မြေမြှုပ်မိုင်းပေါင်းစွာနဲ့ကျန်ခဲ့တဲ့ပင်လည်ဘူးမြို့

သိမ်းပိုက်နိုင်ခဲ့တဲ့ ပင်လည်ဘူးမြို့နဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ပုံစာ, သိမ်းပိုက်နိုင်ခဲ့တဲ့ ပင်လည်ဘူးမြို့နဲ့ တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့ကို ကချင်လွတ်လပ်ရေးတပ် - KIAနဲ့ PDF ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးချိန်မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လက်အောက်ကို ရောက်ရှိသွားပါပြီ။

မြို့သိမ်းပြီးတဲ့နောက်ပိုင်း ကာကွယ်ရေးတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးတွေလုပ်ဆောင်နေချိန်မှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေ ရာနဲ့ချီပြီး တွေ့ကြရတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အောက်တိုဘာ ၈ ရက်မှာ မြို့ကိုသိမ်းပိုက်နိုင်ပြီး နောက်တစ်ရက်မှာပဲ မြို့အခြေအနေကို လှည့်ပတ်ကြည့်ရှုခဲ့တဲ့ ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ ဦးသျို့ကြီးက

“မြို့က တော်တော်ကို ရှင်းရမယ့်သဘော၊ စစ်ကောင်စီက သူတို့ထိုင်သွားတဲ့ နေရာတွေမှာ ခံစစ်နေရာတွေနားမှာ ထောင်ထားကြတယ်။ ”လို့ သူက ပြောပါတယ်။

မိုင်းတွေဟာ စစ်ကောင်စီတပ်တွေ၊ ခံစစ်စခန်းတွေရဲ့ တက်လမ်း၊ ဆုတ်လမ်းနေရာတွေ၊ ခြံစည်းရိုးတွေသာမကဘဲ အများပြည်သူ သွားလာတဲ့ လမ်းတွေမှာလည်း ရှိနေပါတယ်။

ဒါ့အပြင် သုံးနှစ်နီးပါး အရပ်သားနေထိုင်တာမရှိတော့တဲ့ မြို့ထဲက လမ်းတွေ၊ ခြံတွေ၊ နေအိမ်တွေမှာလည်း သစ်ပင်တွေ၊ ခြုံတွေက တောလိုဖြစ်နေတာကြောင့်လည်း မိုင်းရှင်းလင်းရေးတွေကို သတိထားပြီးလုပ်ဆောင်နေကြရပါတယ်။

တိုက်ပွဲမှာ သေဆုံးပြီး မသင်္ဂြိုဟ်နိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကနေ ထွက်လာတဲ့ အနံ့ဆိုးတွေလည်း ရှိနေတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မြို့သိမ်းဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ သုံးနှစ်အတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းကနေပစ်ခတ်တာ၊ စစ်ကြောင်းထိုးတာ၊ မီးရှို့တာတွေကြောင့် လျှပ်စစ်ဓာတ်အားလိုင်း၊ လမ်း စတဲ့ မြို့တစ်မြို့ရဲ့ အခြေခံ အဆောက်အဦတွေ အားလုံးနီးပါး ပျက်စီးနေပါပြီ။

“ဆက်သွယ်ရေးလိုင်း ကတော့ အရင်တိုက်ပွဲအကြိမ်တွေကတည်းက စစ်ကောင်စီက ဖျက်ဆီးပစ်ထားတာ။ လမ်းတချို့က ဗုံးဒဏ်ကြောင့်ပျက်သွားတယ်။ မီးကလည်း ဓါတ်တိုင်တွေ၊ ကြိုးတွေ သုံးနှစ်အတွင်းမှာ အကုန်ဖျက်ဆီးခံထားရတယ်။ ဘူဒိုဇာနဲ့ထိုးတယ်။မီးရှို့ထားတယ်။ သူတို့စွန့်လွှတ်လိုက်ရရင်တောင် မြို့ကိုလူထုက ပြန်မသုံးမပြုနိုင်အောင် ရည်ရွယ်ချက်ရှိရှိဖျက်သွားတာပေါ့”လို့ အမှတ် (၁) စစ်ဒေသ ကွပ်ကဲရေးအဖွဲ့၀င်နဲ့ သတင်းပြန်ကြားရေးတာ၀န်ခံရဲဘော် ကိုသြဇာက ပြောပါတယ်။

မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးနေပြီလို့ ဆိုပါတယ်။

“မြို့အခြေအနေက တိုက်ပွဲကြောင့် ပျက်စီးတာထက်ကို သူတို့ ဖျက်ဆီးလို့ ပျက်စီးတာက တော်တော်များတယ်ဗျ၊ ၈၀ ရာခိုင်နှုန်းလောက်က ပျက်စီးနေတယ်” လို့ ပကဖ တာဝန်ခံ ဦးသျို့ကြီးက ပြောပါတယ်။

ပင်လယ်လှိုင်းလို ဆုတ်ချည်၊တက်ချည်နဲ့ သိမ်းပိုက်ခဲ့ရတဲ့ ပင်လည်ဘူးမြို့

တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ပင်လည်ဘူးမြို့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ပင်လည်ဘူးမြို့ မြင်ကွင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပင်လည်ဘူးမြို့ကို KIAနဲ့ PDF ပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ကြိုးစားခဲ့တာဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းကဖြစ်ပါတယ်။

သုံးနှစ်နီးပါးအတွင်း ထိုးစစ် ငါးကြိမ်လုပ်ခဲ့တဲ့ပါတယ်။ အခုမြို့ကိုသိမ်းနိုင်တဲ့ ထိုးစစ်ကို ၂၀၂၄ သြဂုတ်လကစခဲ့ပါတယ်။

ထိုးစစ် ၅၃ ရက်မြောက်မှာ အလုံးစုံထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အရင်အကြိမ်တွေတုန်းက ပင်လည်ဘူးမြို့ကို ထိုးစစ်ဆင်ဖို့ အားယူတိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်လာတဲ့အတွက် နောက်ပြန်ဆုတ်ခဲ့ကြရပါတယ်။

ပင်လယ်ရေလှိုင်းလို တက်ချည်၊ဆုတ်ချည်နဲ့ အင်အားစုဖွဲ့လိုက် ပြန်တိုက်လိုက်နဲ့ တော်လှန်ရေးအင်အားစုတွေက ပင်လည်ဘူးမြို့ကို သိမ်းပိုက်ခဲ့ရတယ်လို့လည်း ဥပမာပေးကြပါတယ်။

“သိမ်းလိုက်၊ ပြန်ဆုတ်ခဲ့လိုက်နဲ့ ဖြစ်နေတာ။ သိမ်းလို့ရခါနီးဆို လေကြောင်းနဲ့ဖိပြီး လူအင်အားရောချတော့ အထိခိုက်များလို့ ပြန်ဆုတ်ရတာ”လို့ နောက်ထပ် စစ်ရေးအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

နောက်ပြန်ဆုတ်ခွာချိန်မှာ အင်အားတွေ စုဖွဲ့တာ၊ တိုက်ပွဲမှာ ကြုံတွေ့ခဲ့ရတာတွေကို လေ့လာသင်ယူတာတွေ ပြန်လုပ်ပြီး ထိုးစစ်ပြန်ဆင်ခဲ့ကြတာလို့ဆိုပါတယ်။

၂၀၂၃ ခုနှစ် တတိယအကြိမ်ထိုးစစ်တုန်းကတော့ စစ်ကောင်စီတပ်တွေကို မြို့ထဲကနေ မထွက်နိုင်အောင် ပိတ်ဆို့ထားနိုင်ခဲ့ကြပါတယ်။

မြို့ထဲကနေ ထွက်မရတဲ့ စစ်ကောင်စီတပ်တွေက ရိက္ခာတွေဖြည့်ဖို့အတွက် နီးစပ်ရာ ကျေးရွာတွေထဲကို စစ်ကြောင်းထိုးပြီး ရိက္ခာတွေစုဆောင်းတာတွေရှိသလို လေကြောင်းကနေလည်း ရိက္ခာတွေပို့တာရှိခဲ့ပါတယ်။

