အမေရိကန် ကာလရှည်စောင့်ခဲ့ရတဲ့ ယူကရိန်းရဲ့ သတ္တုသိုက်များကိုထုတ်ယူခွင့်

ဓာတ်ပုံ ရင်းမြစ်, US Department of the Treasury
- ရေးသားသူ, ဘာ့နာ့ ဒီဘတ်စ်မန်းဂျူနီယာ
- ရာထူးတာဝန်, ဘီဘီစီသတင်း၊ ဝါရှင်တန်
- ရေးသားသူ, တွမ်ဘိတ်မန်း
- ရာထူးတာဝန်, အမေရိကန်နိုင်ငံခြားရေးဌာနအရေးသတင်းထောက်
ယူကရိန်းရဲ့ ဒြပ်သတ္ထုတွေနဲ့ အရန်စွမ်းအင်တွေကို အနာဂတ်မှာရောင်းချတဲ့အခါ ရရှိတဲ့အကျိုး အမြတ်ကို မျှဝေဖို့ဆိုတဲ့ သဘောတူညီချက်ကို အမေရိကန်နဲ့ ကိယက်ဗ် တို့အကြားသဘောတူလက်မှတ်ရေးထိုးခဲ့ကြပါပြီ။ တင်းမာတဲ့ညှိနှိုင်းမှုတွေ လနဲ့ချီကြာခဲ့ပြီးနောက်မှာ ဒီသဘောတူမှုဖြစ်လာတာပါ။
ဒီသဘောတူညီချက်က ယူကရိန်းရဲ့ ခုခံကာကွယ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးမှာ အမေရိကန်က ဆက်ပြီး ရင်းနှီးမြုပ်နှံနိုင်ဖို့အတွက် စီးပွားရေးမက်လုံးပေးလိုက်တာလည်းဖြစ်ပါတယ်။
ဒါတင်မက အမေရိကန်ရဲ့ ယူကရိန်း အပေါ် ထောက်ပံ့ကူညီပေးခဲ့မှုတွေ အပေါ် ဝါရှင်တန်ရဲ့ စိုးရိမ်ပူပန်မှုတွေကိုရှင်းလင်းပေးလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။
လီသီယမ်၊ ဂရက်ဖိုက်နဲ့ တိုင်တေနီယမ်တို့လို အလွန်အရေးပါတဲ့ သတ္ထုတွေ များများစားစားမတူးဖော်ရသေးပဲ ရှိနေသေးတယ်လို့ ယူကရိန်းက ယုံကြည်ထားတာပါ။ ဒါတွေကလည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ စစ်သုံးလက်နက်တွေရဲ့ နည်းပညာနဲ့ အခြေခံအဆောက်အဦတွေအတွက် အများစုကလိုချင်ကြတဲ့ အလွန်အမင်း တန်ဖိုးကြီးတဲ့အရာတွေတွေဖြစ်ပါတယ်။
ယူကရိန်းအတွက် ကြာရှည်ခံတဲ့ငြိမ်းချမ်းရေးနဲ့ ချမ်းသာကြွယ်ဝမှုတို့အတွက် နှစ်ဖက်လုံးက ကတိပြုခဲ့ကြတယ်ဆိုတာကို ဒီသဘောတူညီမှုက ပြသခဲ့တာလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့်က ပြောပါတယ်။
ဒီသဘောတူညီချက်ဟာ စစ်ပွဲကနေ ရုန်းထရမယ့် ယူကရိန်းရဲ့ စီးပွားရေးကို ပြန်လည်နလန်ထူမယ့် ရင်းနှီးမြှပ်နှံမှုရန်ပုံငွေအဖြစ် တည်ထောင်တာမျိုးလို့လည်း နားလည်နိုင်ပါတယ်။
