ကောလင်းမြို့ လက်လွှတ်လိုက်ရတဲ့ နောက်ခံအကြောင်းတွေ

မီးရှို့ဖျက်ဆီးခံရတဲ့ ချောင်းကူးတံတား

ဓာတ်ပုံ ရင်းမြစ်, ကောလင်း ပအဖ

ဓာတ်ပုံ ပုံစာ, မီးရှို့ဖျက်ဆီးခံရတဲ့ ချောင်းကူးတံတား

အမျိုးသား ညီညွတ်ရေးအစိုးရက သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်းထဲက ကောလင်းမြို့ကို စစ်ကောင်စီတပ်တွေ အလုံးအရင်းနဲ့ဝင်ရောက်တိုက်ခိုက်လာတာကြောင့် အခြေအနေအရပ်ရပ်ကိုကြည့်ပြီး နောက်ဆုတ်ပေးလိုက်ရတာလို့ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ကောလင်းမြို့ကို ပြန်ရယူဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီတပ်တွေဟာ ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး ကောလင်းမြို့နဲ့ကပ်လျက်က ကန့်ဘလူမြို့နယ် ကိုးထောင်ဘို့ကို MI 17 ရဟတ်ယာဉ်နဲ့ အကြိမ်ရေ ၃၀ ကျော်၊ ဝန်းသိုမြို့နယ် က ခြေမြန်တပ်ရင်း ၁၁၁ နဲ့ ၁၂၀ တပ်ရင်း တွေဆီ ရဟတ်ယာဉ်တွေနဲ့ စစ်ကောင်စီတပ်အင်အားတွေ ဖြည့်တင်းခဲ့တာပါ။

ဖေဖော်ဝါရီ ၅ ရက်မှာ ဝန်းသိုမြို့ဘက်က စစ်ကောင်စီတပ်တွေက အင်ကပင်၊ အောင်းကုန်းမှာ စစ်ကြောင်းတစ်ကြောင်း၊ ဇီးဖြူပင်မှာ တစ်ကြောင်း၊ အလယ်ခုန်နဲ့ ဥသျှစ်ခုန်မှာ တစ်ကြောင်း စုစုပေါင်း သုံးကြောင်းထိုးလာခဲ့သလို ကိုးထောင်ဘို့ဘက်ကလည်း အင်အား ၈၀၀ ကျော်နဲ့ သုံးကြောင်းထိုးပြီး ကောလင်းမြို့ကို ညှပ်တိုက်နေတယ်လို့ ဒေသတွင်း လူမှုကွန်ရက်စာမျက်နှာတွေကနေ သိရပါတယ်။

အဲဒီရက်ပိုင်းကစပြီး ကောလင်းမြို့အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

“မြို့ကို လက်လွှတ်လိုက်ရတာ ဟုတ်ပါတယ်။ သူတို့လက်ထဲ ရောက်သွားတယ်လို့ပဲ ပြောရမှာပေါ့။ ကျနော်တို့ တပ်ဖွဲ့ဝင်တွေက ထပ်ပြီး အသေခံလို့ မဖြစ်ဘူးလေ။ ဟိုဘက်က သာလွန်အင်အားကြီးနဲ့ ဆိုတော့ နည်းနည်းနောက်ဆုတ်ပေးလိုက်တာ” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်သူ ကိုမြသိန်းထွန်းက ဘီဘီစီကို ပြောပါတယ်။

အသက်တွေမစတေးချင်တော့လို့ နောက်ဆုတ်လိုက်ရ

မီးလောင်ခဲ့တဲ့ ကောလင်းမြို့ထဲက နေအိမ်တစ်အိမ်

ဓာတ်ပုံ ရင်းမြစ်, ကောလင်း ပအဖ

ဓာတ်ပုံ ပုံစာ, မီးလောင်ခဲ့တဲ့ ကောလင်းမြို့ထဲကနေ နေအိမ်တစ်အိမ်

စစ်ကိုင်းတိုင်းထဲက ကောလင်း၊ ခမ်းပတ်၊ ရွှေပြည်အေးနဲ့ မော်လူးမြို့တွေကို ၂၀၂၃ ခုနှစ် နိုဝင်ဘာကစပြီး တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နေခဲ့တာပါ။

စစ်ကောင်စီကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မဟာမိတ်ညီနောင်သုံးဖွဲ့နဲ့ ယာယီအပစ်ရပ်ပြီးနောက်ပိုင်း လက်လွှတ်လိုက်ရတဲ့ စစ်ကိုင်းတိုင်းထဲကမြို့တွေကို ပြန်ရရှိဖို့ စစ်ကြောင်းထိုးလာတာတွေ ရှိလာပါတယ်။

