ယူကရိန်းစစ်ရပ်ရေးအတွက် ထရမ့်ရုန်းကန်နေရတဲ့အချက်တွေ

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, ဂျိမ်းစ် လန်ဒဲ
- ရာထူးတာဝန်, သံတမန်ရေးရာ သတင်းထောက်
- ရေးသားပေးပို့သည့်နေရာ, ကိယက်ဗ်
- ရေးသားသူ, ဟန်နာ ခရွန်းနက်
- ရာထူးတာဝန်, ဘီဘီစီ သတင်း
- ရေးသားပေးပို့သည့်နေရာ, ကိယက်ဗ်
ထရမ့်သမ္မတလောင်းပဲဖြစ်နေသေးတဲ့အချိန် ပြီးခဲ့တဲ့ စက်တင်ဘာ နယူးယောက်မြို့မှာ ဒေါ်နယ်လ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးတို့တွေ့ဆုံချိန် ယူကရိန်းစစ်ပွဲကို စောစောအဆုံးသတ်နိုင်မယ်လို့ ယုံကြည်တဲ့အကြောင်း ထရမ့်က ပြောလိုက်ပါတယ်။
"ကျွန်တော်တို့ အနိုင်ရရင် ဒါကို မြန်မြန်ဖြေရှင်းနိုင်မယ်ထင်တယ်" လို့ သူက ပြောခဲ့ပါတယ်။
သူ့ပြောဆိုပုံတွေ အချိန်ကြာလာတာနဲ့အမျှ အမြန်ပြောင်းလဲလာပါတယ်။
ဇလန်းစကီးနဲ့ မတွေ့ခင် ရက်အနည်းငယ်အလို ရုပ်သံကလွှင့်တဲ့ စကားစစ်ထိုးပွဲတစ်ခုမှာ ထရမ့်က "ကျွန်တော် သမ္မတမဖြစ်သေးတဲ့အချိန်မှာလည်း ဒါကိုဖြေရှင်းပေးမယ်" လို့ ကတိထပ်ပေးခဲ့ပါတယ်။
ထရမ့်က သူ့ရဲ့ သမ္မတသက်တမ်း ၂၄ နာရီအတွင်းမှာပဲ စစ်ပွဲကိုရပ်အောင်လုပ်မယ်လို့ လွန်ခဲ့တဲ့နှစ်နှစ်က ပေးခဲ့တဲ့ သူ့ကတိကဝတ်အတိုင်း အာရုံစိုက်ခဲ့ပါတယ်။
အခုဆိုရင် ထရမ့်သမ္မတဖြစ်တာ နှစ်လကျော်ပြီဖြစ်ပြီး ယူကရိန်းစစ်ပွဲလို ပြင်းထန်ခါးသီးပြီး ရှုပ်ထွေးတဲ့ ပဋိပက္ခတစ်ခုကို အဆုံးသတ်ဖို့ အချိန်ယူရမယ်ဆိုတာ အိမ်ဖြူတော်က နားလည်နေလောက်ပါပြီ။
လွန်ခဲ့တဲ့ ရုံးပိတ်ရက်မှာ ပြုလုပ်တဲ့ ရုပ်သံတွေ့ဆုံခန်းတစ်ခုမှာ အမေရိကန်သမ္မတက စစ်ပွဲကို တစ်ရက်တည်းနဲ့ အဆုံးသတ်စေမယ်လို့ ကတိပြုခဲ့တာဟာ နည်းနည်းသရော်တော်တော်ပြောခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
သမ္မတထရမ့်နဲ့အဖွဲ့ မျှော်မှန်းထားတဲ့အချိန်တွင်း ဖြစ်မလာသေးတာအတွက် အကြောင်းပြချက်တွေရှိပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပထမဆုံးကတော့ သမ္မတက သူ့ရဲ့ ပုဂ္ဂိုလ်ရေးပါပြီး တစ်ဦးချင်းမျက်နှာချင်းဆိုင်တွေ့ဆုံတဲ့ သံတမန်ရေး စွမ်းအားအပေါ် ထားတဲ့ ယုံကြည်မှုဟာ နေရာလွဲနေတာဖြစ်နိုင်ပါတယ်။