စတုတ္တအကြိမ်ထိုးစစ်မှာတော့ စစ်ကောင်စီဘက်ကလည်း သူတို့တပ်စွဲနေတဲ့ ဗျူဟာကုန်းနေရာနဲ့ တပ်စခန်းပတ်ဝန်းကျင်မှာရှိတဲ့ အိမ်တွေမှန်သမျှကို ပစ်ကွင်းရှင်းအောင်မီးရှို့ထားခဲ့တယ်လို့ဆိုပါတယ်။

ပင်လည်ဘူးမြို့ကို လက်လွှတ်မခံရဖို့အတွက် စစ်ကောင်စီတပ်တွေဘက်ကလည်း ရုပ်သံကုန်း၊ ဘုရားကုန်း၊ တာဝါတိုင်ကုန်း အပါအဝင် ဗျူဟာကုန်း ၆ ခုမှာ တပ်စွဲထားခဲ့ပါတယ်။ အဲဒီဗျူဟာကုန်းတွေရဲ့ အလယ်မှာတော့ သူတို့ရဲ့နောက်ဆုံး ခံစစ်ရဲစခန်းပါ။

တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကလည်း အဲဒီဗျူဟာစခန်းကုန်းတွေကို အဆင့်ဆင့် တိုက်ခိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးခံစစ် ရဲစခန်းကိုတော့ နှစ်လနီးပါးကြာအောင် တိုက်ခိုက်ခဲ့ကြရပါတယ်။

“ရဲစခန်းက အာဏာမသိမ်းခင်က ဆောက်ထားတာ မကြာသေးတော့ ထုကလည်း တောင့်တယ်။ အဲဒီအဆောက်အဦမှာ ခံစစ်လုပ်တာပေါ့လေ”လို့စစ်ရေးရင်းမြစ်က ဆက်ပြောပြပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ် ၁၅ ရက်မှာ စတင်တဲ့ ပဉ္စမအကြိမ်ဆိုရင် စစ်ကောင်စီအင်အားကို ထိုးဖောက်နိုင်အောင် သူတို့ထက်ပိုတဲ့ အင်အားစုဖွဲ့တာတွေ လုပ်ခဲ့တယ်လို့လည်း ပကဖ တာဝန်ခံ ဦးသျို့ကြီးက ပြောပါတယ်။

တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ စစ်ရေးအရင်းအမြစ်တစ်ယောက်ကလည်း “စစ်ရေးအရ သတ်ကွင်းဖော်ထားတာ၊ ကျွန်တော်တို့လူတွေ ရှေ့တိုးရင် အထိအများဆုံးဖြစ်ခဲ့တော့ ရဲစခန်းကုန်းတစ်ခုတည်းနဲ့တင် ကြာသွားတာ”လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။

ပူးပေါင်းအဖွဲ့တွေထဲက တချို့က ရဲစခန်းကို ဝိုင်းဝန်းတိုက်ခိုက်နေတဲ့ နှစ်လအတွင်းမှာပဲ စစ်ကောင်စီက လေကြောင်းကနေ စစ်ကူနဲ့ ရိက္ခာ လာပို့တာတွေရှိခဲ့ပါတယ်။

“စစ်ကူတွေကို မြို့ထဲမှာ လာချပေးလို့မရတော့ မြို့နဲ့အနီးစပ်ဆုံး တောစပ်တွေမှာ လာချတယ်၊ လယ်ကွင်းတွေမှာ ချတယ်၊ စစ်ကူတစ်ခါချတိုင်းမှာ သူတို့ကို မြို့ထဲက စစ်တပ်နဲ့ ပေါင်းလို့မရအောင် ဟန့်တားထားပြီးတော့ တစ်နေရာတည်းမှာ ပိတ်ဆို့ထားတယ်၊ နောက်တစ်ခါလာ နောက်တစ်နေရာမှာ ပိတ်ဆို့ပြီး တားလိုက်တာ”လို့ ဦးသျို့ကြီးက ပြောပါတယ်။

ဒီတိုက်ပွဲဟာ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကြား “သူ့ဗျူဟာ ၊ ကိုယ့်ဗျူဟာ” ပြိုင်ခဲ့တာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က အမှတ် ၁ စစ်ဒေသ စနစ်တကျ ဦးဆောင်မှုရော ၊ မဟာမိတ်ဘက်က စစ်ရေးဦးဆောင်မှုရောပေါင်းပြီး သိမ်းပိုက်နိုင်ခဲ့တာလို့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဦးသျို့ကြီးက ပြောပါတယ်။

