စစ်ပွဲအရေး ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ရုရှားသမ္မတ ပူတင် ရှားရှားပါးပါးထုတ်ပြောလာ

မေလ ၁၀ ရက် ညနှောင်းပိုင်းအထိ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ ရုရှားသမ္မတ ပူတင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မေလ ၁၀ ရက် ညနှောင်းပိုင်းအထိ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ ရုရှားသမ္မတ ပူတင်
    • ရေးသားသူ, ဂျေမီ ဝှိုက်ဟတ်
    • ရာထူးတာဝန်, ဘီဘီစီသတင်း

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်းနဲ့ ''တိုက်ရိုက်ဆွေးနွေးမှုတွေ'' ပြုလုပ်ဖို့ ပြောလာပြီး ''မေလ ၁၅ ရက်ထက် နောက်မကျဘဲ စတင်သင့်တယ်'' လို့ ဆိုလာပါတယ်။

''ပဋိပက္ခဖြစ်စေတဲ့ အခြေခံဖြစ်အင်တွေကို ဖယ်ရှားပြီး တာရှည်တည်တံ့ခိုင်မာတဲ့ငြိမ်းချမ်းရေးဆီ ဦးတည်ဖို့ ... အတည်အတံ့ ဆွေးနွေးပွဲတွေကို ကျွန်တော်တို့ ပြုလုပ်လိုပါတယ်'' လို့ သူက ကရင်မလင်နန်းတော်ကနေ ညနှောင်းပိုင်းမှာပြောတဲ့ မေလ ၁၀ ရက် ရုပ်သံမိန့်ခွန်းမှာ အခုလို ပြောလိုက်တာပါ။

ဒါဟာ ရုရှား- ယူကရိန်းစစ်ပွဲ ကာလတလျှောက် ယူကရိန်းနဲ့ တိုက်ရိုက်ဆွေးနွေးမယ်လို့ဆိုပြီး သမ္မတ ပူတင်ဘက်က ရှားရှားပါးပါး ထုတ်ပြောလာတာဖြစ်ပါတယ်။

ယူကရိန်းကို သွားရောက်ခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ၊ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းတို့အပါအဝင် ဥရောပခေါင်းဆောင်တွေက ရုရှားအနေနဲ့ ရက် ၃၀ အပစ်ရပ်ရေး သဘောတူလက်ခံဖို့ တိုက်တွန်းပြီး နာရီပိုင်းအကြာမှာပဲ သမ္မတပူတင်ရဲ့ အခုပြောဆိုချက် ထွက်ပေါ်လာတာပါ။

ဒီတိုက်တွန်းချက်ကို တုံ့ပြန်တဲ့အနေနဲ့ ကရင်မလင်နန်းတော် ပြောခွင့်ရသူ ဒီမစ်ထရီ ပက်စ်ကော့ဗ် ကတော့ မော်စကိုအနေနဲ့ ''ဒါကို ကြေကြေလည်လည် စဥ်းစားမှာ'' ဖြစ်ပေမဲ့ ''ကျွန်တော်တို့ကို ဖိအားပေးဖို့ ကြိုးစားတာဆိုရင်တော့ အချည်းနှီးဖြစ်မယ်'' လို့ သတိပေးပါတယ်။

သမ္မတ ပူတင်ဟာ စနေည အတော် နှောင်းတဲ့အထိ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဆိုပြီး ကရင်မလင်နန်းတော် ဘက်က ရုရှားသတင်းဌာနတွေကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, သမ္မတ ပူတင်ဟာ စနေည အတော် နှောင်းတဲ့အထိ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဆိုပြီး ကရင်မလင်နန်းတော် ဘက်က ရုရှားသတင်းဌာနတွေကို ပြောပါတယ်။

ဆွေးနွေးပွဲတွေကို တူရကီနိုင်ငံမြို့တော် အစ္စတန်ဘူမှာ ပြုလုပ်သင့်တဲ့အကြောင်း သမ္မတပူတင်က အဆိုပြုထားပါတယ်။

ဒါပေမဲ့ ရုရှားနဲ့ ယူကရိန်းကြား ''အပစ်ရပ် သဘောတူညီချက်အသစ်တွေ ပေါ် လာအောင် ဆွေးနွေးကြမလား'' ဆိုတာကိုတော့ သူ့ကြေညာချက်မှာ တိတိပပ ထုတ်ပြောသွားတာ မရှိပါဘူး။

ရုရှားသမ္မတကတော့ ယူကရိန်းနဲ့ ဆွေးနွေးပွဲ ကိစ္စရပ်တွေအတွက် တူရကီသမ္မတ အာဒိုဝမ်နဲ့ ဒီနေ့ မေ ၁၁ ရက်မှာ အသေးစိတ်စကားပြောဖို့ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မေလ ၁၀ ရက်၊ စနေနေ့ အစောပိုင်းတုန်းကတော့ ယူကရိန်းခေါင်းဆောင်တွေဟာ ယူကရိန်းမြို့တော် ကိယက်ဗ်ကို သွားခဲ့ကြပြီး မော်စကိုအနေနဲ့ မေလ ၁၂ ရက်ကစလို့ ယူကရိန်းနဲ့ တစ်လကြာ အပစ်ရပ်ဖို့ တိုက်တွန်းထားပါတယ်။

