စွမ်းအင်အခြေခံအဆောက်အဦတွေကို တိုက်ခိုက်မှုရပ်ဖို့ ပူတင် သဘောတူ

သမ္မတထရမ့်ပြောတဲ့ ယူကရိန်းနဲ့ ရုရှားတို့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အဦတွေကို တိုက်ခိုက်မှု ရက် ၃၀ ရပ်နားရေး အဆိုပြုချက်ကို ပူတင်က ထောက်ခံတယ်လို့ ဒီကနေ့ အမေရိကန်သမ္မတနဲ့ ရုရှားသမ္မတတို့ တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးမှုအကြောင်း ရုရှားအစိုးရက ပြောဆိုပါတယ်။
ရုရှားဟာ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ယူကရိန်း စွမ်းအင်လိုင်းတွေကို အကြိမ်ကြိမ် တိုက်နေခဲ့တာပါ။
အိမ်ဖြူတော်ဘက်ကလည်း ဒီတယ်လီဖုန်း ဆွေးနွေးမှုအကြောင်း ပြောခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ ရုရှား သမ္မတ ပူတင်တို့ရဲ့ ဒီကနေ့မှာ တယ်လီဖုန်းကနေ ဆွေးနွေးခဲ့တာဖြစ်ပြီး အဲဒီ ဖုန်းဆွေးနွေးမှုအပေါ် အိမ်ဖြူတော်က ထုတ်ပြန်တဲ့ အသေးစိတ်အချက်အလက်တချို့ကိုလည်း ဖော်ပြပေးပါမယ်။
အိမ်ဖြူတော်က မကြာခင်က ထုတ်ပြန်လိုက်တဲ့ ဖော်ပြချက်အရ ခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို စွမ်းအင်နဲ့ အခြေခံအဆောက်အဦဆိုင်ရာတွေကို ပစ်မှတ်ထားတာတွေကို အပစ်ရပ်စဲရေးနဲ့ စတင်မယ်လို့ သဘောတူခဲ့ကြပါတယ်။
သူတို့ဟာ ပင်လယ်နက်မှာ ရေလမ်းကြောင်း အပစ်ရပ်စဲရေး၊ အလုံးစုံ အပစ်ရပ်ရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးအတွက် လုပ်ငန်းဖော်ဆောင်မှု ညှိနှိုင်းဆွေးနွေးမှုတွေကိုလည်း သဘောတူခဲ့ကြပါတယ်။
"ဒီညှိနှိုင်းဆွေးနွေးမှုတွေကို အရှေ့အလယ်ပိုင်းမှာ ချက်ချင်းစတင်မယ်" လို့ ဖော်ပြချက်မှာ ဖြည့်စွက်ထားပါတယ်။
ဆွေးနွေးမှုအကြောင်း ရုရှား အစိုးရဘက်က ပြောသမျှ အကျဥ်းချုပ်

ဓာတ်ပုံ ရင်းမြစ်, EPA
- ထရမ့် ရဲ့ အကြံပြုချက်ကို ထောက်ခံပြီး ယူကရိန်းနဲ့ ရုရှားတို့ဟာ ၃၀ ရက်ကြာ စွမ်းအင်အခြေခံအဆောက်အဦတွေကို တိုက်ခိုက်မှု ရပ်စဲဖို့ သဘောတူခဲ့ပါတယ်။
- ပင်လယ်နက်အတွင်း ရေကြောင်းသွားလာရေး လုံခြုံရေးနဲ့ပတ်သက်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ စတင်မယ်။
- မတ်လ ၁၉ ရက်နေ့မှာ ရုရှားနဲ့ ယူကရိန်းတို့ဟာ စစ်သုံ့ပန်း ၁၇၅ ဦးကို လဲလှယ်မယ်။ ရုရှားမှာ ကုသမှုခံယူနေတဲ့၊ အပြင်းအထန် ဒဏ်ရာရထားတဲ့ ယူကရိန်းတပ်ဖွဲ့ဝင် ၂၃ ဦးကိုလည်း ပြန်လည်လွှဲပြောင်းပေးမယ်။
- ယူကရိန်းအနေနဲ့ ရက် ၃၀ အပစ်ရပ် ကာလအတွင်း စစ်သားစုဆောင်းတာနဲ့ လက်နက်ပြန်လည်ဖြည့်တင်းတာတွေ မပြုလုပ်ဖို့ ရုရှားဘက်က တောင်းဆိုထားပါတယ်။
ယူကရိန်း-ရုရှား နှစ်ဖက် အသာ-အနာ ဘယ်လိုရှိမလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဖရန့် ဂါဒနာ၊ လုံခြုံရေးဆိုင်ရာသတင်းထောက်
ပူတင်ကို မြေပြင်၊ ရေပြင်နဲ့ ဝေဟင်မှာ ၃၀ ရက်ကြာ စစ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးအောင် မလုပ်ဆောင်နိုင်ခဲ့တာကြောင့် ထရမ့်က စိတ်မကောင်းဖြစ်နေမယ်လို့ ယူဆရပါတယ်။
ဒီသဘောတူညီချက်ကို သူ့အဖွဲ့က ယူကရိန်းတွေနဲ့ မကြာသေးမီက ဆော်ဒီအာရေးဗျနိုင်ငံ၊ ဂျက်ဒါးမှာ ဆွေးနွေးခဲ့တာပါ။
ဒါပေမဲ့ ဒီနေ့ကြေညာခဲ့တဲ့ စွမ်းအင်အခြေခံအဆောက်အဦတွေကို ရက် ၃၀ ကြာ တိုက်ခိုက်မှုရပ်တန့်မယ့် အချက်ဟာ စစ်ပွဲကြောင့် ပင်ပန်းနွမ်းနယ်နေတဲ့ ယူကရိန်းပြည်သူတွေ စိတ်သက်သာရာရစေမှာပါ။
စစ်ရေးအရ ဒါဟာ ယူကရိန်းအတွက် အဆင်ပြေစေမယ်လို့ အတိအကျမပြောနိုင်ပါဘူး။ ယူကရိန်းရဲ့ မြေပြင်တပ်တွေဟာ ကာ့စ်ခ် နဲ့ ယူကရိန်းရှေ့တန်းမြေပြင်တွေကနေ ဆုတ်ခွာနေပေမဲ့ ရုရှားရဲ့ ရေနံစွမ်းအင် အခြေခံအဆောက်အဦတွေကို တာဝေးကနေ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေမှာ တိုက်ရိုက် ထိမှန်အောင် တိုက်ခိုက်မှုတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါတွေက ရုရှားရဲ့ စစ်ရေးထောက်ပို့ပိုင်းတွေကို ထိခိုက်ခဲ့ပေမဲ့ အခုတော့ ရပ်တန့်ရမှာ ဖြစ်ပါတယ်။