အမျိုးသား ညီညွတ်‌ရေးအစိုးရ NUG ကတော့ ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲကနေ လက်နက်ကြီး၊ လက်နက်ငယ် ၄၀၀ ကျော်နဲ့ စစ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ပြောထားပါတယ်။

ပင်လည်ဘူးက နှစ်ဖက်တပ်တွေအတွက် ဘာ့ကြောင့် အရေးကြီးတာလဲ

တိုက်ပွဲတွေကြားက ပျက်စီးနေတဲ့ ပင်လည်ဘူးမြို့

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေကြားက ပျက်စီးနေတဲ့ ပင်လည်ဘူးမြို့

ပင်လည်ဘူးမြို့ဟာ ကောလင်း၊ ဝန်းသို၊ ဗန်းမောက်၊ ဖောင်းပြင်မြို့တွေနဲ့ ဆက်စပ်နေပြီး ဧရာဝတီ မြစ်ဝှမ်းနဲ့ ချင်းတွင်းမြစ်ဝှမ်း ဆက်သွယ်တဲ့ လမ်းကြောင်းပေါ်က မဟာဗျူဟာကျတဲ့ မြို့ဖြစ်တယ်လို့ NUG က ဆိုပါတယ်။

ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်တာဟာ စစ်ကောင်စီတပ်ရဲ့ အရေးပါလှတဲ့ ခံစစ်လိုင်းတခု ကိုချိုးဖျက်နိုင်ခဲ့ပြီး PDF တပ်မတော်ရဲ့ တိုက်စွမ်းရည်ကို ပြသနိုင်ခဲ့တယ်လို့ ပြောပါတယ်။

မြေပြန့်ဒေသမှာ ထုအင်အား နဲ့ဆင်နွှဲတဲ့ မဟာဗျူဟာထိုးစစ်နဲ့ အရေးကြီးတဲ့အောင်ပွဲကို ရယူနိုင်တာလို့ အမျိုးသား ညီညွတ်‌ရေးအစိုးရ NUG ရဲ့ ထုတ်ပြန်ချက် ကဖော်ပြပါတယ်။

မြေပြင်စစ်တပ်ရဲ့ အခြေအနေကိုကြည့်ရင် ပင်လည်ဘူးမြို့မှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ တပ်ရင်းရယ်လို့ မရှိပါဘူး။ ဒါပေမဲ့ တခြားနယ်မြေဒေသတွေက တပ်ရင်းတွေကို စုဖွဲ့ပြီး အထိုင်ချထားတာလို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ပင်လည်ဘူးမြို့ဟာ မြောက်ဖျားက ကချင်အတွက်သာမက နိုင်ငံ အရှေ့မြောက်ဘက်က မဟာမိတ် သုံးဖွဲ့အတွက်ရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဝင်လမ်းဖြစ်သွားပြီလို့ ပြောလို့ရတဲ့အကြောင်း တိုက်ပွဲမှာပါခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

စစ်ရေး နယ်မြေအရဆိုရင်လည်း စစ်ကိုင်းတိုင်း အနောက်ဘက်ခြမ်း၊ မန္တလေး၊ ချင်းနဲ့ မကွေးတိုင်းထဲအထိ အရေးပါတဲ့ ဆက်သွယ်ရေး ဝင်ပေါက်တစ်ခု ရလိုက်တာလို့နားလည်ရပါတယ်။

စစ်ကောင်စီဘက်က ပင်လည်ဘူးမြို့ကို လက်လွှတ်လိုက်ရတဲ့အတွက် အထိနာသွားပြီလို့ CDM ဗိုလ်ကြီးဇင်ယော်ကမှတ်ချက်ပြုပါတယ်။

“ဒီဝင်ပေါက်ကို တော်လှန်ရေးအဖွဲ့တွေ ရသွားပြီဖြစ်တဲ့အတွက် စစ်တပ်ရဲ့ စိတ်ဓာတ်အင်အားရော၊ စစ်ရေးဗျူဟာ အခင်းအကျင်းအရပါ ဆုံးရှုံးနစ်နာတာတွေ အများကြီးဖြစ်သွားပြီလို့ ပြောလို့ရပါတယ်”လို့ သူက ပြောပါတယ်။