ဂျာမနီ အဓိပတိ၊ ပြင်သစ်သမ္မတ၊ ယူကရိန်းသမ္မတ၊ ဗြိတိန်ဝန်ကြီးချုပ်၊ ပိုလန်ဝန်ကြီးချုပ်တို့ကို ဝဲမှ ယာအတိုင်း မြင်တွေ့ရတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျာမနီ အဓိပတိ၊ ပြင်သစ်သမ္မတ၊ ယူကရိန်းသမ္မတ၊ ဗြိတိန်ဝန်ကြီးချုပ်၊ ပိုလန်ဝန်ကြီးချုပ်တို့ကို ဝဲမှ ယာအတိုင်း မြင်တွေ့ရတာဖြစ်ပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီတောင်းဆိုချက်ကို ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်နဲ့ ပိုလန်နိုင်ငံတို့က ခေါင်းဆောင်တွေပါဝင်တဲ့ ''ဆန္ဒတူညွန့်ပေါင်းအဖွဲ့'' လို့ခေါ်တဲ့အဖွဲ့နဲ့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးတို့ အတူရပ်တည် တွေ့ဆုံခဲ့ကြအပြီးမှာ ထုတ်ပြန်တာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဖုန်းကနေတဆင့် ဆွေးနွေးခဲ့ကြပြီးတဲ့နောက်မှာ ဒီခေါင်းဆောင်တွေက အခုလို ကြေညာချက်ထုတ်တာဖြစ်ပါတယ်။ ကန့်သတ်ချက်မထားဘဲ အပစ်ရပ်ဖို့ သမ္မတ ထရမ့် ကိုယ်တိုင်လည်း အစောပိုင်းမှာ ပြောခဲ့ဖူးပါတယ်။

အခုခေါင်းဆောင်တွေကတော့ လိုက်ပါလုပ်ဆောင်တာမရှိရင် ''ကြီးမားတဲ့'' ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြုလုပ်မယ်လို့ ရုရှားကို ခြိမ်းခြောက် ထားပါတယ်။

ဒါကို တုံ့ပြန်တဲ့အနေနဲ့ ကရင်မလင်နန်းတော် ဘက်ကတော့ အခုအဆိုပြုချက်ကို စဥ်းစားနေပေမဲ့ ဖိအားပေးရင် တုံ့ပြန်မှာမဟုတ်တဲ့အကြောင်း ပြောပါတယ်။

ဆွေးနွေးပွဲအပြီးမှာတော့ ဗြိတိသျှဝန်ကြီးချုပ် ဆာ ကီယာက ''အမေရိကန်အပါအဝင် ဒီမှာရှိတဲ့ ကျွန်တော်တို့ အားလုံးဟာ (ရုရှားသမ္မတ ဗလာဒီမီယာပူတင်ကို) တိုက်တွန်းပါတယ်။ သူ့အနေနဲ့ ငြိမ်းချမ်းဖို့အရေး အထူးအလေးထားတယ်ဆိုရင်တော့ သူ့အနေနဲ့ ဒါကို ပြသဖို့ အခွင့်ကောင်းပါပဲ'' လို့ ပြောပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ ''ကျွန်တော်တို့နဲ့အတူ အခုလို ရပ်တည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ တကယ့် စစ်မှန် ရှည်ကြာမယ့် လုံခြုံရေးကို အာမခံ တည်ဆောက်ပေးနိုင်မယ့်ကိစ္စကို ကျွန်တော် တို့ အာရုံစိုက်ကြမှာဖြစ်ပါတယ်'' လို့ ပြောပါတယ်။

နာရီပိုင်းကြာပြီးနောက်မှာတော့ ပူတင်ကလည်း သူ့ကြေညာချက်တစ်ရပ်ကို ထပ်ထုတ်ပါတယ်။ ကရင်မလင်နန်းတော် အတွင်းက ခန်းမဆောင်တစ်ခုမှာ သတင်းထောက်တွေနဲ့အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကြောင်း ပြတဲ့ ရုပ်သံနဲ့အတူ ထုတ်ပြန်တာပါ။

''ယူကရိန်းတပ်ဖွဲ့တွေ လူသူလက်နက်အင်အားသစ် ရရှိတာ၊ ကတုတ်ကျင်းအသစ်တွေ တူးတာနဲ့ ရှေ့တန်း စခန်းအသစ်တွေ ထူထောင်တာတွေလုပ်လို့ လက်နက်ကိုင်မတည်ငြိမ်မှု ပိုဖြစ်လာတာထက် စာရင် ဒါဟာ ကာလရှည်ကြာ တည်မြဲနိုင်မယ့် ငြိမ်းချမ်းရေးဆီ ဦးတည်မယ့် ပထမဆုံးခြေလှမ်းဖြစ်တယ်'' လို့ သူက ပြောပါတယ်။