မကြာခင်ကပြန်လည်လုပ်ဆောင်ခဲ့တဲ့ အမေရိကန်-ယူကရိန်း ပြန်လည်တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်အရ "အရေးပါတဲ့ဘဏ္ဍာရေးဆိုင်ရာနဲ့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာထောက်ပံ့ရေး" ဆိုတာပါဝင်ပါတယ်။
အဲဒီအချက်ထဲမှာ ရုရှားက ယူကရိန်းအပေါ် စတင်ကျူးကျော်ခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက အမေရိကန်က ယူကရိန်းကို အကူအညီတွေပေးအပ်ခဲ့တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"ယူကရိန်းတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ကြီးပွားတိုးတက်မှုကို လမ်းဖွင့်ပေးလိုက်တာ" လို့ အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးက ဗီဒီယိုကနေတဆင့် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ထုတ်ပြန်ပြောဆိုတဲ့ စကားအသုံးအနှုန်းကို ကြည့်ခြင်းအားဖြင့် အမေရိကန်နဲ့ ယူကရိန်းတို့ ပိုပြီးစည်းလုံးညီညွတ်နေပုံကို ပြသနေ ပါတယ်၊
အဲဒါကိုထင်သာမြင်သာစေတဲ့ အသုံးအနှုန်းမျိုးတွေကတော့ "ရုရှားရဲ့အလုံးစုံကျူးကျော်မှု"ပြီးတော့ "ယူကရိန်း ပြန်လည်တည်ဆောက်ရေးကနေ ဘဏ္ဍာရေး ဒါမှမဟုတ် ရုရှားစစ်ပွဲအတွက် အထောက်အပံ့ ပေးတာမျိုးကို နိုင်ငံ ဒါမှမဟုတ် ဘယ်လိုလူပုဂ္ဂိုလ်ကို ဖြစ်စေ ခွင့်ပြုလိမ့်မှာမဟုတ်ပါဘူး" စတာတွေ ပါ။
အဲဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး ကရင်မလင် ဘက်ကတော့ ဘာမှမတုန့်ပြန်သေးပါဘူး။
ကိယက်ဗ် အတွက်ကတော့ အမေရိကန်စစ်တပ်ရဲ့အကူအညီရရှိနိုင်ဖို့အတွက် မဖြစ်မနေလုပ်ရတဲ့ပုံ ပေါ်ပါတယ်။
ယူကရိန်း လက်ထောက်ဝန်ကြီးချုပ် ယူလီယာ ဆီပရင်ဒင်ကို က ဝါရှင်တန်မှာ သဘောတူညီချက် လက်မှတ်ထိုးခဲ့ပြီးနောက် ဒီရန်ပုံငွေအသစ်ဟာ "ကမ္ဘာအနှံ့က ရင်းနှီးမြှပ်နှံမှုတွေကို ကျွန်မတို့နိုင်ငံအတွင်းကို ဆွဲဆောင်" နိုင်ပါလိမ့်မယ်လို့ သူ့ရဲ့ X (အရင်တွစ်တာ) အကောင့်မှာရေးသားခဲ့ပါတယ်။
သဘောတူညီချက်ရဲ့ ပြဋ္ဌာန်းချက်စာရင်းတွေအရ သတ္ထုစီမံကိန်းတွေပါဝင်နိုင်ပြီး အထူးသဖြင့် စွမ်းအင် နဲ့သဘာဝဓါတ်ငွေ့တို့ဖြစ်ပါတယ်။ အဲဒီသဘာဝအရင်းအမြစ်တွေဟာ ယူကရိန်းရဲ့ ပိုင်ဆိုင်မှုအဖြစ် ကြွင်းကျန်ရှိမှာပါလို့ သူက ပြောပါတယ်။
