ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်မှာ ဘာကြောင့် တိုက်ပွဲဖြစ်လဲ

 ထိုင်းဘက်က ကျေးရွာ လုံခြုံရေး အရာရှိတွေ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ထိုင်းဘက်က ကျေးရွာ လုံခြုံရေး အရာရှိတွေ
    • ရေးသားသူ, ဖလော်ရာ ဒရူရီနဲ့ ဂယ်ဗင် ဘတ်တလာ
    • ရာထူးတာဝန်, ဘီဘီစီ သတင်း

ထိုင်းနဲ့ ကမ္ဘောဒီးယားကြား တင်းမာမှုတွေ အရှိန်ပြန်တက်လာပြီး နယ်စပ်မှာ ပေါက်ကွဲခဲ့လို့ အမေရိကန် သမ္မတထရမ့် ထောက်ခံပေးထားတဲ့ အပစ်ရပ်စဲရေး လမ်းချော်ခဲ့ပါတယ်။

အနည်းဆုံး အနည်းဆုံး ထိုင်းစစ်သား သုံးယောက်နဲ့ ကမ္ဘောဒီးယား အရပ်သား ခုနစ်ယောက် သေဆုံးခဲ့ပြီး ဒီတခါ စစ်မီးကို ဘယ်သူ စသလဲ နှစ်နိုင်ငံကြား အပြန်အလှန် အပြစ်ဖို့နေကြပါတယ်။

နယ်စပ်မှာ ထိုင်းက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ ဒီတခါ စစ်ပွဲကတော့ ဇူလိုင် အပစ်ရပ်စဲရေးနောက်ပိုင်း အဆိုးဆုံး တိုက်ပွဲတွေ ဖြစ်ပါတယ်။

နယ်စပ် အငြင်းပွားမှု ဘာကြောင့်ဖြစ်လဲ

ထိုင်းနဲ့ ကမ္ဘောဒီးယားကြား နယ်မြေ အငြင်းပွားမှုက နှစ်တရာ ကျော်ခဲ့ပြီး ကမ္ဘောဒီးယားကို ပြင်သစ် သိမ်းပိုက်ထားတုန်းက နယ်စပ်မျဉ်းတွေ ရေးဆွဲခဲ့ချိန်ကတည်းက ဖြစ်ပါတယ်။

ပိုင်နက် အငြင်းပွားတဲ့ နေရာမှာ ရှိတဲ့ ၁၁ ရာစု ဟိန္ဒူဘုရား ကျောင်းဆောင်တခုကို ၂ဝဝ၈ တုန်းက ကမ္ဘောဒီးယားက ယူနက်စကို ကမ္ဘာ့အမွေအနှစ် တင်ဖို့ ကြိုးစားချိန်မှာ ရန်စောင်မှုတွေ အရှိန်တက်ခဲ့ပါတယ်။ ဒီအတွက် ထိုင်းက အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။

ကြိုကြားတိုက်ခိုက်မှုတွေ နှစ်ချီ ရှိခဲ့ပြီး နှစ်ဖက်လုံးက စစ်သားနဲ့ အရပ်သားတွေ သေဆုံးခဲ့ပါတယ်။

မေလက ကမ္ဘောဒီးယားစစ်သားတယောက် သေဆုံးပြီးနောက် နောက်ဆုံးတင်းမာမှုတွေ အရှိန်တက်လာခဲ့ပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးက ဆယ်နှစ်ကျော်အတွင်း အနိမ့်ဆုံးထိ ကျဆင်းခဲ့ပါတယ်။

ဇူလိုင်လ ပထမအကျော့ တိုက်ပွဲတွေ မဖြစ်ခင်မှာပဲ နှစ်နိုင်ငံလုံးက နယ်စပ် ကန့်သတ်မှုတွေ လုပ်ခဲ့ပါတယ်။ ကမ္ဘောဒီးယားက သစ်သီးနဲ့ ဟင်းသီးဟင်းရွက်၊ လျှပ်စစ်မီးနဲ့ အင်တာနက်အပါအဝင် ထိုင်း ကုန်စည်တွေကို သွင်းခွင့်ပိတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း နှစ်နိုင်ငံလုံးက နယ်စပ်မှာ တပ်အင်အားတွေ ဖြည့်တင်းချထားခဲ့ပါတယ်။