''ဒီလိုငြိမ်းချမ်းရေးမျိုး ဘယ်သူ လိုအပ်တာလဲ'' လို့လည်း သူက မေးခွန်းထုတ်ပါတယ်။

ဒါ့အပြင် မော်စကိုဘက်က အဆိုပြုခဲ့တဲ့ အပစ်ရပ်အဆိုပြုချက် ၃ ချက်ကို ယူကရိန်းဟာ အကြိမ်ကြိမ် မလိုက်နာခဲ့ဘူးလို့ ပူတင်က ယူကရိန်းကို စွပ်စွဲပါတယ်။

သူပြောတဲ့ အဆိုပြုချက် ၃ ချက်ဟာ

ယူကရိန်းကတော့ အဲဒီကာလတွေအတွင်း ရုရှားတိုက်ခိုက်မှုတွေ ဆက်ရှိနေခဲ့တယ်လို့ အစောပိုင်းမှာ ပြောထားပါတယ်။ ရုရှားကလည်း ယူကရိန်းနဲ့ ပတ်သက်ပြီး အလားတူ ပြောဆိုချက်တွေပြုလုပ်ထားပါတယ်။

''ဘာတွေပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ဟာ ကိယက်ဗ် အာဏာပိုင်တွေကို ညှိနှိုင်းမှုတွေ ပြန်စနိုင်ဖို့၊ တိုက်ရိုက် ဆွေးနွေးတာတွေ ပြန်စနိုင်ဖို့နဲ့ ဘယ်လို ကြိုတင်သတ်မှတ်ချက်မျိုးမှမလုပ်ဘဲ ဆွေးနွေးဖို့ကို ကျွန်တော်တို့ ကမ်းလှမ်း နေတာပါ'' လို့ ပူတင်က စနေ့နေ့တုန်းက ပြောပါတယ်။

မော်စကိုနဲ့ ကိယက်ဗ်ကြား နောက်ဆုံးပြုလုပ်ခဲ့တဲ့ တိုက်ရိုက်ဆွေးနွေးမှုတွေဟာ လွန်ခဲ့တဲ့ သုံးနှစ်ကျော် တုန်းက ယူကရိန်းကို ရုရှားက အင်အားပြည့် ကျူးကျော်မှုဖြစ်ပြီး မကြာခင်ကလေးမှာပဲဖြစ်ပြီး အဲဒီ နောက်ပိုင်း တိုက်ရိုက်ဆွေးနွေးမှု မရှိထားသေးပါဘူး။

ကျွန်တော်တို့ စကားပြောဖို့ အသင့်ပါပဲ - ဇလန်းစကီး

အပစ်ရပ်ရေး ဆွေးနွေးပွဲတွေအတွက် ရုရှားနဲ့ တွေ့ဆုံဖို့ ကိယက်ဗ်က အသင့်ပဲလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ပြောလာပါတယ်။

အစ္စတန်ဘူလ်မြို့မှာ ဆွေးနွေးပွဲလုပ်ဖို့ ပူတင်ရဲ့ ဖိတ်ကြားချက်ကို တိုက်ရိုက်တုံ့ပြန်တာမျိုးမဟုတ်ပေမဲ့ သမ္မတ ဇလန်းစကီးက ''နောက်ဆုံးမတော့ စစ်ပွဲအဆုံးသတ်ရေးကို ရုရှားဘက်က စပြီး စဥ်းစားချက် ရှိလာတာ ကောင်းမွန်တဲ့ လက္ခဏာပါ'' လို့ သူက ပြောပါတယ်။

''တစ်ကမ္ဘာလုံးက ဒါကို စောင့်မျှော်နေတာ ကြာလှပါပြီ။ ပြီးတော့ စစ်ပွဲ တစ်ပွဲ အဆုံးသတ်ဖို့ ပထမဆုံး ခြေလှမ်းကို ပြောပါဆိုရင် အပစ်ရပ်တာကနေ စတင်တာပါပဲ'' လို့ သူက ပြောပါတယ်။

''သတ်တာဖြတ်တာတွေကို တစ်ရက်မှ မဖြစ်လေကောင်းလေပေါ့။ မနက်ဖြန် မေလ ၁၂ ရက်ကစလို့ အပစ်ရပ်မှုကို ရုရှားဘက်က ပြည့်ပြည့်ဝဝနဲ့ တည်တံ့အောင် လိုက်နာ ဆောင်ရွက်မယ်လို့ ကျွန်တော် တို့ မျှော်လင့်ပါတယ်။ ပြီးတော့ ယူကရိန်းဘက်က တွေ့ဆုံဖို့ အသင့်ပါပဲ'' လို့ သမ္မတ ဇလန်းစကီးက ပြောပါတယ်။