သူက တခြားနိုင်ငံ့ခေါင်းဆောင်တစ်ဦးနဲ့ အတူထိုင်ပြီး သဘောတူညီချက်တစ်ခုရအောင်ယူနိုင်တာနဲ့ ဘယ်လိုနိုင်ငံတကာပြဿနာကိုမဆို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ချက်ထားထားတာ တော်တော်ကြာပါပြီ။
ဗလာဒီမီယာ ပူတင်နဲ့ ဖေဖော်ဝါရီ ၁၂ ရက်က ပထမဆုံးအနေနဲ့ တစ်နာရီခွဲကြာ ဖုန်းပြောခဲ့ပြီးနောက် ထရမ့်က "တော်တော်လေး အလုပ်ဖြစ်တယ်" လို့ ထုတ်ပြောခဲ့ပါတယ်။ ခေါင်းဆောင် ၂ ယောက်က မတ် ၁၈ ရက်မှာ ထပ်ပြီး စကားပြောခဲ့ကြပါတယ်။
ဒါပေမဲ့ ဒီဖုန်းခေါ်ဆိုမှုတွေဟာ ထရမ့်လိုချင်ခဲ့တဲ့ ရက် ၃၀ ကြာ ယာယီအပစ်ခတ်ရပ်စဲရေးကို တကယ်ရအောင် မလုပ်နိုင်ခဲ့ဘူးဆိုတာ ထင်ရှားပါတယ်။
ဘာကြောင့်လဲဆိုရင် အပစ်အခတ် ရက်ပေါင်း ၃၀ ရပ်ဖို့ သဘောတူညီမှုရပြီး နာရီပိုင်းအကြာမှာပဲ ရုရှားဘက်က ယူကရိန်းဗဟိုဒေသတွေကို ဒုံးကျည်တွေနဲ့ အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးမှုတွေရှိခဲ့ပါတယ်။
ပူတင့်ဆီက ရခဲ့တယ်လို့ ဆိုနိုင်တဲ့ ကတိကတော့ ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာနေရာတွေကို ရုရှားက တိုက်ခိုက်တာရပ်ပေးမယ်ဆိုတာဖြစ်ပြီး ပူတင်ကတော့ ဖုန်းဆက်ပြောဆိုပြီး နာရီပိုင်းအတွင်းမှာ ပေးခဲ့တဲ့ ကတိကို ဖျက်ခဲ့တယ်လို့ ယူကရိန်းဘက်က စွပ်စွဲထားပါတယ်။
ဒုတိယအချက်ကတော့ သူ့ကို ဖိအားပေးတာ မလိုလားဘူးလို့ ရုရှားသမ္မတက ရှင်းရှင်းလင်းလင်းပြောဆိုတာပါ။ ထရမ့်နဲ့ ဖုန်းပြောပြီးတစ်လအကြာ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ လူသိရှင်ကြား ပူတင်ကပြောခဲ့ပါတယ်။
နှစ်နိုင်ငံ ကာလရှည်ကြာ ဆက်ဆံရေးအကြောင်းမပြောမီ ရုရှား-ယူကရိန်းစစ်ပွဲအပစ်ရပ်ရေးအတွက် အမေရိကန်ရဲ့ အဆင့်နှစ်ဆင့်ရှိ မဟာဗျူဟာကို အပြင်းအထန် ဆန့်ကျင်တဲ့အကြောင်း ပူတင်က ပြသခဲ့ပါတယ်။
ဆွေးနွေးပွဲတိုင်းမှာ "စစ်ပွဲရဲ့ မူလဇစ်မြစ်" လို့မြင်တဲ့အရာတွေကို ကိုင်တွယ်ဖြေရှင်းရမယ်လို့ သူက ပြောခဲ့ပါတယ်။