ပင်လည်ဘူးမြို့သိမ်း စစ်ဆင်ရေးမှာ အရင်ရှိနေတဲ့ စစ်ကောင်စီအင်အားအပြင် Mi 17 နဲ့ ၂၁ ကြိမ် တပ်ကူပို့ဆောင်ခဲ့တယ်လို့ NUG ထုတ်ပြန်ချက်ကဆိုပါတယ်။

တပ်ကူတွေထဲမှာ ခလရ (၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅)၊ ခမရ (၁၆၊ ၁၀၁၊ ၁၁၁၊ ၃၆၃၊ ၃၆၈၊ ၇၀၄)၊ ရဲ နှင့် SNA တပ်မဟာ-၆၁၄ ပူးပေါင်းအင်အား ၈၀၀ နီးပါးရှိခဲ့တယ်လို့ NUG ရဲ့ မှတ်တမ်းကဖော်ပြပါတယ်။

ဒီတပ်ရင်းတွေ အခြေစိုက်တဲ့ နေရာတွေကို လေ့လာကြည့်တဲ့အခါ မကွေးတိုင်း၊ ဂန့်ဂေါ၊ စစ်ကိုင်းတိုင်းထဲက ကလေး၊ မုံရွာ၊ ဝန်းသို၊ ဖောင်းပြင်၊ မွန်ပြည်နယ်ထဲက ရေး၊ ပဲခူးတိုင်းထဲက အင်းတက်၊ ရန်ကုန်တိုင်းက မှော်ဘီ စတဲ့ တိုင်းနဲ့ ပြည်နယ်တွေထဲကဖြစ်ပါတယ်။

“ဒီတပ်ရင်း ၁၀ ရင်းပါ။ နယ်မြေအစုံက မတူညီတဲ့တပ်ရင်းတွေနဲ့ ခံချတာကို တွေ့လိုက်ရတယ်”လို့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

တိုက်ပွဲမှာ ရှိခဲ့တဲ့ ကောလင်းခရိုင်ပကဖ တာဝန်ခံ ဦးသျို့ကြီးကလည်း “ရဲစခန်းကတော့ နောက်ဆုံးအကြိမ်အထိ တောင့်ခံသွားတယ်” လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ခံစစ်ကို ပြောပြပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၃၀ ကျော်မှာ ဗုံးအလုံးရေ သုံးထောင်ကျော် ကြဲခဲ့တယ်လို့လည်း NUG က ထုတ်ပြန်ပါတယ်။

တော်လှန်ရေးအင်အားစုတွေဘက်ကလည်း အမှတ် (၁) စစ်ဒေသ၊ ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးကွပ်ကဲမှုနဲ့ ကောလင်းခရိုင်တပ်ရင်းတွေ၊ ရွှေဘိုခရိုင်၊ မော်လိုက်ခရိုင်၊ ကလေးခရိုင်၊ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်၊ ကန့်ဘလူခရိုင် စတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာပါ။

“က သုံးလုံးဒေသ”ဆိုတာ စစ်ကိုင်းတိုင်း စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာ၊ ထီးချိုင့်၊ ဗန်းမောက်၊အင်းတော်မြို့တို့ပါဝင်တဲ့ “ကသာခရိုင်”၊ ကောလင်း၊ ပင်လည်ဘူး၊ ဝန်းသိုတို့ ပါဝင်တဲ့ “ကောလင်းခရိုင်”၊ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် တို့ ပါဝင်သည့် “ကန့်ဘလူခရိုင်” တို့ကို စုပေါင်းပြီး သတ်မှတ်ထားတာ ဖြစ်ပါတယ်။

“ပင်လည်ဘူးမြို့ က ''ကသုံးလုံး'' ဒေသထဲမှာ ပါဝင်ပါတယ်၊ ''ကသုံးလုံး'' ထဲမှာပါတဲ့ ကောလင်း၊ ကျွန်းလှ၊ ကန့်ဘလူ စတဲ့မြို့တွေကိုလည်း အကန့်အသတ်နဲ့ ပိတ်ဆို့ထားတယ်”လို့ အမှတ် (၁) စစ်ဒေသ ကွပ်ကဲရေးအဖွဲ့၀င်နဲ့ သတင်းပြန်ကြားရေးတာ၀န်ခံရဲဘော် သြဇာက ပြောပါတယ်။