ဒီဇင်ဘာမှာ နယ်စပ်တင်းမာမှုတွေ ဘာကြောင့် ပြန်ဖြစ်လဲ

ယာယီခိုလှုံရာ စခန်းက ထိုင်းနိုင်ငံသားတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယာယီခိုလှုံရာ စခန်းက ထိုင်းနိုင်ငံသားတွေ

ဘာဖြစ်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက ကွဲပြားတဲ့ ပုံစံ အမျိုးမျိုး ပြောကြပါတယ်။

ဒီဇင်ဘာလ ၈ ရက်က ဥဘွန် ရတ်ချဌာနီခရိုင်မှာ ကမ္ဘောဒီးယားပစ်ခတ်မှုကို တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး ထိုင်းစစ်သားတယောက် သေဆုံးကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။

အငြင်းပွားနေတဲ့ နယ်စပ်တကြောက စစ်ရေး ပစ်မှတ်တွေကို လေကြောင်းက ပစ်ခတ်ခဲ့တယ်လို့လည်း ထိုင်းစစ်တပ်က ပြောပါတယ်။

ဒါပေမဲ့ ပရဝိဟာ ခရိုင်မှာ ထိုင်း တပ်တွေက စတင်တိုက်ခိုက်ခဲ့တယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားပါတယ်။ လက်တုံ့ပြန် မတိုက်ခဲ့ဘူးလို့လည်း ကမ္ဘောဒီးယားက ပြောပါတယ်။

နောက်နေ့မှာပဲ ကမ္ဘောဒီးယားက ဒုံးကျည်တွေ၊ ဗုံးချတဲ့ ဒရုန်းနဲ့ အသေခံဒရုန်းတွေ သုံးပြီး ထိုင်းစစ်သားတွေကို ပစ်ခတ်ကြောင်း ထိုင်းစစ်တပ်က စွပ်စွဲပါတယ်။ ဒုံးကျည်တွေ ကျလို့ အရပ်သားနေရာတွေ ထိမှန်တယ်လို့လည်း သိရပါတယ်။

အဲဒီနောက်မှာတော့ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်လုပ်ခဲ့ကြောင်း ထိုင်းဘက်က အတည်ပြုပါတယ်။

ထိုင်းနယ်စပ် ပါဆတ်ခရိုင်က အရပ်သားနေရာတွေကို ထိုင်းက အရမ်းကာရော ပစ်ခတ်ခဲ့ကြောင်းလည်း ကမ္ဘောဒီးယားက စွပ်စွဲပါတယ်။

ဇူလိုင်လ ပစ်ခတ်မှုတွေအတွင်း ဘာတွေ ဖြစ်ခဲ့လဲ

နှစ်နိုင်ငံ ပဋိပက္ခကြား ထိုင်းက ပြန်လာရတဲ့ ခမာအလုပ်သမားတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နှစ်နိုင်ငံ ပဋိပက္ခကြား ထိုင်းက ပြန်လာရတဲ့ ခမာအလုပ်သမားတွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တခြားဘက်က စပစ်တယ်လို့ အပြန်အလှန် စွပ်စွဲမှုတွေနဲ့ပဲ နှစ်ဖက်လုံးက အပြန်အလှန် အပြစ်တင်ခဲ့ပါတယ်။

မြန်မြန်ဆန်ဆန်နဲ့ စစ်ရှိန်တက်လာပြီးနောက် ကမ္ဘောဒီးယားက ဒုံးကျည်တွေနဲ့ ပစ်ခတ်တယ်လို့ ထိုင်းက စွပ်စွဲပြီးကမ္ဘောဒီးယားစစ်ရေး ပစ်မှတ်တွေကို ထိုင်းက လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။

စစ်ပွဲ ငါးရက်တာ ကာလအတွင်း အနည်းဆုံး ၄၈ ယောက် သေဆုံးခဲ့ပြီး လူထောင်ချီ အခြေပျက် ထွက်ပြေးခဲ့ရပါတယ်။

မလေးရှား အကူအညီနဲ့ ထရမ့်က ကြားဝင် ဖြန်ဖြေပေးခဲ့ပြီး အပစ်ရပ်စဲရေးအတွက် ညှိနှိုင်းပေးခဲ့ပါတယ်။

