အာဏာသိမ်းမှုက လယ်သမားတွေကို ဘယ်လိုရိုက်ခတ်နေပြီလဲ

အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး တလခွဲအကြာ နွေစပါးနဲ့ဆောင်းသီးနှံပဲမျိုးစုံပေါ်တဲ့အချိန် ဝယ်မယ့်သူ နည်းသွားပြီး စပါးဈေးဟာလည်း ကျဆင်းသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Shwe Paw Mya Tin/NurPhoto/Getty Images

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး တလခွဲအကြာ နွေစပါးနဲ့ဆောင်းသီးနှံပဲမျိုးစုံပေါ်တဲ့အချိန် ဝယ်မယ့်သူ နည်းသွားပြီး စပါးဈေးဟာလည်း ကျဆင်းသွားခဲ့ပါတယ်။

စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ အကျိုးဆက်ဟာ ရက်ပေါင်းတစ်ရာအတွင်းမှာကိုပဲ ကျေးလက်နေတောင်သူ လယ်သမားတွေရဲ့ဘဝအပေါ် ရိုက်ခတ်လာပါတယ်။

"အရင်ကမှ နူနေရတဲ့အပေါ် အခုတော့ ဝဲဆွဲပြီး သူခိုးထောင်းတဲ့ဘဝထဲကိုရောက်နေပြီ" လို့ စစ်တပ်က အာဏာသိမ်းပြီး ရက်ပေါင်း ၁၀၀ ကျော်အတွင်း တောင်သူလယ်သမားတွေရဲ့အခြေအနေကို ဧရာဝတီတိုင်းက နွေစပါးစိုက်တောင်သူဦးသိန်းအောင်က ဆိုပါတယ်။

ခေတ်အဆက်ဆက်အကြွေးတွေနဲ့နပန်းလုံးနေခဲ့ရတဲ့ တောင်သူတွေဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဘဏ်ဝန်ဆောင်မှုတွေ ရပ်တန့်သွားတာ အပါအဝင် နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့အကျိုးဆက်တွေကြောင့် စပါးဈေးရသင့်သလောက် မရခဲ့သလို ရှေ့မှာကြုံလာနိုင်တဲ့အခြေအနေကိုမှန်းဆပြီး ဦးသိန်းအောင်က ဥပမာပေးပြောသွာတာပါ။

အာဏာမသိမ်းခင်အချိန်ထိ ဧည့်မထအုပ်စုဝင်စပါးဈေးဟာ တင်းတစ်ရာကို ကျပ် ၆ သိန်းစွန်းစွန်းရှိခဲ့တဲ့အတွက် နွေစပါးပေါ်ချိန်မှာလည်း အဲဒီဈေး လောက်တော့ ရလိမ့်မယ်လို့ တောင်သူတွေ မျှော်လင့်ထားပါတယ်။

ဒါပေမဲ့လည်း အာဏာသိမ်းမှု ဖြစ်ခဲ့ပြီး တလခွဲအကြာ နွေစပါးနဲ့ဆောင်းသီးနှံပဲမျိုးစုံပေါ်တဲ့အချိန် ဝယ်မယ့်သူ နည်းသွားပြီး စပါးဈေးဟာလည်း ကျဆင်းသွားခဲ့ပါတယ်။

စပါးဝယ်နေကျ ကုန်သည်တွေဟာ ဘဏ်တွေမှာ အရင်လို ငွေလွယ်လွယ်ကူကူ ထုတ်လို့မရတဲ့အတွက် ဒီနှစ်မှာတော့ ငွေသားလက်ဝယ်ရှိသူတွေ ပေးတဲ့ဈေးနဲသာ စပါးကိုရောင်းရတဲ့ နှစ်ဖြစ်ခဲ့တာပါ။

စပါးတွေ လှိုင်လှိုင်ပေါ်လို့ရောင်းရမယ့်အချိန်မှာတော့ ဝယ်သူပေးတဲ့ဈေးနှုန်းအတိုင်းရောင်းရတဲ့အတွက် စပါး တင်းတစ်ရာကို တစ်သိန်းခွဲလောက် နစ်နာခဲ့ရတယ်လို့လည်း တောင်သူတချို့က ဆိုပါတယ်။

