ထရမ့်ကြားဝင်မှုကို ထိုင်းနဲ့ ကမ္ဘောဒီးယား ကြိုဆိုပေမဲ့ နယ်စပ်မှာပစ်ခတ်မှုဆက်ရှိ

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နယ်စပ်အငြင်းပွားမှုဖြစ်နေတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့က ခေါင်းဆောင်တွေ နှစ်ဦးစလုံးနဲ့ ဖုန်းကနေ တဆင့် စကားပြောခဲ့ပြီး ချက်ချင်း အပစ်အခတ် ရပ်တန့်ကြဖို့ ပြောခဲ့တယ်လို့ ထုတ်ပြောပါတယ်။
နှစ်နိုင်ငံ စလုံးက သမ္မတထရမ့်နဲ့ စိုးရိမ်ချက်နဲ့ ပြေလည်ရေးအားထုတ်မှုကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပေမဲ့ သမ္မတနဲ့ ဖုန်းပြောအပြီး နာရီပိုင်းကြာ ဒေသစံတော်ချိန် ဇူလိုင် ၂၇ ရက် မနက်ပိုင်းမှာပဲ လက်နက်ကြီး ပစ်ခတ်မှုတွေ ဆက်ရှိနေပါတယ်။
အခုဆိုရင် ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့ နယ်စပ်မှာ တိုက်ပွဲဖြစ်တာ လေးရက်ရှိလာပါပြီ။
ကမ္ဘောဒီးယားက ထိုင်းဘက်မှာရှိတဲ့ လူနေအိမ်ရှိတဲ့နေရာတွေကို ဒီနေ့မနက်က ပစ်ခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ရီချာ ဆူကူဝမ်နော့က ပြောပါတယ်။
ပစ်ခတ်မှုတွေဟာ ဒီနေ့မနက် ၄ နာရီခွဲဝန်းကျင်မှာ တကွိုင် ဘုရားကျောင်းနားကနေ စတင်ခဲ့ပြီး မနက် ၅ နာရီခွဲမှာ ထိုင်းဘက်ကနေ ပြန်လည်တုံ့ပြန်ခဲ့တယ်လို့ ထိုင်းသတင်းစာတွေက ရေးပါတယ်။
ကမ္ဘောဒီးယားကတော့ အပစ်အခတ် ရပ်စဲရေးအတွက် ထရမ့်ရဲ့ မေတ္တာရပ်ခံချက်ကို လက်ခံပြီး ထိုင်းကတော့ နှစ်နိုင်ငံကြား ဆွေးနွေးပြောဆိုဖို့ လိုတဲ့အကြောင်း အဓိကထားပြောပါတယ်။
ဒီအတောအတွင်းမှာပဲ မလေးရှား နိုင်ငံပိုင်မီဒီယာက ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ မနက်ဖြန် တနင်္လာနေ့မှာ မလေးရှားကို လာပြီး ပဋိပက္ခအရေး ဆွေးနွေးကြမယ်လို့ သတင်းဖော်ပြပါတယ်။
မလေးရှားဟာ ထိုင်းရော၊ ကမ္ဘောဒီးယားနိုင်ငံပါ အဖွဲ့ဝင်အဖြစ်ပါဝင်နေတဲ့ အရှေ့တောင် အာရှ နိုင်ငံများအသင်း(အာဆီယံ)အဖွဲ့ဝင် နိုင်ငံတွေဖြစ်ပြီး မလေးရှားဟာ လက်ရှိမှာ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ဇူလိုင် ၂၇ ရက်ညနေပိုင်းမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကို မေးမြန်းရာမှာတော့ ''ထရမ့်ရဲ့ ကြားဝင်စေ့စပ်ပေးမှုအပြီးမှာ ဆွေးနွေးပွဲအတွက် ထိုင်းဘက်က စတင် ခြေလှမ်းခဲ့တာ'' လို့ ပြောပါတယ်။
ဒါပေမဲ့ ထိုင်းယာယီဝန်ကြီးချုပ်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်တို့ဆီ ထရမ့်ရဲ့ ဖုန်းခေါ်ဆိုမှုဟာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ရပ်တည်ချက်ကို ချက်ချင်း အပြောင်းအလဲတော့ မဖြစ်နိုင်သေးပါဘူး။
ထရမ့်ကတော့ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွမ်မာနက်နဲ့ ထိုင်းနိုင်ငံ ယာယီဝန်ကြီးချုပ် ဖုန်သမ် ဝိချရာချိုင်း တို့ဟာ သူ့ရဲ့ ပြောဆိုချက်တွေကို လက်ခံတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးတင်ပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်ရပ်ဖို့ ထရမ့် ဘယ်လို တိုက်တွန်းခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံလုံးက အမေရိကန်ရဲ့ အခွန်နှုန်းထားသစ်နဲ့ ကုန်သွယ်ရေးအတွက် ညှိနှိုင်းနေချိန်ဖြစ်လို့ နှစ်ဖက်လုံးက စစ်ပွဲကို အဆုံးသတ်ဖို့ သမ္မတထရမ့်က ပြောလိုက်ပါတယ်။