ယူကရိန်းနိုင်ငံထဲ နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ဖြန့်ကျက်ထားမယ်ဆိုတဲ့ ဆွေးနွေးချက်က ရုရှားနိုင်ငံရဲ့ လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်လို့ ပူတင်က ပြောပါတယ်။
ထရမ့်နဲ့ သဘောတူညီမှုရရေး လူချင်းတွေ့ဆုံဆွေးနွေးပွဲမတိုင်ခင် ဖြေရမယ့် မေးခွန်းအသေးစိတ်ကိုလည်း ပူတင်က ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Genya Savilov/AFP
တတိယအချက်ကတော့ ယူကရိန်းအပေါ် ဦးတည်နေတဲ့ အမေရိကန်ရဲ့ ဗျူဟာက လွဲမှားနိုင်ပါတယ်။
သမ္မတ ဇလန်းစကီးက ငြိမ်းချမ်းရေးအတွက် အတားအဆီးဖြစ်နေတယ်လို့ အိမ်ဖြူတော်က ယုံကြည်ထားပါတယ်။
ထရမ့်အာဏာရလာပြီးနောက် ကမ္ဘာကြီးက ဘယ်လောက်ပြောင်းလဲသွားပြီလဲဆိုတာကို ယူကရိန်းအစိုးရက သဘောပေါက်ဖို့ နှေးကွေးနေတယ်လို့ အနောက်နိုင်ငံတွေရဲ့ သံတမန်တွေက လက်ခံထားကြပါတယ်။
ဒါပေမဲ့ ထရမ့်နဲ့ ဒုတိယသမ္မတ ဂျေဒီဗန့်စ်တို့ ယူကရိန်းခေါင်းဆောင်ကို ဘဲဥပုံရုံးခန်းထဲမှာ အချေအတင်ပြောကြတဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ထိပ်တိုက်ဆုံမှုကို ဦးတည်စေတဲ့ အမေရိကန်က ယူကရိန်းကို ဖိအားပေးမှုဟာ အချိန်ကုန်၊ လူပန်းပြီး နိုင်ငံရေးအရင်းအနှီးတွေ လိုအပ်မှာဖြစ်ပါတယ်။
ဒါဟာ အတ္တလန္တိတ်ဖြတ်ကျော်ဆက်ဆံရေးကို ပြိုကွဲစေပါတယ်။
အဲ့ဒီလိုလုပ်ဆောင်တာဟာ အတ္တလန္တိတ်ဖြတ်ကျော်ဆက်ဆံရေးကို ထိခိုက်စေပြီး ဥရောပနဲ့ အမေရိကန်တို့ကို ထိပ်တိုက်ဆုံစေခဲ့ပါတယ်။
ဗလာဒီမီယာ ပူတင်ကတော့ အသာထိုင်ပြီး ဖြစ်ပျက်နေတာကို အရသာခံကြည့် ပြင်ဆင်နေမှာဖြစ်ပါတယ်။
စတုတ္ထအချက်ကတော့ ပဋိပက္ခရဲ့ ရှုပ်ထွေးနက်နဲမှုတွေက ဖြေရှင်းဖို့ ခက်ခဲစေပါတယ်။ ယူကရိန်းနဲ့ ကမ်းလှမ်းချက်က ကနဦးမှာ လေကြောင်းနဲ့ ပင်လယ်ပြင်ကြား အပစ်ခတ်ရပ်ရေးအတွက်ဖြစ်ပါတယ်။ စောင့်ကြည့်ဖို့ အတော်လေးရိုးရှင်းတဲ့ စဉ်းစားချက်တစ်ခုပါ။
ဒါပေမဲ့ ဂျက်ဒါမှာ လွန်ခဲ့တဲ့ အပတ်က ဆွေးနွေးစဉ်မှာ အရှေ့ဘက်က ကီလိုမီတာ ၁၂၀၀ ကျော်ရှိတဲ့ ရှေ့တန်းတစ်လျှောက် ချက်ချင်းအပစ်အခတ်ရပ်စဲတာဖြစ်ရမယ်လို့ အမေရိကန်က အတင်းအကျပ်တောင်းဆိုပါတယ်။
