နိုဝင်ဘာ ၃ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - တောင်ကုတ်က စကခ ၅ အမြောက်စခန်းမှာ တိုက်ပွဲ ပြင်းထန်နေ

ဓာတ်ပုံ ရင်းမြစ်, Kyaw Moe Htat
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ ပန်းမြောက်တောင် အမြောက်ကုန်း အထိုင်စခန်းကို အာရက္ခတပ်တော်(အေအေ)က တိုက်ခိုက်နေတာကြောင့် ဒီနေ့ မနက် ၁၀ နာရီဝန်းကျင် ကစလို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဘီဘီစီကို ပြောပါတယ်။
အဲဒီစခန်းဟာ တောင်ကုတ်မြို့ အရှေ့မြောက်ဘက် ၇ မိုင်နီးပါးမှာရှိပြီး အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရဲ့ ရှေ့ စခန်းအဖြစ် စစ်ကောင်စီတပ်က ခုခံနေတယ်လို့လည်း ဆိုပါတယ်။
‘‘စစ်တပ်ရဲ့ တောင်ကုတ်မြို့အခြေစိုက် အမှတ် ၅ စစ်ဆင်ကွပ်ကဲရေးဌာနချုပ်(စကခ ၅)တပ်မနဲ့ ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းတွေက မြေပြင်လက်နက်ကြီးတွေနဲ့ ပစ်ကူနေပါတယ်။ တောင်ကုတ်မြို့ ကောင်းကင်မှာလည်း ဂျက်တိုက်လေယာဥ် အနိမ့်ဆုံးအဆင့် ပျံသန်းပြီး ဗုံးအလုံးပေါင်း ၄၀ ကျော်ထိ ပစ်ခတ် တိုက်ခိုက်နေပါတယ်’’ လို့ စစ်ရေးအခြေအနေသိသူက ပြောပါတယ်။
စစ်ကောင်စီတပ်က အခုလို မြေပြင် ဝေဟင် ပစ်ကူနေတာကိုကြည့်ရင် ပန်းမြောက်တောင်မှာ စစ်တပ်က တပ်စွဲထားတဲ့လက်နက်ကြီးအထိုင်စခန်းမကျရေး စစ်ကောင်စီတပ်က ခုခံကာကွယ်နေတာ မြင်သာတယ်လို့လည်း သူက ပြောပါတယ်။
အေအေဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၃၁ ရက်နေ့ကတည်းက ပန်းမြောက်တောင် စခန်းကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု ပြုလုပ်နေတာဖြစ်ပါတယ်။
အမ်းရိုးမတောင်တန်းတန်းရဲ့ တောင်စွယ်ဖြစ်တဲ့ ပန်းမြောက်တောင်ကနေ တောင်ကုတ်မြို့ကို အပေါ်စီးကနေ လှမ်းမြင်ရတာကြောင့် ဒီစခန်းဟာ တောင်ကုတ်မြို့ကို ထိန်းချုပ်ရေး စစ်ရေးဗျူဟာအရ အရေးပါတယ်လို့ တောင်ကုတ်ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်-မန္တလေးအမြန်လမ်းအစမှာ အဝေးပြေး ကားငါးစီး ဆင့်တိုက်မှု ယာဉ်မယ်တစ်ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, MFSD
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်က သုညမိုင်မှာ တိုးဂိတ်ဖြတ်ဖို့ စောင့်ဆိုင်းနေတဲ့ ခရီးသည်တင်ကား ၅ စီး နိုဝင်ဘာ ၃ ရက် ဒီနေ့မနက်အစောပိုင်းမှာ ဆင့်တိုက်မှုဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
တိုးဂိတ်ဖြတ်ဖို့ နောက်ဆုံးကနေ ဝင်လာတဲ့ အဝေးပြေးကားက ရှေ့မှာ တန်းစီနေတဲ့ အဝေးပြေးကားတွေကို ဝင်တိုက်ရာကနေ ငါးစီးဆင့်တိုက်မှုဖြစ်ခဲ့တာလို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတွေက ပြောပါတယ်။