စစ်ပွဲ မရပ်ရင် နှစ်ဖက်လုံးနဲ့ အမေရိကန်က ကုန်သွယ်ရေးစာချုပ် မချုပ်ဘူးလို့လည်း သူကထည့်ပြောပါတယ်။
ထိုင်းနဲ့ စစ်ပွဲကိုရပ်ဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့သလို ထိုင်းရဲ့ယာယီဝန်ကြီးချုပ်နဲ့လည်း ဆွေးနွေးခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။
"ဒီရှုပ်ထွေးနေတဲ့အခြေအနေကို ရှင်းလင်းအောင် ကျွန်တော်ကြိုးစားနေပါတယ်။ စစ်ပွဲမှာ လူအများအပြား သေဆုံးနေကြတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယကြားက ပဋိပက္ခကို အောင်အောင်မြင်မြင် ရပ်စေနိုင်ခဲ့တာကို ကျွန်တော်သတိရပါတယ်" လို့ထရမ့်ကသူ့ရဲ့ လူမှုကွန်ရက် TruthSocial မှာရေးသားထားပါတယ်။
ဇွန်လ ၂၇ ရက် မနက်ခင်း ပစ်ခတ်မှုအခြေအနေ သိရသမျှ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ ဒီနေ့ မနက်ပိုင်းမှာ အပြန်အလှန် လက်နက်ကြီး ပစ်ခတ်မှုတွေ ရှိခဲ့တဲ့အကြောင်း အေအက်ဖ်ပီ သတင်းထောက်တွေနဲ့ ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
အေအက်ဖ်ပီသတင်းထောက်တွေဟာ ပဋိပက္ခဖြစ်တဲ့ ထိုင်း- ကမ္ဘောဒီးယားနယ်စပ်နဲ့ ၁၂ မိုင်ခန့် အကွာက ကမ္ဘောဒီးယားမြို့ ဆမ်ရာအွန်မှာ ရောက်နေကြတာဖြစ်ပါတယ်။
သတင်းထောက်တွေကတော့ ဇူလိုင် ၂၇ ရက် မနက် အရုဏ်တက်ချိန်ကစလို့ လက်နက်ကြီးသံတွေ ပုံမှန်ဆိုသလို ကြားနေရတယ်လို့ ပြောပါတယ်။
ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ အမျိုးသမီးကတော့ ထိတွေ့မှုတွေဟာ အငြင်းပွား ဘုရားကျောင်းတွေအနီးမှာ ဇူလိုင် ၂၇ ရက် မနက် ၅ နာရီခန့်က စတင်ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ကြားက လက်နက်ကိုင် နယ်စပ်ပြဿနာကို ကို အလွန်အမင်း စိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တော်နီယို ဂူတားရက်စ်က ပြောလာပါတယ်။
''သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတွေအနေနဲ့ အပစ်ရပ်စဲရေး တစ်ခုရရှိအောင် ချက်ချင်း လုပ်ဆောင်ပြီး ဘယ်လို ပြဿနာကိုမဆို ဆွေးနွေးခြင်းကနေတဆင့် ဖြေရှင်းဖို့ နှစ်ဖက်စလုံးကို ကျွန်တော် တိုက်တွန်းပါတယ်'' လို့ သူက သူ့ရဲ့လူမှုကွန်ရက်အကောင့် X (အရင်က တွစ်တာ) မှာ ရေးတင်ပါတယ်။
အငြင်းပွားမှုကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး အားထုတ်မှုတွေမှာ ပါဝင်ကူညီဖို့ အသင့်ရှိတယ်လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ကမ္ဘောဒီးယားနဲ့ နှစ်နိုင်ငံကြားဖြစ်နေတဲ့ လက်နက်ကိုင် နယ်မြေပဋိက္ခကို ဖြေရှင်းနိုင်ရေး ထိုင်း ယာယီ ဝန်ကြီးချုပ်ဟာ ဇူလိုင် ၂၈ ရက်မှာ မလေးရှားကို လာမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောတဲ့အကြောင်း မလေးရှား သတင်းတွေမှာဖော်ပြပါတယ်။