လက်ရှိမှာတော့ ဧည့်မထအုပ်စုဝင် နွေစပါးတင်းတစ်ရာကို ကျပ် ၅ သိန်းဝန်းကျင်ဈေးနဲ့သာ အရောင်းအဝယ်ဖြစ်နေတာပါ။

အာဏာသိမ်းမှုက လယ်သမားတွေကို ဘယ်လိုရိုက်ခတ်လဲ

နဝတအစိုးရလက်ထက်ကစလို့ နှစ်စဉ် စပါးပေါ်တဲ့အချိန်မှာ စပါးဈေးဟာ ကျလေ့ရှိခဲ့တာပါ။

စပါးပေါ်တဲ့အချိန် တောင်သူတွေဟာ လုပ်အားခပေးဖို့နဲ့အကြွေးဆပ်ဖို့အတွက် ထွက်ရှိတဲ့စပါးထဲက တချို့ကို မဖြစ်မနေ ရောင်းလေ့ရှိပါတယ်။ အဲဒီ အတွက်လည်း ကုန်သည်တွေက ဈေးနှိမ် ဝယ်လို့ စပါးပေါ်ချိန် စပါးဈေး ကျတာဟာ အလေ့အထတစ်ခုလို ဖြစ်ခဲ့တာပါ။

စပါးပေါ်ပေမယ့် တောင်သူမပျော်ရ

ဓာတ်ပုံ ရင်းမြစ်, THET AUNG/Getty Images

ဓာတ်ပုံ ပုံစာ, စပါးပေါ်ပေမယ့် တောင်သူမပျော်ရ

NLD အစိုးရတာဝန်ယူခဲ့တဲ့ ၅ နှစ်တာအတွင်း စပါးပေါ်ချိန်ဈေးကျတာမျိုးမဖြစ်ဖို့ အစိုးရက အနိမ့်ဆုံးစပါးဈေး သတ်မှတ်ပြီး ဝယ်ယူပေးတဲ့စနစ်လုပ်ခဲ့ ပါတယ်။ အဲဒီလို အခြေခံဈေးနှုန်းသတ်မှတ်ပေးတဲ့အတွက် စပါးပေါ်ချိန် စပါးဈေးကျတဲ့ အလေ့အထကို အတန်အသင့် ထိန်းနိုင်ခဲ့ပါတယ်။

ကိုဗစ်နိုင်တင်း ကပ်ရောဂါစတင်ဖြစ်တဲ့၂၀၂၀ ပြည့်နှစ်ထဲမှာတောင် ပြည်ပဝယ်လိုအားရှိတဲ့အတွက် စပါးဈေးဟာ တစ်နှစ်လုံးနီးပါးကောင်းခဲ့ပါတယ်။ မိုးစပါးပေါ်ချိန်မှာလည်း ဧည့်မထ အုပ်စုဝင် စပါးတင်းတစ်ရာကို ၆ သိန်းကျပ် ဝန်းကျင်ရောင်းခဲ့ရတာပါ။

စပါးပေါ်ပေမယ့် တောင်သူမပျော်ရ

အဲဒါကြောင့် နွေစပါးပေါ်တဲ့အခါမှာ ဈေးကောင်းမှာပဲလို့ တောင်သူတွေ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့လည်း စပါးပေါ်ချိန်မှာတော့ အရောင်းအဝယ် ကောင်းပေမဲ့ ဘဏ်လုပ်ငန်းတွေ ပုံမှန်မလည်ပတ်လို့ စပါးဈေးဟာလည်း ဝယ်သူပေးတဲ့ဈေးအတိုင်းသာ ရောင်းရပါတယ်။

"ဒီနှစ်ဒို့လယ်သမားတွေအတွက် အကြီးမားဆုံးရိုက်ခတ်ချက်ကတော့ ဘဏ်စနစ်ပါပဲ" လို့ ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့က တောင်သူတစ်ဦးက ဆိုပါတယ်။