ယာဥ်တိုက်မှုအတွင်း နောက်ဆုံးက ဝင်တိုက်တဲ့ခရီးသည်တင်ယာဥ်က ယာဉ်မယ်တစ်ဦး သေဆုံးပြီး ယာဉ်မောင်းအပါအဝင် ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါခဲ့တဲ့ Medical လူငယ်လူမှုကူညီရေးအသင်း လှည်းကူးရုံးခွဲ ဥက္ကဋ္ဌ က ဘီဘီစီကို ပြောပါတယ်။
“ကားကြားညပ်နေတဲ့ ယာဥ်မောင်းနဲ့ ယာဉ်မယ်ကို အပျက်အစီးထဲက ဆွဲထုတ်တာ ၂ နာရီခွဲ လောက်ကြာမှ ထုတ်လို့ရတယ်။ ယာဥ်မောင်းကတော့ ခြေထောက် ၂ ဖက်လုံး ကျိုးသွားတယ်” လို့ သူက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသမှုခံယူနိုင်အောင် လှည်းကူးဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ မြန်မာနိုင် ငံမီးသတ်တပ်ဖွဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။
ကားငါးဆင့်တိုက်မှုမှာ ရှေ့ကားတွေကတော့ ကားနောက်ပိုင်း ထိခိုက်တာကလွဲရင် လူထိခိုက်တာ မရှိဘူးလို့ ကူညီကယ်ဆယ်ရေးအသင်းတွေက ဆိုပါတယ်။
စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးရေးအပေါ် ချင်းအမျိုးသားတပ်ဦးရဲ့ ရပ်တည်ချက်ထုတ်ပြောလာ

ဓာတ်ပုံ ရင်းမြစ်, Chinland Information Center
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ချင်းအမျိုးသားတပ်ဦး(CNF)က အချက် ၅ ချက်ပေါ် မူတည်ပြီး စစ်ကောင်စီဖိတ်ခေါ်နေတဲ့ တွေ့ဆုံဆွေးနွေးရေးကို စဉ်းစားသွားမယ်လို့ နိုဝင်ဘာ ၁ ရက်တုန်းက CNF ဒုဥက္ကဋ္ဌ ဒေါက်တာရွှေခါး (Dr-Sui Khar) က ပြောလာပါတယ်။
ပြည်ထောင်စုတစ်ခုလုံးနဲ့ဆိုင်တဲ့ ချင်းအမျိုးသားတပ်ဦးရဲ့အမြင်၊ ရပ်တည်ချက်နဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီးပြောတဲ့ နိုဝင်ဘာလ ၁ ရက် ရုပ်သံမိန့်ခွန်းမှာ သူက အခုလို ပြောလာတာဖြစ်ပါတယ်။
NUG၊ K3C နဲ့ တခြားသောအတိုက်အခံအင်အားစုတွေက စစ်ကောင်စီရဲ့ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ချက်ကို ငြင်း ဆို ထားသလိုပဲ CNF အနေနဲ့ ခိုင်မာတဲ့ရပ်တည်ချက်ရှိတယ်လို့ လည်း သူက ပြောပါတယ်။
“နံပါတ် ၁ကတော့ စစ်အာဏာရှင်စနစ်ကိုအမြစ်ပျက် ချေမှုန်းပြီး အကြမ်းဖက်မှုကို ချုပ်ငြိမ်းစေရန်ဖြစ်ပါတယ်။ နံပါတ် ၂ ကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပယ်ဖျက်ပြီးတော့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ထူထောင်နိုင်ရန်အတွက် ဖွဲ့ စည်းပုံအသစ်ရေးဆွဲရန်ဖြစ်ပါတယ်။ နံပါတ် ၃ ကတော့ စစ်တပ်သည် နိုင်ငံရေးတွင် လုံးဝပါဝင်ပတ်သတ်မှုမရှိဘဲနဲ့ ပြည်သူ့အုပ်ချုပ်ရေးမှာပဲ လုံးလုံးလျားလျားထားရှိတာဖြစ်ပါတယ်။ နံပါတ် ၄ ကတော့ အသွင်ကူးပြောင်းရေး တရားမျှတမှုကို ဖော်ထုတ်ရန်ဖြစ်ပါတယ်။ နံပါတ် ၅ ကတော့ တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံတကာ တတိယအင်အား စုရှေ့မှောက်မှာ ပြုလုပ်ရန်ဖြစ်ပါတယ်” လို့ CNF ရဲ့ ရပ်တည်ချက်ကို မိန့်ခွန်းမှာ ပြောပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေးအတွက် အဓိကအဟန့်အတားမှာ စစ်အာဏာရှင်ဖြစ်တဲ့အတွက် အမြစ်ပြတ်အောင်တိုက်ဖြတ်ဖို့ အခြားတော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲဖော်ဆောင်နေတယ်လို့ ဒေါက်တာရွှေခါးက ပြောခဲ့ပါတယ်။