ထိုင်းနိုင်ငံခြားရေးဘက်ကတော့ ဒီသတင်းကို သူတို့သိရှိပြီး မလေးရှားမှာလုပ်မယ့် ဆွေးနွေးပွဲဟာ နှစ်ဖက် ဝန်ကြီးချုပ်အဆင့်လား၊ နိုင်ငံခြားရေးဝန်ကြီး အဆင့်လားဆိုတာ တိတိကျကျ မပြောပါဘူး။
ထိုင်းထက်စာရင် စစ်အင်အားနည်းတဲ့ ကမ္ဘောဒီးယားဟာ အပစ်ရပ်ဖို့ အဆိုပြုထားတာ ကြာပြီဖြစ်ပြီး ထိုင်းရဲ့လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နှစ်နိုင်ငံကြားပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နယ်စပ်မှာ ခြေကုတ်ယူဖို့ မစွမ်းသာဖြစ်နေပါတယ်။
''နှစ်နိုင်ငံ စစ်တပ်အကြား ချက်ချင်းအပစ်ရပ်ရေး ဆိုပြုချက်ကို ကမ္ဘောဒီးယားဘက်က သဘောတူတယ်ဆိုတာကို ကျွန်တော် ထရမ့်ကို ရှင်းရှင်းလင်းလင်းပြောခဲ့ပြီးဖြစ်ပါတယ်'' လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က ထရမ့်နဲ့ဖုန်း ပြောအပြီးမှာ ထုတ်ပြောပါတယ်။ ထရမ့်ရဲ့ ကြားဝင်မှုဟာ စစ်သားတွေနဲ့ အရပ်သားတွေနဲ့အသက်အိုးအိမ်အများစုကို တကယ် အကာအကွယ်ဖြစ်စေလိမ့်မယ်'' လို့လည်း သူက ထည့်ပြောပါတယ်။
တစ်ဖက်မှာတော့ ထိုင်းဟာ အပစ်ရပ်ဖို့ကို စဉ်းစားဖို့ ဆန္ဒရှိပေမဲ့ ကမ္ဘောဒီးယားရဲ့ တိုက်ရိုက် ပြောဆိုဆွေးနွေးမှုဟာ အရင်ဆုံး ဖြစ်မြောက်ရမယ်ဆိုတဲ့လိုလားချက်ကို ဆက်ပြီး ကိုင်စွဲထားပါတယ်။
ထိုင်း ယာယီ ဝန်ကြီးချုပ် ဖုမ်သန် ဝိချရာချိုင်က '' သမ္မတထရမ့်ရဲ့ စိုးရိမ်ချက်ကို ကျေးဇူးတင်ပါတယ်။ ထိုင်းဟာ အပစ်ရပ်ရေးဖြစ်လာဖို့ မူအားဖြင့် သဘောတူတယ်ဆိုတာကို သမ္မတ ထရမ့်ကို ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘောဒီးယားဘက်ခြမ်းက ဒီလို လိုလိုလားလားရှိတယ်ဆိုတာကို ထိုင်းဘက်က မြင်လိုပါတယ်'' လို့ ပြောတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားမှုမှာ လက်နက်ပစ်ခတ်ကြတဲ့အထိဖြစ်တဲ့ အခုတစ်ခေါက် တိုက်ပွဲမှာ တစ်ဖက်က တစ်ဖက်ကို အရင်စပစ်ခတ်ကြတာလို့ဆိုပြီး ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ အပြန်အလှန် စွပ်စွဲနေကြပါတယ်။
ကမ္ဘောဒီးယား စစ်တပ်ဟာ နယ်စပ်က ထိုင်းတပ်ဖွဲ့တွေကို ထောက်လှမ်းဖို့ ဒရုန်းတွေကို ဖြန့်ကြက်ခဲ့ရာကနေ တိုက်ပွဲဖြစ်တယ်လို့ ထိုင်းဘက်က ပြောပါတယ်။
ကမ္ဘောဒီးယားကတော့ ထိုင်းစစ်သားတွေဟာ အရင် သဘောတူညီချက်ကို ချိုးဖောက်ပြီး ခမာ - ဟိန္ဒူ ဘုရားကျောင်း တစ်ခုအထိ တိုးကပ်လာတယ်လို့ စွပ်စွဲပါတယ်။
နှစ်နိုင်ငံကြား အခုလို နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတာဟာ ကမ္ဘောဒီးယားကို ပြင်သစ်သိမ်းပြီးတဲ့နောက် ရေးဆွဲခဲ့တဲ့နယ်နိမိတ်သတ်မှတ်ချက်ကြောင့်ဖြစ်ပြီး ရာစုနှစ် တစ်ခုကျော် ကြာမြင့်နေပြီဖြစ်ပါတယ်။
ဇူလိုင် ၂၄ ရက်မှာ တိုက်ပွဲစဖြစ်ကတည်းက ထိုင်းနဲ့ ကမ္ဘောဒီးယားဘက်မှာ သေဆုံးသူ စစ်သားနဲ့ အရပ်သား ၃၃ ဦးထက်မနည်းရှိလာပြီဖြစ်ပြီး နှစ်ဖက်စလုံးက ထောင်သောင်းချီတဲ့ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။