အပစ်အခတ်ရပ်ဖို့ နေရာစိစစ်နေရတာက ထောက်ပံ့တဲ့လမ်းကြောင်းတွေကိုပါ ရှုပ်ထွေးစေတာကြောင့် ဒီအကြုံပြုချက်ကို ပူတင်က ပယ်ချလိုက်ပါတယ်။
ဒါပေမဲ့ စွမ်းအင်အခြေခံအဆောက်အဦတွေ တိုက်ခိုက်ခံရတာတွေ အဆုံးသတ်ဖို့ ပူတင်သဘောတူညီခဲ့တဲ့အချက်ကလည်း ဒီပြဿနာနဲ့ မကင်းပါဘူး။
စစ်ရေးနဲ့ စွမ်းအင်ဆိုင်ရာကျွမ်းကျင်သူတွေက ကာကွယ်ပေးနိုင်ဖို့ အလားအလာရှိတဲ့ စွမ်းအင်စက်ရုံတွေ၊ နျူကလီးယား ဒါမှမဟုတ် တခြားစွမ်းအင်စက်ရုံတွေပဲဖြစ်ဖြစ် အသေးစိတ်အချက်အလက်တွေကို ဆော်ဒီဆွေးနွေးပွဲအတွက် ပြင်ဆင်ထားကြမှာပါ။
ဘယ်လက်နက်တွေ အသုံးမပြုသင့်ဘူးဆိုတဲ့အပေါ်မှာလည်း သဘောတူညီမှုရဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။ ဒါပေမဲ့ စွမ်းအင်နဲ့ တခြားအရပ်ဘက်အဆောက်အဦတွေက ဘာများကွာခြားနေမလဲဆိုတဲ့ပြောဆိုချက်တွေကြောင့် သဘောတူညီမှုရဖို့က အချိန်ထပ်ကြာစေနိုင်ပါတယ်။
သိရမှာတစ်ခုက စစ်ဖြစ်နေတဲ့ ယူကရိန်းနဲ့ ရုရှားနှစ်ဖက်စလုံးက အချင်းချင်း အဆက်အဆံမရှိကြပါဘူး။ နှစ်နိုင်ငံစလုံးဟာ သူတို့ကြားမှာ လမ်းကြောင်းဖောက်ပေးမယ်လို့ ယုံကြည်ထားတဲ့ အမေရိကန်နဲ့ပဲ သီးခြားစီ ညှိနှိုင်းနေကြတာပါ။ ဒါတွေက သဘောတူညီမှုရဖို့ အချိန်တွေပိုကြာစေတဲ့အကြောင်းရင်းတွေဖြစ်ပါတယ်။
နောက်ဆုံးအချက်ကတော့ အပစ်ခတ်ရပ်စဲလိုက်ရင် ရလာမယ့် စီးပွားရေးအကျိုးအမြတ်တွေကို အမေရိကန်က အာရုံစိုက်တာကြောင့် အပစ်ခတ်ရပ်ရေးရဲ့ ဦးစားပေးကိစ္စတွေကနေ အာရုံလွဲသွားပါတယ်။
ပဥ္စမအချက်ကတော့ အပစ်အခတ်ရပ်စဲတာကနေ ရလာမဲ့ စီးပွားရေးအရ အကျိုးစီးပွားတွေအပေါ် အမေရိကန်က အာရုံစိုက်နေခြင်းဟာ တိုက်ပွဲရပ်ဆိုင်းဖို့ဆိုတဲ့ ဦးစားပေးအချက်ကို မျက်ခြေပြတ်စေပါတယ်။ အမေရိကန်ကုမ္ပဏီတွေ ယူကရိန်းရဲ့ အရေးပါတဲ့ သတ္တုတွေကို ထုတ်ယူခွင့်ရရှိရေးနဲ့ပတ်သက်လို့ ထရမ့်က သဘောတူညီမှုရဖို့ အချိန်အများကြီးယူနေပါတယ်။
ဒါကို တချို့က အမေရိကန်ဟာ ယူကရိန်းအနာဂတ်မှာ ရင်းနှီးမြှုပ်နှံတာလို့ မြင်ကြပြီး တချို့ကတော့ ယူကရိန်းရဲ့ သဘာဝအရင်းအမြစ်တွေကို အမြတ်ထုတ်တာလို့ မြင်ကြပါတယ်။
