ကိုလိုနီမြေပုံဟောင်းအကျိုးဆက် - ထိုင်း-ကမ္ဘောဒီးယား နယ်ခြားပြဿနာ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်အနီးက ပျက်စီးနေတဲ့အဆောက်အအုံဘေးမှာ ကမ္ဘောဒီးယား စစ်သားတစ်ဦးက စောင့်ကြည့်နေပါတယ်။ သူက နယ်စပ်ကိုစစ်ဆေးနေတဲ့ စစ်သားတွေနဲ့ အရာရှိတွေအဖွဲ့ကို ကြည့်ရှုနေတဲ့ အခိုက်အတန့်ပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

    • ရေးသားသူ, ဂျိမ်းစ်လူဝစ္စ၊
    • ရေးသားသူ, ဘီဘီစီ(ထိုင်းဌာန)

ပွက်ပွက်ဆူနေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြား နယ်စပ်တင်းမာမှု အပူချိန်ဟာ အခုတစ်ကြိမ်လည်း အမြင့်ဆုံးရေချိန်ကိုရောက်ပြန်ပြီဖြစ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြားဝင်ညှိနှိုင်းပေးထားတဲ့ ထိရှလွယ် အပစ်အခတ်ရပ်စဲရေးလည်း လမ်းချော်သွားပါတယ်။

ဒီဇင်ဘာ ၈ ရက်ကပြန်စတဲ့ နှစ်နိုင်ငံနယ်စပ်က စစ်ပွဲတွေကြောင့် ထိုင်းစစ်သား ၅ ဦးနဲ့ ကမ္ဘောဒီးယား အရပ်သား ၉ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ နှစ်ဖက်အရာရှိတွေက ပြောပါတယ်။

ဇူလိုင်လတုန်းက ဒါဇင်နဲ့ချီတဲ့လူတွေ သေဆုံးပြီးနောက် အောက်တိုဘာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီးကတည်းက ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေထဲမှာ ဒီတိုက်ပွဲတွေက အပြင်းထန်ဆုံး ဖြစ်ပါတယ်။

နှစ်နိုင်ငံကြား နယ်စပ်ပိုင်ဆိုင်မှုအရေး အချေအတင်ဖြစ်မှုဟာ နှစ် ၁၀၀ ကျော်ကတည်းကပါ။ ကမ္ဘောဒီးယားကို ပြင်သစ်တွေ သိမ်းပိုက်ပြီးနောက် နယ်နိမိတ်မျဉ်းကို ရေးဆွဲခဲ့တဲ့ အချိန်ကစခဲ့တာပါ။

တဖက်မှာလည်း နယ်စပ်ပိုင်ဆိုင်မှုနဲ့အတူ ပါလာတာက ဟိုး အတိတ်ရာစုနှစ်များစွာအထိ ဆွဲဆန့်တဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ပိုင်ဆိုင်နိုင်ရေး အားပြိုင်မှုလည်းဖြစ်ပါတယ်။

ဒီပြဿနာတွေရဲ့ အရင်းခံက ၁၁ ရာစု ဟိန္ဒူ ဘုရားကျောင်းတော် ပရဝိဟာ (Preah Vihear) ဖြစ်ပါတယ်။ ဒီကျောင်းတော်ဟာ နှစ်နိုင်ငံကြား နယ်နိမိတ် ဖြစ်တဲ့ ဒန်ဂရက် တောင်တန်းတွေရဲ့ ထိပ်မှာတည်ထားတာဖြစ်ပါတယ်။

ယဥ်ကျေးမှု သူ့ထက်ငါ ဘယ်သူသာ

လောကနိယာမအရ အင်ပါယာတွေ တန်ခိုးထွားမှု၊ အင်ပါယာတွေ ပျက်သုဥ်းမှုတွေက အရှေ့တောင်အာရှသမိုင်းကို ပုံဖော်ပေးခဲ့တာ ရာစုနှစ်ချီရှိပါပြီ။