CNF ဟာ ၂၀၁၅ အောက်တိုဘာ ၁၅ ရက်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်(NCA) မှာ လက်မှတ်ရေးထိုးခဲ့တဲ့ လက်နက်ကိုင်အဖွဲ့တပ်ဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပါတယ်။
ဒါပေမဲ့ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် NCA ပျက်ပြယ်ပြီလို့ဆိုပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေပါတယ်။ လက်ရှိမှာလ်ညး CNF/CNA ဟာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့အတူ ထန်တလန်မြို့သိမ်းတိုက်ပွဲကို လနဲ့ ချီဆင်နွှဲနေပါတယ်။
တရုတ် - မြန်မာနယ်စပ်က ဖီမော်မြို့ကို ကေအိုင်အေ သိမ်း

ဓာတ်ပုံ ရင်းမြစ်, Screen Grab
နယ်ခြားစောင့်တပ်အဖြစ်ရပ်တည်နေတဲ့ ကချင်ဒီမိုကရေစီတပ်မတော်(NDAK) ထိန်းချုပ်ရာ ကချင်အထူးဒေသ ၁ ထဲက ဖီမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်(ကေအိုင်အေ)နဲ့ ပူးပေါင်းတပ်တွေက နိုဝင်ဘာ ၂ ရက် ညနေပိုင်းမှာ သိမ်းနိုင်ခဲ့တယ်လို့ ကေအိုင် အေပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဘီဘီစီကိုပြောပါတယ်။
“မနေ့က ညနေ ၂ နာရီဝန်းကျင်လောက်မှာ ဖီမော်ဘက်ကို KIA တပ်ပေါင်းစုတွေ နေရာယူထားပါတယ်။ ပထဝီ အနေအထားအရ ပြောရမယ်ဆိုရင်တော့ သိမ်းထားတာ အထူးဒေသ ၁ ရဲ့ ၅၀-၆၀ ရာခိုင်နှုန်းလောက်တော့ ရှိလောက်ပါပြီ” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဖီမော်မြို့ဟာ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်ပြီး တရုတ်လုပ်ငန်းရှင်တွေ သတ္တုတူးဖော်ရေးလုပ်ငန်း အများအပြား လုပ်ကိုင်တဲ့နယ်မြေဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။
တရုတ်ဆန်ရှင်ကြောင့် ရှမ်းမြောက်နဲ့ကချင်မှာ လောင်စာဆီပြတ်၊ ကုန်စျေးနှုန်းအဆမတန်တက်
ကချင်အထူးဒေသ ၁ ထဲမှာ ကေအိုင်အေက အမှတ် ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ နယ်ခြားစောင့်တပ်တွေအပါအဝင် စခန်း ၁၀ ခုကျော်ကို ကေအိုင်အေက သိမ်းထားပြီးဖြစ်ပါတယ်။
ကချင်ပြည်နယ်အတွင်းက ကေအိုင်အေရဲ့ ထိုးစစ်အတွင်း စစ်ကောင်စီက လွယ်ဂျယ်၊ ကံပိုင်တည်(ကန်ပိုက်တီ)နယ် စပ်ဂိတ်တွေရှိရာ ကုန်သွယ်ရေးအရ အရေးပါတဲ့မြို့တွေကို ဆုံးရှုံးထားရသလို တပ်စခန်းပေါင်း ၂၀၀ ကျော်ကိုလည်း လက်လွှတ်ထားရတဲ့အခြေအနေပါ။