ဒီနှစ် နွေစပါးပေါ်တဲ့အချိန်မှာ စစ်တပ်ကအာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ရုံးမတက်ရေး လှုပ်ရှားမှု (CDM) အားကောင်းတဲ့အချိန်နဲ့ တိုက်ဆိုင်ခဲ့ပါတယ်။ နိုင်ငံတော်ဗဟိုဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်တွေက ဝန်ထမ်းတချို့ CDM မှာပါဝင်နေတဲ့အတွက် ပုဂ္ဂလိကဘဏ်ခွဲတွေအများစု မလည်ပတ်နိုင်ခဲ့ပါဘူး။

ဒါ့အပြင် CDM လှုပ်ရှားမှုတွေထံ လှူဒါန်းငွေတွေနဲ့ ငွေကြေးစီးဆင်းမှုတွေ မရှိနိုင်အောင်လို့ ဗဟိုဘဏ်က ငွေထုတ်ယူမှုတွေကို ကန့်သတ်လိုက်တဲ့ နောက်ပိုင်းကစလို့ ပြည်သူတွေအနေနဲ့ ကိုယ်အပ်ထားတဲ့ ငွေတွေကို ဘဏ်တွေကနေထုတ်ဖို့ အခက်အခဲတွေ ကြီးမားကျယ်ပြန့်လာခဲ့ပါတယ်။

အဲဒီလိုငွေထုတ်ရခက်တဲ့အထဲ ဆန်စက်ပိုင်ရှင်နဲ့ကုန်သည်တွေလည်းအပါအဝင်ဖြစ်ပြီး လက်ထဲ ငွေသား မရှိတာကြောင့် တောင်သူတွေ ရောင်းသလောက် မဝယ်နိုင်တဲ့အနေအထား ဖြစ်ခဲ့ပါတယ်။

တချို့ ငွေသားလက်ဝယ်ရှိတဲ့ကုန်သည်တွေကျတော့လည်း အဲဒီအခြေအနေကိုအခွင့်ကောင်းယူပြီး ဈေးနှိမ်ဝယ်တဲ့အတွက် ဧည့်မထအုပ်စုဝင် နွေစပါး ဈေးနှုန်းဟာ တင်းတရာကို ကျပ် ၅ သိန်းဝန်းကျင်ထိ ကျဆင်းလာခဲ့ပါတယ်။

ဒါ့အပြင် တခြားတဖက်မှာလည်း စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းမငြိမ်သက်မှုတွေရယ်၊ ရေကြောင်းကုန်သွယ်ရေးမှာ အရေးပါတဲ့ ဝန်ထမ်းအချို့ CDM လုပ်ခဲ့တာကြောင့် ပြည်ပကို ဆန်တင်ပို့မှုဟာ နှောင့်နှေးကြန့်ကြာခဲ့ပါတယ်။

မူဆယ်ဝင် ထွက်ပေါက်ကို ပိတ်လိုက်တဲ့အတွက် လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ ပဲ၊ ပြောင်းတို့ကို မူဆယ်မြို့ အထက်နား ဝမ်တိန်ဂိတ်ကနေ တင်ပို့နေရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, THET AUNG/Getty Images

ဓာတ်ပုံ ပုံစာ, မူဆယ်ဝင် ထွက်ပေါက်ကို ပိတ်လိုက်တဲ့အတွက် လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ ပဲ၊ ပြောင်းတို့ကို မူဆယ်မြို့ အထက်နား ဝမ်တိန်ဂိတ်ကနေ တင်ပို့နေရပါတယ်။

အခုနောက်ပိုင်းမှာတော့ ကုန်တင်သင်္ဘောလိုင်းအချို့က မြန်မာနိုင်ငံအတွက်ခရီးစဉ်တွေလျော့လိုက်တဲ့အတွက် ပြည်ပကိုဆန်တင်ပို့မှု့မှာ ကုန်ကျစရိတ်တွေပိုများလာခဲ့တယ်လို့လည်း ရန်ကုန် မြို့အခြေစိုက် ဆန်တင်ပို့သူတစ်ဦး က ဆိုပါတယ်။