၉ ရာစုကနေ ၁၅ ရာစုအထိ ခမာအင်ပါယာဆိုတာဟာ အခု ကမ္ဘောဒီးယားနိုင်ငံအဖြစ်တည်ထောင်ထားတဲ့နေရာအပါအဝင် မျက်မှောက်ခေတ် ထိုင်း၊ လာအိုနဲ့ ဗီယက်နမ်နိုင်ငံတွေရဲ့ အစိတ်အပိုင်း အများအပြား အပါအဝင် ဒေသအများအပြားကို လွှမ်းမိုးထားခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ ခမာအင်ပါယာရဲ့ အာဏာလွှမ်းမိုးနိုင်မှု ကျဆင်းလာတာနဲ့အမျှ အင်အားသစ်တွေပေါ်ပေါက်လာခဲ့ပါတယ်။

၁၄၃၁ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ မူရင်းနိုင်ငံအစဖြစ်တဲ့ အယုဒ္ဓယနိုင်ငံက ခမာအင်ပါယာရဲ့ မြို့တော် အန်ကောဝပ်ကို ကျူးကျော်သိမ်းပိုက်ပြီးနောက် ကမ္ဘောဒီးယား အနောက်ပိုင်းနယ်မြေတွေကို စတင်သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းရာစုနှစ်တွေမှာတော့ ကမ္ဘောဒီးယားဟာ နယ်မြေနဲ့ စစ်ရေး ရည်မှန်းချက်ကြီးတဲ့ အိမ်နီးချင်းတွေကြားမှာ အခက်တွေ့ခဲ့ပြီး အချုပ်အခြာအာဏာကို ထပ်ခါတလဲလဲ ပြိုင်ဆိုင်စိန်ခေါ်မှု ကြုံခဲ့ရပါတယ်။

၁၉ ရာစုမှာတော့ ကမ္ဘောဒီးယားဟာ ပြင်ပက ကျူးကျော်သူအသစ်ရန်ကို ကြုံရပါတယ်။ အဲဒါကတော့ ပြင်သစ်ပါ။

တောင်ပိုင်းဗီယက်နမ်ကို ထိန်းချုပ်ထားတဲ့ ပြင်သစ်က သူ့ရဲ့အထိန်းသိမ်းခံနိုင်ငံ တစ်နိုင်ငံအဖြစ် လက်ခံဖို့ ကမ္ဘောဒီးယားကို ၁၈၆၃ ခုနှစ်မှာ ဖိအားပေးခဲ့ပါတယ်။

၂၀ ရာစုအစောပိုင်း ၁၉၀၄ ခုနှစ်နဲ့ ၁၉၀၇ ခုနှစ်တို့မှာ ပြင်သစ်နိုင်ငံက ယိုးဒယားဘုရင့်နိုင်ငံတော်နဲ့ သဘောတူစာချုပ် နှစ်ခု ချုပ်ဆိုပြီး ဒေသအတွင်း သူတို့ရဲ့အာဏာကို စုစည်းခဲ့ပါတယ်။ အဲဒီစာချုပ်တွေကြောင့်ပဲ နယ်မြေအများအပြားကို ပြင်သစ်အင်ဒိုချိုင်းနားလက်ထဲ လွှဲပြောင်းပေးဖို့ရာဖြစ်ခဲ့ပါတယ်။

အဲဒီစာချုပ်တွေအရ ဒန်ဂရက်တောင်တန်းတွေရဲ့ အရှေ့ဘက်က Dângrêk ရေဝေရေလဲဒေသမျဉ်းတစ်လျှောက်မှာ နယ်နိမိတ်ကို ရေးဆွဲသင့်တယ်ဆိုတာကို ချမှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ပြင်သစ် မြေတိုင်းပညာရှင်တွေ ဆောင်ရွက်ခဲ့တဲ့ မြေပုံရေးဆွဲတဲ့လုပ်ငန်းစဥ်တွေ၊ အထူးသဖြင့် စာချုပ်တွေအရ အဆိုပြုထားတဲ့ ရေဝေရေလဲ နယ်နိမိတ်နဲ့ အလွန်နီးကပ်တဲ့ ဘုရားကျောင်းအနီးဝန်းကျင်မှာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ပရဝိဟာ ကျောင်းတော်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပရဝိဟာ ကျောင်းတော်