ကောလင်းမြို့တွင်း တိုက်ပွဲဖြစ်နေချိန်မှာ မြို့ကို ပြန်မပေးရအောင် ကာကွယ်တိုက်ခိုက်ဖို့ ကြိုးစားကြပေမဲ့ လက်နက်အင်အား အပြည့်အဝပါလာတဲ့ စစ်ကောင်စီတပ်တွေကို ခုခံနိုင်မယ့် လက်နက်အင်အား မလုံလောက်ကြဘူးလို့လည်း ပြောပါတယ်။

နယ်မြေအရ ကျွမ်းကျင်မှုတွေရှိကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီတပ်တွေလာနိုင်တဲ့ လမ်းကြောင်းတွေ၊ ထိုးစစ်ဆင်နိုင်တဲ့ အခြေအနေတွေကို သိရှိထားကြတာကြောင့် ခုခံတိုက်ပွဲတွေမှာ အသာစီးရပေမဲ့ လက်နက်အင်အား မလိုက်နိုင်တာ၊ တပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးတာတွေ၊ အရပ်သားတွေ ထိခိုက်သေဆုံးတာ၊ နေအိမ် အဆောက်အဦတွေ ထိခိုက်ပျက်စီးတာတွေကြောင့် နောက်ဆုတ်လိုက်ရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လေကြောင်းကနေပါ တိုက်ခိုက်လာတဲ့ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်၊ စစ်လေယာဉ်တွေကို တန်ပြန်တိုက်ခိုက်နိုင်တဲ့ လက်နက်ကလည်း မရှိကြတာကြောင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးတာတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

တပ်ဖွဲ့ဝင်တွေ ဘယ်လောက် ထိခိုက်ဒဏ်ရာရတယ်၊ သေဆုံးတယ်ဆိုတာအပါအဝင် တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေ၊ စစ်ရေးအခြေအနေတွေကိုတော့ အတိအကျ ထုတ်ပြန်တာတွေတော့ မရှိပါဘူး။

လက်နက်ကြီးကျတာကြောင့် ပျက်စီးသွားတဲ့ ကောလင်းမြို့ထဲက အဆောက်အဦ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, လက်နက်ကြီးကျတာကြောင့် ပျက်စီးသွားတဲ့ ကောလင်းမြို့ထဲက အဆောက်အဦ

ဒါ့အပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ကောလင်းမြို့ကို သိမ်းပိုက်အုပ်ချုပ်ထားချိန်မှာ ဝန်းသိုမြို့အခြေစိုက် ခြေမြန်တပ်ရင်းတွေဘက်ကလည်း လက်နက်ကြီးတွေနဲ့ ကောလင်းမြို့ပေါ်ကို ပစ်ခတ်တာတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းမှာ ဝန်းသိုမြို့က စစ်ကောင်စီတပ်ကနေ ဟောင်ဝစ်ဇာအမြောက်နဲ့ပစ်လို့ ကောလင်းမြို့တွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီက ပစ်လိုက်တဲ့ လက်နက်ကြီး ၈ ကြိမ်မှာ ၇ ကြိမ်က ပေါက်ကွဲပြီး မပေါက်ကွဲသေးတဲ့တစ်လုံးရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီလက်နက်ကြီးပေါက်ကွဲမှုကြောင့် အရပ်သား အမျိုးသား ၁ ယောက် ၊ အမျိုးသမီး ၅ ယောက် သေဆုံးပြီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၃၀ ရက်က ကောလင်းအရှေ့ဘက်ခြမ်း တောင်မော်ရွာကိုလည်း လက်နက်ကြီးကျတာကြောင့် အမျိုးသမီး တစ်ယောက် သေဆုံးပြီး ၃ ယောက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စစ်ကောင်စီကတော့ ကောလင်းမြို့ မှာ အရပ်သားတွေထိခိုက်သေဆုံးတာတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်ကြီးတွေကြောင့်ဆိုပြီး ထုတ်ပြန်ပါတယ်။

“ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ကိုယ့်မြို့ကို ရထားချိန်တုန်းက အရပ်သားတစ်ယောက်မှ ထိခိုက်တာမရှိဘူး။ အိမ်တစ်လုံးမီးလောင်တာမရှိဘူး။ စကစတွေက ဝန်းသိုကပစ်လို့ အရပ်သားတွေလည်း ထိတယ်၊ စစ်ကြောင်းထိုးတော့လည်း အရပ်သားတွေတွေ့ရင် အသတ်ခံရတယ်။ အခု တိုက်ပွဲမှာလည်း အရပ်သားတွေ ထိခိုက်သေဆုံးတာတွေရှိတော့ နောက်ထပ်မဖြစ်အောင် ခဏနေလိုက်တဲ့သဘောပဲ”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