စစ်သုံ့ပန်း၊ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

 ဆုတ်ခွာခွင့်ပြုဖို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကို တောင်းဆိုလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, ကောလင်းခရိုင်ပကဖ

ဓာတ်ပုံ ပုံစာ, ဆုတ်ခွာခွင့်ပြုဖို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကို တောင်းဆိုလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရယ်ပြုံးနေတဲ့ ဓာတ်ပုံတစ်ပုံလည်း လူမှုကွန်ရက်မှာ ပြန့်နှံ့လာတာရှိပါတယ်။

အဲဒီဓာတ်ပုံနဲ့ ပတ်သက်ပြီး ကောလင်းခရိုင် ပကဖတာဝန်ခံ ဦးသျို့ကြီးကို ဘီဘီစီက မေးမြန်းခဲ့ပါတယ်။

“အဲဒီစစ်ကောင်စီအဖွဲ့ဝင်တွေက အဖမ်းခံရတာမဟုတ်ဘူး၊ သူတို့ကို ပြန်ဆုတ်ခွင့်ပေးခဲ့တာ။ သူတို့က ဆက်မနေချင်တော့ဘူး ဆက်တောင့်ဖို့ မလွယ်တော့ဘူးဆိုတော့ ဆုတ်ခွာခွင့်တောင်းတယ်လေ။ ကျွန်တော်တို့ကလည်း လမ်းကြောင်းဖွင့်ပေးလိုက်တာ၊ အဲအချိန်မှာ ညှိနိုင်းရေးအဖွဲ့တွေ သွားတွေ့ပြီး ပြောဆိုတာရှိတယ်၊ အဲဒီဓာတ်ပုံက ကျွန်တော်တို့ ရဲဘော်တစ်ဦးက ရိုက်ထားတာ ”လို့ ပြောပါတယ်။

ကတိကဝတ်အနေနဲ့ စစ်ကောင်စီတပ်တွေက ပင်လည်ဘူးမြို့ကနေ ဆုတ်ခွာပေးရမှာဖြစ်ပြီး လက်နက်အကုန်ယူသွားခွင့်မရှိဘဲ တချို့တဝက် ချန်ထားခဲ့ရပါတယ်။

တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်ကလည်း သူတို့ဆုတ်ဖို့အတွက် လမ်းဖွင့်ပေးထားရမယ်ဆိုပြီး သဘောတူညီခဲ့ကြတာပါ။

ဒါ့အပြင် ဘဏ်ကုန်းကို စစ်ကူရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမှာ ဒဏ်ရာရကြတာ၊ မိသားစုဝင်တွေ ရိက္ခာပြတ်လပ်တာတွေကြောင့် ဆုတ်ခွာခွင့်တောင်းလာတဲ့အတွက် ချက်ချင်းဆောင်ရွက်ပေးခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်ထားပါတယ်။

“ရဲစခန်းမှာရှိတုန်းကလည်း ရဲစခန်းကို ဝိုင်းထားတယ်။ စစ်ကူတွေလာတော့လည်း စစ်ကူတွေကို ဝိုင်းထားတယ်။ ဒီတော့ သူတို့ရဲ့ ထောက်ပို့က လုံးဝ ရောက်မလာနိုင်ဘူး။ အဲဒီလိုအနေထားကြောင့် သူတို့ အာဟာရပြတ်တဲ့သူတွေတောင် ပါပါတယ်။ ဘာလို့ဆိုတော့ အလင်းဝင်လာတဲ့ ရဲဘော်တွေဆိုရင် ထမင်းမစားရတာ တစ်ပတ်ရှိပြီတို့ ပြောလာတာတွေရှိတယ်၊ အဲဒီကတည်းက သူတို့ရိက္ခာပြတ်တာသိလာတာပေါ့”လို့ ဦးသျို့ကြီးက ပြောပါတယ်။