ရေကြောင်းကုန်သွယ်ရေးမှာ အခက်အခဲတွေရှိနေသလို တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမှာလည်း မူဆယ် ရွေလီဝင်ပေါက်ကို တရုတ်နိုင်ငံက မေလဆန်းကစလို့ ၃ လခန့်ယာယီပိတ်လိုက်ပါတယ်။ မူဆယ်ဝင် ထွက်ပေါက်ကို ပိတ်လိုက်တဲ့အတွက် လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ ပဲ၊ ပြောင်းတို့ကို မူဆယ်မြို့ အထက်နား ဝမ်တိန်ဂိတ်ကနေ တင်ပို့နေရပါတယ်။

"ဝမ်တိန်ဂိတ်က ဂိတ်အသေးလေး။ အဲဒီတော့ ကုန်တင်ကုန်ချလုပ်တဲ့အခါ ကြန့်ကြာတယ်။ ဝမ်တိန်ဂိတ်က ထွက်ရင် ရွှေလီထဲပြန်ရောက်ဖို့ ၁၀ မိုင် လောက် မောင်းရတယ်။ အဲဒီတော့ ဆန်ကားတစ်စီးကို ကုန်ကျစရိတ်က ကျပ်ငွေ ၃ သိန်းလောက်ပိုကုန်လာတယ်" လို့မူဆယ်ဒေသခံ ဆန်ကုန်သည် ဦးမင်းသိန်းကဆိုပါတယ်။

သယ်ယူပို့ဆောင်ရေးစရိတ်တွေမြင့်လာတဲ့အတွက် ဆန်အရောင်းအဝယ်ကောင်းနေပြီး မြန်မာပြည်တွင်းမှာ ဆန်ဈေးတွေ တက်လာပေမယ့် စပါးဈေးက တက်မလာဘဲ ဖြစ်နေပါတယ်။

စပါးဈေးပဲဈေးမကောင်းပေမဲ့ အလှူအတန်း ဝတ်မပျက်ခဲ့

စပါးဈေးပဲဈေးသာမကောင်းပေမယ့် တောင်သူတွေကတော့ ရတဲ့နည်းနဲ့ အလှူအတန်းကို ဝတ္တရားမပျက် ကျားကန်လှူဒါန်းနေဆဲပါ။

နွေစပါးနဲ့ဆောင်းသီးနှံရိတ်သိမ်းပြီးတဲ့ ဧပြီလထဲမှာတော့ ဧရာဝတီတိုင်းနဲ့ပဲခူးတိုင်းထဲက ကျေးရွာတွေမှာ အလူ အတန်းတွေမင်္ဂလာဆောင်တွေပေါများခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ကိုဗစ်နိုင်တင်းကပ်ရောဂါ ထိန်းချုပ်ရေးစည်းကမ်းတွေကြောင့် မင်္ဂလာဆောင်ခွင့်မရတဲ့သူတွေ၊ အလှူအတန်း မလုပ်ခဲ့ရသူတွေဟာလည်း ဟာဒီနှစ် စပါးရိတ်သိမ်းပြီးချိန် ဧပြီလထဲမှာ ပွဲလမ်းသဘင်ပြုလုပ်လာကြတာတွေ့ရပါတယ်။

ငါးသိုင်းချောင်းမြို့နယ်မှာရှိတဲ့ ပရိယတ္တိစာသင်တိုက်တစ်တိုက်မှာဆိုရင် ဧပြီလနဲ့မေလဆန်း ထဲရဟန်းခံရှင်ပြု အလှူမင်္ဂလာ ပွဲဟာ ၁၅ ပွဲလောက် ရှိခဲ့တာပါ။

"လှူတယ်ဆိုလို့ချမ်းသာနေတယ်၊ အဆင်ပြေနေတယ်မထင်နဲ့။ သေကာလ ပျောက်ကာလ ခေတ်ကြီးကို မယုံလို့ လှူနေရတဲ့ဘဝပါ" လို့ မေလဆန်းမှာ ရဟန်းခံရှင်ပြုအလှူလုပ်ခဲ့တဲ့ ဓနုဖြူဒေသခံတောင်သူ ဦးသိန်းအောင်က ဆိုပါတယ်။