သမ္မတဇလန်းစကီးကတော့ ဒီတောင်းဆိုချက်ကို ကနဦးမှာငြင်းဆိုခဲ့ပြီး ရုရှားရဲ့ ရန်လိုမှုကိုဟန့်တားဖို့ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်ပေးဖို့ အမေရိကန်ရဲ့ ကတိပြုချက်အရင်ပေးဖို့သာ တောင်းခံခဲ့ပါတယ်။
အမေရိကန်သတ္တုတူးဖော်ရေးလုပ်ငန်းတွေနဲ့ အလုပ်သမားတွေ ယူကရိန်းမှာရှိနေတာကလည်း လုံလောက်တဲ့အဟန့်အတားဖြစ်စေမယ်လို့ ပြောပြီး အိမ်ဖြူတော်က သမ္မတ ဇလန်းစကီးတောင်းဆိုချက်ကို ငြင်းပယ်လိုက်ပါတယ်။
နောက်ဆုံးမှာတော့ ဇလန်းစကီးက လက်လျှော့ခဲ့ပြီး လုံခြုံရေးအာမခံချက်မရလိုက်ဘဲ သတ္တုတွင်းထွက်ပစ္စည်း(မြေရှား)နဲ့ ပတ်သက်တဲ့ သဘောတူညီချက်ကို လက်ခံမယ်လို့ ပြောခဲ့ပါတယ်။
ဒါပေမဲ့ ဒီသဘောတူညီချက်စာချုပ်ကို အမေရိကန်က လက်မှတ်မထိုးသေးဘဲ ယူကရိန်းရဲ့ နျူကလီးယားစက်ရုံပိုင်ဆိုင်ခွင့်တွေ ဒါမှမဟုတ် ထိန်းချုပ်မှုတွေမှာ ပါဝင်ခွင့်ပေးဖို့ စတဲ့စည်းကမ်းချက်တွေကို စာချုပ်မှာ ထပ်ထည့်ဖို့ မျှော်လင့်နေပါတယ်။
စစ်ပွဲတွေကို အဆုံးသတ်ရတာက ရှုပ်ထွေးသလို အချိန်လည်းကုန်ပါတယ်။ ထရမ့်ရဲ့ တွန်းအားပေးမှုမရှိဘဲ ဒီညှိနှိုင်းရတဲ့အဆင့်မရောက်နိုင်ဘူးဆိုပေမယ့် အခြေအနေတိုးတက်မှုကတော့ ထရမ့်ထင်သလောက် မြန်ဆန်ရိုးရှင်းမနေပါဘူး။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ၊ သမ္မတရာထူးအတွက် မဲဆွယ်နေချိန်တုန်းကတော့ ဇလန်းစကီးနဲ့ ပူတင်နဲ့ စေ့စပ်ညှိနှိုင်းမှုတွေက တည့်တိုးဆန်ပြီး ရိုးရှင်းရလိမ့်မယ်လို့ ထရမ့် က အကြံပြုခဲ့ဖူးပါတယ်။
" ခင်ဗျားတို့က အင်မတန်ကိုရိုးရှင်းနဲ့နည်းလမ်းနဲ့ပြောဖို့လိုတယ်၊ ခင်ဗျား ဘာကိုလိုချင်လဲ၊ ခင်ဗျားရဲ့ အခြေအနေတွေကဘာတွေလဲ၊ ပြီးတော့ ကျွန်တော်က သူတို့ကိုပြောလိုက်မယ်- ဒီမှာ ငါတို့လိုချင်တာတွေ၊ နှစ်ဖက်လက်ခံတဲ့ အလယ်မှာ ကျွန်တော်တို့ သဘောတူညီမှုယူမယ်" လို့ သူက ယူကရိန်းသတင်းသမား ဒမီထရီ ဂေါ်ဒန်ကို ပြောခဲ့ပါတယ်။
လွန်ခဲ့တဲ့ နှစ်လအတွင်းရှိခဲ့တဲ့ သက်သေတွေအရတော့ ဒီလိုဖြစ်လာဖို့က ခက်ခဲနေဆဲပါပဲ။