ထိုင်းနိုင်ငံဟာ ၁၉၀၇ ခုနှစ် စာချုပ်အရ ဘုရားကျောင်းနေရာအပါအဝင် ဆုံးရှုံးခဲ့ရတဲ့သူ့ရဲ့ နယ်မြေအချို့ကို ဒုတိယကမ္ဘာစစ်အတွင်း ပြန်လည်သိမ်းယူခဲ့ပါတယ်။

စစ်ပွဲအပြီးမှာ ထိုင်းဟာ အဲဒီနယ်မြေကို ပြင်သစ်ထိန်းချုပ်မှုအောက်ကို ပြန်ပေးဖို့ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းတပ်တွေက ၁၉၄၇ ခုနှစ်မှာ ပရဝိဟာဘုရားကျောင်းအနီးတဝိုက်ကို ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။

အဲဒီနောက် ခြောက်နှစ်အကြာမှာ ကမ္ဘောဒီးယားဟာ ပြင်သစ်ဆီက လွတ်လပ်ရေးရခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာ ကမ္ဘောဒီးယားဟာ ဘုရားကျောင်းအရေးနဲ့ပတ်သက်ပြီး နယ်မြေအချုပ်အခြာဟာ သူ့အပိုင်ဖြစ်တယ်ဆိုတာကို သက်သေထူဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)ကို လျှောက်ထားခဲ့ပါတယ်။

ICJ အမှုရဲ့အဓိကအချက်က နယ်စပ်နဲ့ပတ်သက်ပြီး မတူညီတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နှစ်ခုဖြစ်နေတာပါ။

ကမ္ဘောဒီးယားဟာ ဘုရားကျောင်းကို ကမ္ဘောဒီးယားဘက်ခြမ်းမှာ ထားရှိနိုင်စေမယ့် ၁၉၀၄ နဲ့ ၁၉၀၇ စာချုပ်တွေကို အခြေခံတဲ့ ပြင်သစ်ကိုလိုနီမြေပုံကို အခြေပြုပြီး ပိုင်ဆိုင်ကြောင်း သက်သေထူပါတယ်။

ထိုင်းဘက်ကလည်း အဲဒီမြေပုံကို ဘယ်တုန်းကမှ လက်မခံခဲ့ဘူးလို့ စောဒက တက်ခဲ့ပါတယ်။ အကယ်၍ထိုင်းဘက်က လက်ခံခဲ့တယ်ဆိုရင်တောင် နယ်စပ်မျဉ်းဟာ အမှန်စင်စစ် ရေဝေရေလဲမျဉ်းဖြစ်ကြောင်း မှားယွင်းတဲ့ ယုံကြည်ချက်ကြောင့်သာ ဖြစ်မယ်လို့ဆိုပါတယ်။

၁၉၆၂ ခုနှစ်မှာ ICJ က ကမ္ဘောဒီးယား လျှောက်ထားချက်ကို လက်ခံဆုံးဖြတ်လိုက်တာကြောင့် နှစ်နိုင်ငံစလုံးဟာ ဒီဆုံးဖြတ်ချက်ကို လက်ခံဖို့ဖြစ်ခဲ့ပါတယ်။ အဲဒီကတည်းက ရှိရင်းစွဲ နယ်စပ်ကိုပဲ နှစ်နိုင်ငံအသုံးပြုနေတာ ဆယ်စုနှစ်ချီကြာမြင့်နေပြီဖြစ်ပါတယ်။

A map showing the border of Thailand and Cambodia and nearby areas

ကမ္ဘောဒီးယားပြည်တွင်းစစ်နဲ့ ခမာနီခေတ်ကာလတွေမှာ ဘုရားကျောင်းနေရာကို အများစု သွားလာခွင့်မရခဲ့ဘဲ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာသာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာ ကမ္ဘောဒီးယားက ပရဝိဟာ ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် အောင်မြင်စွာ စာရင်းသွင်းလိုက်တဲ့အခါမှာ တင်းမာမှုတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။