အလှူတွေများနေပေမဲ့ အရင်ကလို မဏ္ဍပ်ထိုးပြီး ထမင်းရေချောင်းစီး လှူတာမျိုးမဟုတ်ဘဲ အဓိက ဟင်းအဖြစ် ပင်လယ်ငါးခြောက်နှပ် သို့မဟုတ် ဝက်သားဟင်းကိုချဉ်ဟင်းချို့ငါးပိတို့စရာနဲ့ကျွေးမွေးတဲ့အလူတွေက များတာပါ။

ဧရာဝတီတိုင်းက အသက် ၇၀ ကျော်လူကြီးတွေဟာ လွတ်လပ်ရေးရပြီးတဲ့နောက် ဧရာဝတီတိုင်းတွင်း ကရင်အမျိုးသားအစည်းအရုံး KNU နဲ့တပ်မတော်ကြားဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ကိုကြုံခဲ့ရသလို နှစ် ၇၀ ကျော်ပြည်တွင်းစစ်ရဲ့ ခါးသီးတဲ့အတွေ့အကြုံလည်း ရှိခဲ့ပါတယ်။

လာမယ့်မိုးစပါးစိုက်ဖို့ပြင်ဆင်စရိတ်တွေ ကြီး နေသလို ချေးငွေတွေပြန်ဆပ်ဖို့ကလည်း ရှိနေတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လာမယ့်မိုးစပါးစိုက်ဖို့ပြင်ဆင်စရိတ်တွေ ကြီး နေသလို ချေးငွေတွေပြန်ဆပ်ဖို့ကလည်း ရှိနေတာပါ။

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့နိုင်ငံရေး အခြေအနေနဲ့ကြားနေရတဲ့သတင်းတွေကြောင့် အသက်အရွယ်ကြီးတဲ့ကျေးလက်မှာနေထိုင်သူတွေဟာ လွတ် လပ်ရေး ရပြီး အခြေအနေမျိုး ပြန်ကြုံရမလားလို့လည်း စိတ်ပူစိုးရိမ်နေကြပါတယ်။

စစ်တပ်က အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူတွေကိုအကြမ်းဖက်ဖြိုခွဲပြီးနောက် G-Z လို့ခေါ်တဲ့ ဆန္ဒပြလူငယ်အချို့ဟာ လက်နက်ကိုင်ပြီး ပြန်လည် ခုခံဖို့ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေဆီ စစ်သင်တန်းသွားတက်သူတွေရှိပါတယ်။ ဒါ့အပြင် ဖက်ဒရယ်အာမီကို ရည်ရွယ်ပြီး အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဖွဲ့စည်းလာတာကြောင့် ကျေးလက်ဒေသတွေမှာ တိုက်ပွဲဖြစ်လာမှာကို စိတ်ပူသူအချို့ ရှိနေတာပါ။

တကယ်တော့လက်ရှိမြန်မာ့ပြည်တွင်းရေးအခြေအနေဟာ အရင်နှစ် ၇၀ ကျော်ကြာ ကြုံတွေ့ခဲ့ရတဲ့ ပြည်တွင်းစစ်နဲ့မတူတဲ့ ပုံစံသစ်နဲ့ ပိုကျယ်ပြန့်လာတဲ့ ပြည်တွင်းစစ်ကိုဦးတည်နေတယ်လို့လည်း အကဲခတ်တွေက သုံးသပ်နေကြတာဖြစ်ပါတယ်။

တောင်သူတွေရဲ့စိုးရိမ်သောက

လက်ရှိဖြစ်နေတဲ့နိုင်ငံရေးအခြေအနေအရ ပြည်တွင်းစစ်ကြီး ကြီးမားကျယ်ပြန့်စွာ ဖြစ်ပွားလာမှာ ကိုစိုးရိမ်တဲ့တောင်သူတွေရှိပါတယ်။ အဲဒီလိုစိုးရိတ်စိတ်တွေရှိပေမဲ့လည်း မိုးစပါးစိုက်ဖို့ပြင်နေရပါပြီ။