ဆုတ်ခွာခွင့်ပေးလိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နောက်ထပ်ပြန်တိုက်ခိုက်လာနိုင်ခြေလည်းရှိနေပါတယ်။

“သူတို့က အထက်အမိန့်အရ ထပ်ပြီးလာတိုက်ရင် တိုက်နိုင်တယ်၊ ကျွန်တော်တို့ကလည်း သူတို့တိုက်ရင် ပြန်တိုက်ရမှာပေ့ါလေ”လို့ သူကဆက်ပြောပါတယ်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ လောက်သေဆုံးခဲ့သလို ဒဏ်ရာရသူ ၂၂၅ ယောက်ထဲမှာ ဒဏ်ရာပြင်းထန်သူ အယောက် ၆၀ လောက် ကစိုးရိမ်ရတယ်လို့ NUG က ထုတ်ပြန်ပါတယ်။

အလင်းဝင်လာသူ ၄၈ ယောက်နဲ့ စစ်သုံ့ပန်း ၁၀၂ ယောက်တို့ကို ဖမ်းဆီးရမိတယ်လို့လည်း ဆိုပါတယ်။

“သုံ့ပန်းတွေကို ဂျီနီဗာဥပဒေအတိုင်း ကောင်းမွန်စွာကျွေးမွေးထိန်းသိမ်းထားပါတယ်။ဒဏ်ရာပြင်းထန် ရာထူးအဆင့်ဆင့် သုံ့ပန်းတွေကိုတော့ ဆေးရုံမှာ ကုသမှုပေးနေပါတယ်” လို့ ကိုဩဇာက အောက်တိုဘာ ၁၄ ရက်မှာ ဘီဘီစီကို ပြောပါတယ်။

ဖမ်းဆီးရမိသူတွေနဲ့ လက်နက်ချသူတွေထဲမှာ ပေါ်တာဆွဲခံရသူတွေနဲ့ စစ်မှုထမ်းဥပဒေအရ စစ်သင်တန်းတက်ပြီး တိုက်ပွဲထဲရောက်လာသူတွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

မြို့ကို ပြန်လက်မလွှတ်ရအောင် ထိန်းချုပ်နေ

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက ဖမ်းဆီးရမိတဲ့ လက်နက်တွေ

ဓာတ်ပုံ ရင်းမြစ်, စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက ဖမ်းဆီးရမိတဲ့ လက်နက်တွေ

စစ်ကောင်စီဘက်က အသည်းအသန် ခုခံဖို့ကြိုးစားရင်း လက်လွှတ်လိုက်ရတဲ့ ပင်လည်ဘူးမြို့ကို ပြန်ပြီးရယူဖို့ ကြိုးစားနိုင်တာကိုလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ကြိုပြီးတွေးထားကြပါတယ်။

လေကြောင်းကိုအားပြုသုံးတိုက်ခိုက်နိုင်သလို ပင်လည်ဘူးနဲ့ အနီးဆုံးဖြစ်တဲ့ ဝန်းသိုမြို့မှာရှိတဲ့ ခမရ (၁၁၁) ဘက်ကနေလည်း အင်အားသုံးပြီး တိုက်ခိုက်လာနိုင်ခြေရှိတာကိုလည်း မှန်းဆထားကြပါတယ်။

NUG လက်အောက်ကို ရောက်ပြီးမှ ပြန်လက်လွှတ်လိုက်ရတဲ့ ကောလင်းမြို့လိုမျိုး မဖြစ်ရအောင်စစ်ရေးနည်းစနစ်တွေ ချမှတ်ထားတယ်လို့ ပြောပါတယ်။

'' သူတို့ကို ပြန်မပေးနိုင်တဲ့အပြင် နောက်ထပ် စစ်ကိုင်းတိုင်းထဲက မြို့တွေကို ထပ်ပြီးတော့ သိမ်းမယ်ဆိုတဲ့ အစီအစဉ်တွေရှိတယ်။ အစီအစဉ်တွေတော့ ကြိုပြောလို့မရဘူးပေါ့” လို့ ဦးသျို့ကြီးက ဘီဘီစီကို ပြောပါတယ်။