"ကွာလာလမ်ပူ ငြိမ်းချမ်းရေး သဘောတူညီချက်" ဆိုပြီး အောက်တိုဘာမှာ လက်မှတ်ထိုးနိုင်အောင်လည်း အမေရိကန်သမ္မတက ကြီးကြပ်ပေးခဲ့ပါတယ်။ ထိုင်းကတော့ ဒီလို ခေါ်ဆိုဖို့ ငြင်းပယ်ခဲ့ပြီး "ထိုင်းနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်တွေ ကွာလာလမ်ပူမှာ ဆွေးနွေးခဲ့တဲ့ ရလဒ်တွေကို ပူးတွဲကြေညာချက်" လို့ပဲ ရည်ညွှန်းသုံးနှုန်းခဲ့ပါတယ်။

အငြင်းပွားတဲ့နယ်မြေက လက်နက်ကြီးတွေကို ပြန်ဆုတ်ရွှေ့ပေးဖို့နဲ့ ယာယီ စောင့်ကြည့်ရေး အဖွဲ့ တည်ထောင်ဖို့လည်း နှစ်ဖက်လုံးကသဘောတူခဲ့ကြပါတယ်။

ထိုင်းမှာ ဖမ်းထားတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ယောက်ကို ပြန်လွှတ်ပေးဖို့ကတော့ နောက်တဆင့်မှာ ပါဖို့ ရှိခဲ့ပါတယ်။

ထရမ့်ရဲ့ ငြိမ်းချမ်းရေး အပေးအယူ ဘာဖြစ်သွားလဲ

ဒီသဘောတူညီချက်ကို နိုဝင်ဘာမှာ ထိုင်းက ရပ်ဆိုင်းခဲ့ပြီး လုံခြုံရေး ခြိမ်းခြောက်မှုက "တကယ် ကျဆင်းမသွားသေးဘူး"လို့ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဝိရကွန်းက ပြောပါတယ်။

ဒီအချိန်မှာပဲ ကမ္ဘောဒီးယားကတော့ အပစ်ရပ် သဘောတူညီချက်ကို ဆက်ပြီး လိုက်နာဆဲ ဖြစ်ကြောင်း ပြောပါတယ်။

ဒီဇင်ဘာမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာပြီးနောက် အပစ်ရပ်စဲရေး အလုပ်မဖြစ်ဘဲ "ကမ္ဘောဒီးယားဘက်မှာ တာဝန်ရှိကြောင်း" ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖုဟန်ကက်ကောင်းက ဘီဘီစီကို ပြောပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ကတော့ "အပစ်ရပ်စဲရေးကို လေးစားတဲ့ အနေနဲ့ " တနင်္လာနေ့နှောင်းပိုင်းမှ စပစ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ထရမ့်ကတော့ သဘောတူညီချက်ကို လေးစားကြဖို့ နှစ်ဖက်လုံးကို တောင်းဆိုခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

နောက် ဘာဆက်ဖြစ်မယ်ကတော့ မသဲကွဲလှပါဘူး။

အရင်တုန်းကလည်း ဒီနှစ်နိုင်ငံကြား ပြင်းပြင်းထန်ထန် ပစ်ခတ်မှုတွေ ရှိခဲ့ပေမယ့်လည်း မြန်မြန်ဆန်ဆန် ပြန်အရှိန်ကျသွားခဲ့ဖူးပါတယ်။

ဒါမျိုးပုံစံပဲ ထပ်ဖြစ်လိမ့်မယ်လို့လည်း ဇူလိုင်လက ဘီဘီစီသတင်းထောက် ဂျော်နသန်ဟက် ခန့်မှန်းခဲ့ပါတယ်။

လောလောဆယ်မှာတော့ နှစ်နိုင်ငံလုံးမှာ ဒီထိပ်တိုက် ရင်ဆိုင်မှုကနေ ပြန်ဆွဲထုတ်ဖို့အတွက် ခွန်အားနဲ့ ယုံကြည်မှု ရှိတဲ့ ခေါင်းဆောင်မှု ကင်းမဲ့နေကြောင်း သူက သတိပေးခဲ့ပါတယ်။