ဒါပေမဲ့ အဲဒီလိုမိုးစပါးစိုက်ဖို့ပြင်တဲ့အချိန်မှာပဲ စက်သုံးဆီးတွေနဲ့စားသောက်ကုန်ဈေးနှုန်းတွေကလည်း တရှိန်ထိုးတက်လာနေပါပြီ။ အလားတူ သွင်းအားစုလို့ခေါ်တဲ့ ဓာတ်မြေသြဇာ နဲ့ပိုးသတ်ဆေးဈေးတွေကလည်း တက်လာနေပါတယ်။ အရင်ကမှ နူနေရတဲ့အပေါ် အခုတော့ ဝဲဆွဲပြီး သူခိုးထောင်းတဲ့ဘဝထဲကိုရောက်နေပြီ လို့ တောင်သူတစ်ဦးက လက်ရှိတောင်သူတွေဘဝကို ဥပမာပေးပါတယ်။

အရင်ကမှ နူနေရတဲ့အပေါ် အခုတော့ ဝဲဆွဲပြီး သူခိုးထောင်းတဲ့ဘဝထဲကိုရောက်နေပြီ လို့ တောင်သူတစ်ဦးက လက်ရှိတောင်သူတွေဘဝကို ဥပမာပေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, THET AUNG/getty images

ဓာတ်ပုံ ပုံစာ, အရင်ကမှ နူနေရတဲ့အပေါ် အခုတော့ ဝဲဆွဲပြီး သူခိုးထောင်းတဲ့ဘဝထဲကိုရောက်နေပြီ လို့ တောင်သူတစ်ဦးက လက်ရှိတောင်သူတွေဘဝကို ဥပမာပေးပါတယ်။

NLD အစိုးရလက်ထက် စိုက်ပျိုးရေးဘဏ်က တောင်သူတွေကို နှစ်စဉ်ချေးနေကျချေးငွေ ထုတ်ချေး ထားသလို ကိုဗစ်ချေးငွေအဖြစ် တစ်ဧကကို ၅ သောင်း ကျပ် ချေးထားခဲ့တာပါ။

အဲဒီလို ပုံမှန်ဆပ်ရမယ့် ချေးငွေနဲ့ ကိုဗစ်ချေးငွေတွေရှိနေချိန်မှာ အာဏာသိမ်းလို့ နွေစပါးပေါ်ချိန်နဲ့ဆောင်းသီးနှံပေါ်ချိန်မှာ စပါဈေးပဲဈေး မကောင်းတဲ့အတွက် ချေးငွေပြန်ဆပ်ရေးခက်ခဲနေသူ တွေရှိပါတယ်။

"စိုက်ဘဏ်(အစိုးရ စိုက်ပျိုးမွေးမြူရေးဘဏ်) ချေးငွေကတော့ အချိန်တန်ရင်ပြန်ဆပ်ရမယ့်သဘောရှိတယ်။ အဲဒါဆပ်ပြီးမှ အသစ်ထပ်ချေးမယ့်သဘော။ ကိုဗစ်ချေးငွေကတော့ လက်ရှိအစိုးရကဆိုင်းထားချင်ရင် ဆိုင်းငံ့ထားလို့ရတယ်" လို့ ကျေးလက်အုပ်ချုပ်ရေး မှူးက တစ်ဦးက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကတော့ တောင်သူတွေ ချေးငွေပြန်ဆပ်ရမယ့်ကာလကို တစ်နှစ် နောက်ဆုတ်တယ်လို့ကြေညာခဲ့ပါတယ်။

မေလ ၂၆ ရက်နေ့ကစလို့ မိုးစပါးအတွက် ချေးငွေထပ်မံထုတ်ချေးပေးတော့မှာဖြစ်လို့ မနှစ်က ချေးထားတဲ့ မိုးစပါးချေးငွေကို ပြန်ဆပ်ကြဖို့ မေလ ၁၉ ရက်နေ့မှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဘဏ်က ကြေညာချက်ထုတ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က မိုးစပါးတစ်ဧက ကို ကျပ်တစ်သိန်းခွဲ ထုတ်ချေးပေးခဲ့တာပါ။

စပါးဈေးမကောင်းလို့ အကြွေးဆပ်ဖို့ ရတတ်မအေးရတဲ့အချိန်မှာပဲ အနာဂတ်ဟာလည်း ပျောက်နေသလို ဖြစ်နေတယ်လို့ တောင်သူတွေက ညည်းတွားနေကြပါတယ်။