ပင်လည်ဘူးမြို့ ရေရှည်ထိန်းသိမ်းနိုင်ဖို့အတွက်က စစ်ဒေသ (၁) ရဲ့ တာဝန်တစ်ခုထဲရဲ့ တာဝန်မဟုတ်ဘဲ တခြားမြို့နယ်၊ ဒေသမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကလည်း စစ်မျက်နှာဖွင့်လှုပ်ရှားပြီး စစ်ကောင်စီ စစ်ပန်းအောင် ဟန်ချက်ညီဖို့ လိုတယ်လို့လည်း ဗိုလ်ကြီးဇင်ယော်က မှတ်ချက်ပေးပါတယ်။

ကောလင်းမြို့နဲ့ ဒီပဲယင်းမြို့တို့လို လက်ဝယ်ရပြီးမှ ပြန်လက်လွှတ်လိုက်ရတာတွေကလည်း တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ပင်လည်ဘူးမြို့ကို ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ အတွေ့အကြုံကောင်းတွေ ပေးနိုင်မယ်လို့လည်း သူက ယူဆထားပါတယ်။

“စစ်ကောင်စီကို မယှဉ်နိုင်တာကတော့ လေကြောင်းပေါ့။ ဒါပေမဲ့ မြေကိုပိုင်မှပဲ စစ်နိုင်တဲ့သဘောပါ။ မြေပြင်စစ်ကြောင်းထိုးနိုင်မှ စစ်ကောင်စီ ပြန်ပြီးအုပ်ချုပ်နိုင်မယ့်အခြေအနေပါ၊ သူတို့လေယာဉ်တွေကလည်း နာရီနဲ့ပျံရတာ၊ ပြီးတော့ ဗုံးသီးတွေကလည်း အကန့်အသတ်နဲ့ဆိုတော့ စစ်မျက်နှာ ထပ်ဖွင့်နိုင်ရင် ပင်လည်ဘူးကိုလည်း အာရုံရနိုင်မှာ မဟုတ်တော့ဘူး”လို့ ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တဲ့ ပင်လည်ဘူးမြို့ကို ပြည်သူတွေ စွန့်ခွာသွားတာဆိုရင် ၂၀၂၂ ခုနှစ်လောက်ကစလို့ သုံးနှစ်နီးပါးရှိနေပါပြီ။ မြို့ထဲမှာ နေထိုင်သူတွေ ခပ်နည်းနည်းသာ ရှိနေပြီး နယ်ဘက်တွေနဲ့ တခြားမြို့နယ်တွေကို တိမ်းရှောင်နေကြရတာပါ။

“တချို့ စစ်ရှောင်တွေဆိုရင် စစ်ရှောင်သွားရင်း တခြားမြို့မှာ ကိုယ့်ဒေသလိုဖြစ်ပြီး အခြေကျကုန်တာများတယ်”လို့လည်း နောက်ထပ် စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်၊ မရှင်းလင်းနိုင်သေးတဲ့ မြေမြှုပ်မိုင်းတွေ၊ ပြန်လည်ထူထောင်ဖို့ ကြိုးစားရဦးမယ့် လျှပ်စစ်အပါအဝင် ပြန်လည်ထူထောင်ရေးတွေအတွက် အချိန်ယူရဦးမှာဖြစ်တဲ့အတွက် ပြည်သူတွေ ပြန်လာဖို့ကတော့ လောလောဆယ် မဖြစ်နိုင်‌သေးဘူးလို့ ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

လုံခြုံရေးအရ သင့်တော်တဲ့အချိန် ရောက်ပြီဆိုရင်တော့ ပြည်သူတွေ ကိုယ့်အိုးအိမ်ခြံဝန်းတွေ ရှင်းလင်းပြုပြင်နိုင်ဖို့အတွက် ကာကွယ်ရေးဘက်ကနေ အုပ်ချုပ်‌ရေးဘက်ကို အကြောင်းကြားမှာဖြစ်တယ်လို့ ကိုဩဇာက ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ မြို့ကိုရှင်းလင်းရေးတွေလုပ်နေကြသလို စစ်ကောင်စီရဲ့ မြို့ပြန်ယူနိုင်တဲ့ အခြေအနေတွေကို စောင့်ကြည့်ရင်း ကာကွယ်ရေးတွေအတွက် အစီအမံတွေ လုပ်ဆောင်နေကြပါတယ်။