အကျိုးတူလုပ်ဆောင်သူတွေအနေနဲ့ အကျိုးအမြတ်ကို ၅၀/၅၀ ရာခိုင်နှုန်းအချိုးအတိုင်း ရရှိမှာဖြစ်ပြီး ကိယက်ဗ်မှာ ရှေ့နေရှေ့ရပ်တွေနဲ့ အတည်ပြုလက်မှတ်ထိုးရမှာလို့ သူ ကပြော ပါတယ်။
သဘောတူညီချက်အောက်ကနေ အမေရိကန်အနေနဲ့ လေကြောင်းရန်ကာကွယ်ရေး အပါအဝင် အကူအညီသစ်တွေကို ကိယက်ဗ်ကိုထောက်ပံ့ပေးရမှာလည်းဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ကိယက်ဗ် အတွက် အနာဂတ်ရဲ့ဘယ်လိုလုံခြုံရေးအာမခံချက် မျိုးအတွက်မဆို မရှိမဖြစ်ရှိထားရမယ့်အချက်အဖြစ် ကမ်းလှမ်းပြီး သဘောတူညီချက်အတွက် လည်းထပ်ခါတလဲလဲ တွန်းအားပေးခဲ့တာဖြစ်ပါတယ်။
သဘောတူညီချက်အကြမ်းရဲ့ အရေးကြီးတဲ့အချက်က ယူကရိန်းအနေနဲ့ သူရဲ့ သဘာဝရင်းမြစ်တွေ ထဲကအချို့ကို အမေရိကန်ကိုပေးရမှာဖြစ်ပြီး အပြန်အလှန်အနေနဲ့ အနာဂတ်အတွက် အမေရိကန်ရဲ့ လုံခြုံရေးအထောက်အပံ့ကို ယူကရိန်းကရမှာဖြစ်ပါတယ်။
အဲဒီအတိုင်းအတာက ဒေါ်နယ်ထရမ့်ပြောခဲ့တဲ့ စစ်ပွဲစကတည်းကထောက်ပံ့ခဲ့ရတဲ့ အမေရိကန်ရဲ့ အကူအညီတွေအားလုံးကို ပြန်ပေးဖို့ဆိုတာထက်တော့ သိသာထင်ရှားစွာ လျော့နည်းတဲ့ပမာဏလည်းဖြစ်ပါတယ်။
အမေရိကန်ရဲ့ နည်းနည်းခြင်းအလျှော့ပေးမှုရနိုင်ဖို့အတွက် ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက လုပ်နိုင်လာတာပါ။
ကိယက်ဗ်ဘက် ကနေ နောက်ဆုံးအချိန်အထိ ပြောင်းလဲမှုတွေလုပ်ဖို့ ကြိုးစားခဲ့တာကြောင့် သဘောတူညီချက်က နှောင့်နှေးခဲ့ရတယ်လို့ အမေရိကန်အာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်အလွန်က အဆုံးသတ်လုပ်ဆောင်ခဲ့ပြီးတဲ့ သဘောတူညီချက်တွေထဲက အသုံးအနှုန်းတွေ ကို ယူကရိန်းဘက်က အဓိပ္ပါယ် ပြန်လည် ဖွင့်ဆိုတာမျိုးလုပ်ဖို့ ကြိုးစားခဲ့တယ်လို့ အဲဒီဆွေးနွေးပွဲအကြောင်း သိတဲ့ အမေရိကန်သတင်းရင်းမြစ်က ယူကရိန်းကို ဝေဖန်ခဲ့ပါတယ်။
ရန်ပုံငွေကိုထိန်းသိမ်းကြီးကြပ်မယ့်အချက်၊ ပွင့်လင်းမြင်သာအကြောင်းအရာနဲ့ ရန်ပုံငွေအားလုံးကို ပြန်လည်နောက်ကြောင်းလိုက်နိုင်ဖို့သေချာအောင်ပြင်ဆင်မှုစတဲ့အချက်တွေမှာ သဘောတူညီချက် ရဖို့ ဖြစ်နိုင်ခြေ မရှိတဲ့ အခြေအနေမျိုးတွေကို ပြန်ပြင်ဖို့ ကြိုးစားတာလို့ အဲဒီသတင်းရင်းမြစ်ကပြောပါတယ်။