တရုတ်ကတော့ တရုတ်-မြန်နယ်စပ် ကချင်ပြည်နယ်ထဲက ကေအိုင်အေရဲ့ထိုးစစ်တွေကို ရောက်တဲ့နေရာကရပ်ဖို့တန့်ဖို့ အောက်တိုဘာ ၁၇ ရက်မှာ တရုတ်ကိုယ်စားလှယ်နဲ့ ကေအိုင်အေခေါင်းဆောင်ပိုင်းတွေ တွေ့ဆုံချိန်မှာ ဖိအားပေးပြောကြားခဲ့တယ်လို့ ဘီဘီစီ သတင်းရင်းမြစ်တွေက အစောပိုင်းမှာ ပြောထားပါတယ်။
မောင်တောနဲ့ နောင်ချိုမှာ စစ်တပ်ဗုံးကြဲလို့ မီးနေသည်အပါအဝင် ၇ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, PSLF/TNLA
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီက နိုဝင်ဘာ ၁ ရက် နဲ့ ၂ ရက်မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် မီးနေသည် တစ်ဦးအပါအဝင် ၇ ဦး သေဆုံးပြီး ဆရာတော် တစ်ပါးနဲ့ အရပ်သား ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။
အာရက္ခတပ်တော်(အေအေ)က ထိုးစစ်ဆင်နေတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့(နခခ ၅) ရှိရာ မောင်တောဘက်မှာတော့ စစ်တပ်က လေကြောင်းကနေ ကြဲတဲ့ ဗုံး ၂ ကြိမ်ကျရောက် ပေါက်ကွဲတာကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရတယ်လို့ ရခိုင်အခြေစိုက် အာရကန် ပရင့်ဆက် မီဒီယာက သတင်းဖော်ပြပါတယ်။
နိုဝင်ဘာ ၂ ရက်တုန်းက ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နခခ ၅ ရှိတဲ့ မောင်တောမြို့ မြောက်ပိုင်း ပြားသားရွာအပြင်နဲ့ ရွာထဲမှာရှိတဲ့ဘုန်းကြီးကျောင်းကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူတွေဟာ ဘုန်းကြီးကျောင်းမှာ လာရောက်တည်းခိုနေတဲ့ စစ်ရှောင်တွေဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာ အသက် ၇၀ ကျော်အရွယ် ဆရာတော်တစ်ပါးလည်း ပါဝင်လို့ ဆေးကုသမှုပေးထားရတယ်လို့ ဆိုပါတယ်။
အဲဒီမတိုင်ခင် အောက်တိုဘာလ ၁ ရက်တုန်းကလည်း စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်ထဲက ဆမ္မကျေးရွာနဲ့ သကြားစက်ရုံတို့ကို နိုဝင်ဘာ ၁ ရက်မှာ စစ်တပ်က တိုက်ခိုက်ရေးလေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ထိခိုက် သေဆုံးရှိခဲ့တယ်လို့ တအာင်းတပ်(TNLA) က နိုဝင်ဘာ ၂ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ကလေးမွေးပြီး ၃ ရက်သာရှိတဲ့ကလေးမိခင် ၁ ဦး၊ သက်ကြီးပိုင်းအမျိုးသား ၁ ဦးနဲ့ နောက်ထပ် အမျိုးသား ၁ ဦးတို့ သေဆုံးကာ ၆ ဦးဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ဒေသတွင်းမီဒီယာတွေရဲ့ အချက်အလက်အရ အောက်တိုဘာလအတွင်း မောင်တောမှာ စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးတဲ့ အရပ်သား ၃၁ ဦးရှိတယ်လို့ ဖော်ပြထားပေမဲ့ ဆက်သွယ်ရေးအခက်အခဲကြောင့် ဘီဘီစီက သီးခြားအတည်နိုင်ခြင်းမရှိပါဘူး။
အင်းတော်မှာ တကျော့ပြန် တိုက်ပွဲပြန်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, CJ
