအတွက် လုပ်ပေးရမယ်။ နောက်ထပ် ၂ နှစ်လောက် ကူညီနေဖို့လိုတယ်။ တဖြည်းဖြည်းပြန်တည်ဆောက်ရမှာ ဖြစ်ပါတယ်။ " လို့ အကြံပြုပြောဆိုပါတယ်။
တောင်သူအများစုကတော့ နေအိမ်တွေအပါအဝင် သိုလှောင်ထားရာစပါးကျီတွေ မီးနဲ့ရှို့ခံရတာတွေကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေကို ခေတ္တရပ်နားထားရပြီး အချင်းချင်း လိုအပ်တာတွေကို အပြန်အလှန်ကူညီပြီး ဖြတ်သန်းနေကြတယ်လို့ ဆိုကြပါတယ်။
စစ်အာဏာသိမ်းခံရမှု နောက်ဆက်တွဲ အစာရေစာ ငတ်မွတ်ခေါင်းပါးတဲ့ဒဏ်ကို အထူးသဖြင့် အလုပ်လက်မဲ့ ဖြစ်နေကြတဲ့ မြို့နေဆင်းရဲချို့တဲ့ မိသားစုတွေ သန်းပေါင်းများစွာ ခံရလိမ့်မယ်ဆိုပြီး ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဥ် WFP က သတိပေးထားခဲ့ပါတယ်။
တောင်သူတွေကတော့ နွေစပါးကို အားလုံးနီးပါး မစိုက်ပျိုးနိုင်ကြပေမယ့် လာမယ့် ဇွန်လနဲ့ ဇူလိုင်လတွေမှာ လာမယ့် မိုးရာသီ မိုးစပါးကိုတော့ စိုက်ပျိုးနိုင်ဖို့ မျှော်လင့်နေကြတယ်လို့လည်း သိရပါတယ်။