နှစ်နိုင်ငံ ကိုယ်စားပြုသူတွေက လုပ်ထုံးလုပ်နည်းဆိုင်ရာအချက်အလက်တွေကို ပြီးခဲ့တဲ့ သီတင်းပတ် ကလက်မှတ်ထိုးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ကနဦးသဘောတူညီချက်ကိုတော့ ဖေဖော်ဝါရီလတုန်းက လက်မှတ်ထိုးခဲ့ပေမယ့် "တတိယ ကမ္ဘာစစ်နဲ့ အလောင်းကစား" လုပ်တယ်လို့ ဇလန်းစကီးကို ထရမ့်က စွပ်စွဲပြောဆိုခဲ့တာနဲ့ အိမ်ဖြူတော်နဲ့ ဇလန်း စကီးတို့တွေ့ဆုံခဲ့တဲ့နေ့ က တင်းမာတဲ့ပြဿနာတွေနောက် အဲဒီသဘောတူညီမှု တွေ ပျက်ခဲ့ပါသေးတယ်။
ပုပ်ရဟန်းမင်းကြီးဖရန်စစ်ရဲ့ နာရေးမှာ ထရမ့်နဲ့ ဇလန်စကီးတို့ မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့တဲ့ အစည်းအဝေးအပြီးမှာတော့ အဲဒီလိုအခက်အခဲတွေကိုကျော်လွှားခဲ့နိုင်ခဲ့ပါတယ်။ ဝါရှင်တန်နဲ့ မော်စကိုတို့အကြားမှာလည်း ယူကရိန်းမှာ ဖြစ်နိုင်ခြေရှိတဲ့ အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုတွေ ဆက်ရှိနေပါတယ်။
ဇလန်းစကီးနဲ့ ဗာတီကန်မှာ သဘောတူညီချက်ကိုအဆုံးအဖြတ်ပေးခဲ့ပြီလို့ ထရမ့်က NewsNation သတင်းကွန်ရက်ကို ဗုဒ္ဓဟူးနေ့ညနေခင်းမှာဖုန်းဆက်ပြောကြားခဲ့ပါတယ်။
"တကယ်လို့သဘောတူညီချက်ကိုလုပ်နိုင်ပြီး လက်မှတ်ထိုးနိုင်ရင် အဲဒါအရမ်းကောင်းတဲ့အရာ ပဲလို့ ကျွန်တော်သူကိုပြောခဲ့ပါတယ်" ဘာကြောင့်လဲဆိုရင် ရုရှားကပိုပြီးကြီးမားပြီး ပိုပြီးတော့ သန်မာတယ်။ ရုရှားကရှေ့ကိုတိုးနေတယ်" လို့ သူကပြောပါတယ်။
သဘောတူညီချက်ကနေ ဘီလီယံချီတဲ့ငွေတွေနဲ့ အမေရိကန်ရဲ့ အကူအညီတွေကနေ စစ်ပွဲ စကတည်းကဖြစ်ခဲ့တဲ့ ယူကရိန်းအခြေအနေ ကနေ တဖြည်းဖြည်းနဲ့ နလန်ပြန်ထူလာနိုင်ပါ လိမ့်မယ်လို့လည်း ထရမ့်ကပြောပါတယ်။
"ဒါကြောင့် သူ့ကို ပြောခဲ့တယ်။ သူတို့မှာ တကယ့်ကောင်းတဲ့မြေရှားတွေရှိတယ်။ အဲဒါကတကယ့်ကောင်းတဲ့ သတ္ထုတွေ ပစ္စည်းတွေပါ" လို့ ထရမ့်ကပြောပါတယ်။
"နေရာအတော်များများမှမရှိတဲ့ အရာတွေသူတို့မှာရှိတယ်။ အများအပြားကိုသူတို့မှာရှိနေတာ"
ကမ္ဘာ့မြေရှားသတ္ထုရဲ့ ၉၀ ရာခိုင်နှုန်းလောက် ထုတ်လုပ်နေတဲ့အရင်းအမြစ်ဖြစ်တဲ့ တရုတ်နဲ့ အမေရိကန်တို့အကြား ကုန်သွယ်ရေးစစ်ပွဲရှိနေချိန်မှာ အမေရိကန်နဲ့ ယူကရိန်းကြားက မြေရှားသတ္တုအခြေပြုတဲ့ သဘောတူညီချက် ပေါ်ထွက်လာတာပါ။