ယူနက်စကို ကမ္ဘာ့အမွေအနှစ်လို့ သတ်မှတ်လိုက်တာက အချုပ်အခြာအာဏာကို ထိခိုက်စေတယ်လို့ဆိုကာ ထိုင်းနိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။

ဒီအရေးကြောင့် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း နှစ်နိုင်ငံ နယ်စပ်တလျှောက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပါတယ်။ အနည်းဆုံး လူ ၂၀ သေဆုံးပြီး ထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ကမ္ဘောဒီးယားက ICJ ကို ပြန်တင်ခဲ့ပြီး ၁၉၆၂ ခုနှစ် ဆုံးဖြတ်ချက်အတွက် ရှင်းလင်းချက် ရယူခဲ့ပါတယ်။

တရားရုံးက ၂၀၁၂ ခုနှစ်မှာ တပ်များဆုတ်ခွာဖို့ အမိန့်ထုတ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ဘုရားကျောင်းနဲ့ အနီးတစ်ဝိုက်ဟာ ကမ္ဘောဒီးယားပိုင်နက်အတွင်း တည်ရှိကြောင်း အတည်ပြုခဲ့ပါတယ်။

တိုက်ပွဲဖြစ်လိုက် ပြေးလိုက်ရတဲ့လူထု

အခု နောက်ဆုံးအကြိမ်မှာတော့ ထိုင်းနဲ့ ကမ္ဘောဒီးယားတို့က အကြမ်းဖက်မှုတွေကို တဖက်ဖက်ကစတင်တယ်ဆိုပြီး အပြန်အလှန် စွပ်စွဲနေကြပါတယ်။ နှစ်ဖက်စလုံးက လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနုတင်က သူ့နိုင်ငံဟာ အကြမ်းဖက်မှုကို ဘယ်တော့မှ မလိုချင်ဘူး လို့ ပြောပါတယ်။ ဒါပေမဲ့ "နိုင်ငံ့အချုပ်အခြာအာဏာကို ထိန်းသိမ်းဖို့ လိုအပ်တဲ့ နည်းလမ်းတွေကို အသုံးပြုမယ်" လို့ဆိုပါတယ်။

ကမ္ဘောဒီးယားရဲ့ ခေါင်းဆောင်ဟောင်း ဟွန်ဆန်က လက်တုံ့ပြန်ဖို့ဖြစ်လာစေတာ ထိုင်း ကျူးကျော်သူတွေကြောင့်လို့ဆိုပြီး စွပ်စွဲပြောဆိုပါတယ်။

ဒီအရေးကြားဝင်ထားတဲ့ သမ္မတထရမ့်ကတော့ အငြင်းပွားနေတဲ့ နိုင်ငံနှစ်ခုရဲ့ စစ်ပွဲကိုရပ်တန့်ဖို့ ဖုန်းခေါ်ဆိုသွားမယ်လို့ ဒီဇင်ဘာ ၉ ရက် ကပြောထားပါတယ်။

ဒီအခြေအနေက ဘယ်ကိုဆက်သွားမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။

အတိတ်တုန်းက အလားတူဖြစ်စဥ်တွေမှာတော အခုလို တင်းမာမှုတွေဖြစ်လာရင် ရုတ်ချည်း ပြန်လည် ငြိမ်သွားတဲ့သာဓကတွေရှိခဲ့ဖူးပါတယ်။

ဇူလိုင်လတုန်းကတော့ ဘီဘီစီရဲ့ အရှေ့တောင်အာရှဆိုင်ရာ သတင်းထောက် ဂျွန်နသန်ဟက်ဒ် က ဒီစစ်ပွဲက မပြီးနိုင်ဘဲ ထပ်ဖြစ်နေဦးမယ်လို့ သုံးသပ်ခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ထိပ်တိုက်ရင်ဆိုင်မှုကနေ နောက်ပြန်ဆုတ်ဖို့ ခွန်အားနဲ့ ယုံကြည်မှုရှိတဲ့ ခေါင်းဆောင်မှုဟာ နှစ်နိုင်ငံစလုံးမှာ အားနည်းနေသေးကြောင်း သူက သတိပေးထားပါတယ်။