တစ်လနီးပါးကြာ တိုက်ပွဲသံတွေ တိတ်နေခဲ့တဲ့ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က အင်းတော်မြို့နယ် ထဲမှာ နိုဝင်ဘာ ၁ ရက် ကစပြီး တကျော့ပြန် တိုက်ပွဲပြန်ဖြစ်နေတယ်လို့ ဘီဘီစီရဲ့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ တပ်မ ၇၇ စခန်းချထားတဲ့ အင်းတော်မြို့နယ်ထဲက စစ်တပ်ကုန်းနဲ့ ဘုရားကုန်းတို့မှာ ကချင်လွတ်လပ်ရေးတပ်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်တို့နဲ့ စစ်တပ်တို့ တိုက်ပွဲ ပြင်းထန်နေတာပါ။
“ဒီနေ့(နိုဝင်ဘာ၂ရက်)အထိ တိုက်ပွဲ ဆက်ရှိနေပါတယ်။ နှစ်ဖက် အထိအခိုက်များပြီး စစ်တပ်က လေကြောင်းက နေ့တိုင်း လာတိုက်နေပါတယ်” လို့ ဘီဘီစီရဲ့စစ်ရေးအရင်းအမြစ်က ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ သြဂုတ် ၁၆ တုန်းကလည်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား အင်း တော်နယ်ထဲမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
သြဂုတ်လအတွင်းက အင်းတော်တိုက်ပွဲမှာ မြို့အရှေ့ဘက် ၄ မိုင် အကွာက နဘားလမ်းဆုံစစ်စခန်း၊ မြို့နဲ့ ၈ မိုင်အကွာက နန့်သာရွာစခန်းတို့ကို တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီတပ်ဆီကနေ သိမ်းခဲ့ပြီး အဲဒီနေရာတွေကို စစ်တပ်က ဒီနေ့ အချိန်ထိ ပြန်မသိမ်းနိုင်သေးပါဘူး။
မြန်မာအလုပ်သမား ၁၄၀၀ ဝန်းကျင်ကို ဂျပန်က ခေါ်ယူဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, CJ
ဂျပန် ကုမ္ပဏီ ၄၃၁ ခုက မြန်မာအလုပ်သမား ၁,၄၀၀ ဝန်းကျင်အတွက် အလုပ်အကိုင်တွေ ကမ်းလှမ်း ခေါ်ယူလာတယ်လို့ တိုကျိုမြို့မှာရှိတဲ့ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက အောက်တိုဘာ ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။
အလုပ်သမား ၁၄၀၀ ဝန်းကျင်မှာ အမျိုးသမီးအလုပ်သမား ၁,၀၀၀ ကျော်ကို ခေါ်ယူတာဖြစ်ပြီး အမျိုးသားက ၃၀၀ ကျော် ခေါ်တာဖြစ်ပါတယ်။
သက်ကြီးစောင့်ရှောက်ရေး၊ စားသောက်ကုန်ထုတ်လုပ်ရေး နဲ့ ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် ထောင်ကျော်ကိုခေါ်ယူထားတာပါ။ အလုပ်သမားဝန်ကြီးဌာနက ပေးပို့လာတဲ့ အလုပ်ကမ်းလှမ်းစာပါအချက်အလက်တွေကို စိစစ်ပြီး ထုတ်ပြန်ပေးနေတာလို့ သံရုံးဘက်က ပြောပါတယ်။
အလုပ်ခေါ်တဲ့ ကုမ္ပဏီနဲ့စက်ရုံတွေ တရားဝင်တည်ထောင်ထားခြင်းရှိ၊မရှိ နဲ့ စာရွက်စာတမ်း အထောက်အထားတွေကို စိစစ်ပြီး အလုပ်သမားဝန်ကြီးဌာကို ပြန်ပို့ပေးနေတယ်လို့ သံရုံးထုတ်ပြန်ချက်မှာဆိုထားတာပါ။
အောက်တိုဘာလတုန်းကလည်း ဂျပန်ကုမ္ပဏီ ၄၀၀ ကျော်က အလုပ်သမား ၁၄၀၀ ကျော်ခေါ်ယူထားတဲ့ ကမ်းလှမ်းစာတွေကို သံရုံးက အတည်ပြုပြီး အလုပ်သမားစေလွှတ်ဖို့ အလုပ်သမားဝန်ကြီးဌာနကို ပေးပို့ခဲ့ပါသေးတယ်။