မြို့တစ်ဝက်နီးပါးပျက်စီးနေတဲ့ ကောလင်း

လက်နက်ကြီးကြောင့် ပျက်စီးသွားတဲ့ ကောလင်းမြို့ ဘိုးဘွားရိပ်သာ

ဓာတ်ပုံ ရင်းမြစ်, ကောလင်း ပအဖ

ဓာတ်ပုံ ပုံစာ, လက်နက်ကြီးကြောင့် ပျက်စီးသွားတဲ့ ကောလင်းမြို့ ဘိုးဘွားရိပ်သာ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီတပ်တွေ ကောလင်းမြို့ကိုဦးတည်စစ်ကြောင်းထိုးချိန်မှာ မြို့ထဲက အရပ်သားတွေအားလုံးကို တိမ်းရှောင်ကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတိပေးတာကြောင့် မြို့နေပြည်သူ ၉၀ ရာခိုင်နှုန်းလောက် ထွက်ပြေးတိမ်းရှောင်ကြပါတယ်။

“တချို့တွေက အိမ်ကို စိတ်မချလို့၊ စစ်ကောင်စီတွေက ဘာမှလုပ်မှာမဟုတ်ပါဘူးဆိုပြီး နေခဲ့ကြတာတွေရှိတယ်။ အဲဒီမှာ အသတ်ခံရတဲ့သူတွေရှိတယ်။ မီးရှို့ခံထားရတဲ့အလောင်းတွေလည်း ရှိတယ်။ ဘယ်နှယောက် အသတ်ခံရလဲဆိုတာတော့ ကျွန်တော်တို့ မြို့ထဲသွားလို့မရတော့ မသိဘူး”လို့ ကောလင်းဒေသခံတစ်ယောက်က ပြောပါတယ်။

ဘီဘီစီကို ပေးပို့လာတဲ့ ဓာတ်ပုံတွေမှာ ဆိုင်ကယ်နဲ့အတူ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေ၊ အသတ်ခံထားရတဲ့ အလောင်းတချို့ကို တွေ့ရပါတယ်။ ဒါ့အပြင် လက်နက်ကြီးကျလို့ ပျက်စီးနေတဲ့ နေအိမ်တွေ၊ မီးရှို့ခံထားရတဲ့ နေအိမ်တွေကိုလည်း တွေ့ရပါတယ်။

ကောလင်းမြို့နားက ရွာမရွာ မီးရှို့ခံထားရပြီး ဘိုးဘွားရိပ်သာထမင်းစားဆောင်ကို လက်နက်ကြီးကျရောက်ပြီးနောက်ပိုင်း ပျက်စီးနေတာတွေကို ကောလင်းမြို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဓာတ်ပုံတွေအရ သိရပါတယ်။

ကောလင်းမြို့ပေါ်က ကျော်ဇေယျတောင်ပိုင်း၊ အောင်သီရိရပ်ကွက်၊ ကောလင်းမြို့မဈေး အပါအဝင် မြို့နယ်ထဲက ကျေးရွာတချို့လည်း မီးရှို့ခံရတယ်လို့ Kawlin Revolution KR က ထုတ်ပြန်ထားပါတယ်။

ကောလင်းမြို့ တိုက်ပွဲတွေကြောင့် မြို့နေပြည်သူတွေအပါအဝင် အနီးအနားကျေးရွာက ပြည်သူ နှစ်သောင်းခွဲလောက် စစ်ဘေးတိမ်းရှောင်နေရပြီး လျှပ်စစ်မီးမရတာလည်း ၁၀ ရက်လောက်ရှိနေပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ရွာမရွာကနေ ကောလင်းမြို့ကိုကူးတဲ့ ရွှေမင်းဝံလမ်းမပေါ်က ချောင်းကူးတံတားတစ်စင်းကိုလည်း စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကောလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

“မြို့တစ်ဝက်ကတော့ ပျက်စီးသွားပြီလို့ ပြောလို့ရတယ်။ ချောင်းကူးတံတားက ပြန်ပြင်ရင်တော့ ရနိုင်တယ်။ ဒါပေမဲ့ ကျနော်တို့တွေ အဲဒီအနား သွားလို့မရသေးဘူး။ ဒီတံတားမရှိရင် ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေး၊ နေ့စဉ်လူမှုဘဝတွေကိုပါ ထိခိုက်နိုင်တယ်”လို့ ကောလင်းမြို့နယ် ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ကောလင်းမြို့ကို ပြန်သိမ်းယူနိုင်ပြီး မိုင်းရှင်းလင်းရေး နဲ့ ပြန်လည်ထူထောင်ရေးဆောင်ရွက်နေတယ် လို့ ဖေဖော်ဝါရီ ၁၃ ရက်က ထုတ်ပြန်ထားပါတယ်။

“နှမြောတာပေါ့ဗျာ။ ကျွန်တော်တို့မြို့ကို ကျွန်တော်တို့ ပြန်ပြီးရထားပြီးတော့မှ တော်လှန်ရေးအဖွဲ့တွေပဲ အုပ်ချုပ်လို့ အေးချမ်းနေချိန်မှာမှ အခုလိုပြန်လက်လွှတ်လိုက်ရတော့ နှမြောတာပေါ့”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ကိုမြသိန်းထွန်းက ပြောပါတယ်။