အီစတာပွဲတော်ကာလ အပစ်ရပ်ဖို့ ရုရှားသမ္မတ ပူတင် ရုတ်တရက် ကြေညာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က အီစတာပွဲတော်ကာလ ယူကရိန်းမှာ အပစ်အခတ်ရပ်စဲထားမယ်လို့ ထုတ်ဖော် ကြေညာလိုက်ကြောင်း ရုရှားသတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးဆီက ဘာတုံ့ပြန်ချက်မှ မကြားရသေးပါဘူး။ ဒါပေမဲ့ ယူကရိန်းဘက်ကလည်း အလားတူ အပစ်အခတ် ရပ်စဲမယ်လို့ မျှော်လင့်ကြောင်း ရုရှားအစိုးရအဖွဲ့က ပြောပါတယ်။
ရုရှားဘက်က တိုက်ခိုက်မှုတွေကို ဒီကနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီ ကနေ တနင်္ဂနွေ ညသန်းခေါင်အထိ ရပ်စဲထားမယ်လို့ မျှော်လင့်ရကြောင်း ရိုက်တာစ်သတင်း အရ သိရပါတယ်။
သမ္မတပူတင်ရဲ့ အီစတာ ပွဲတော်ကာလ အပစ်ရပ်မှုကနေ တာရှည် ငြိမ်းချမ်းရေးသဘောတူချက်တစ်ခု ရရေး ဆွေးနွေးညှိနှိုင်းတဲ့အထိ ဖြစ်လာနိုင်မလား ဆိုတာကိုတော့ မသိရသေးပါဘူး။
တကယ်လို့ ငြိမ်းချမ်းရေး သဘောတူချက်တစ်ခု ရရေး ခက်ခဲအောင် ရုရှားအစိုးရ ဒါမှမဟုတ် ယူကရိန်းအစိုးရက လုပ်လာမယ်ဆိုရင် အမေရိကန်က နောက်ထပ် ဆွေးနွေးမှုတွေမှာ ကြားဝင် ဆောင်ရွက်မှာ မဟုတ်တော့ဘူးလို့ အမေရိကန်သမ္မတ ထရမ့်က သတိပေးခဲ့အပြီးမှာပဲ အခုလို အီစတာကာလ အပစ်ရပ်ထားမယ် ဆိုတဲ့ ကြေညာချက်ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ပူတင်ကို ယုံလို့ မရဘူးလို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
သမ္မတပူတင်ရဲ့ အီစတာပွဲတော်ကာလ အပစ်ရပ် အဆိုပြု ကြေညာချက်နဲ့ ပတ်သက်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးထံက တုံ့ပြန်ချက် ထွက်လာပါတယ်။
ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒီယေ ဆီဘီဟာ က ဒီအဆိုပြု ကြေညာချက်အပေါ် လက်ခံ၊ မခံ ရှင်းရှင်းလင်းလင်း မပြောခဲ့ပါဘူး။ ဒါပေမဲ့ ပူတင်ရဲ့ စကားတွေကို ယုံလို့ မရနိုင်ကြောင်းနဲ့ ရက် ၃၀ ကြာ အကန့်အသတ်မရှိ အပြည့်အဝ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ရုရှားအနေနဲ့ အချိန်မရွေး သဘောတူလို့ ရနိုင်ကြောင်း ပြောသွားခဲ့ပါတယ်။
မတ်လတုန်းက ရက်ပေါင်း ၃၀ ကြာ အပြည့်အဝ အပစ်အခတ်ရပ်စဲရေး အမေရိကန်ရဲ့ အဆိုပြုချက်ကို ယူကရိန်းဘက် သဘောတူခဲ့ကြောင်း ဒါပေမဲ့ ရုရှားတို့ဘက်ကတော့ ယူကရိန်းအပေါ် ရန်လိုတိုက်ခိုက်မှုတွေ ပိုလုပ်ခဲ့ကြောင်း မစ္စတာ ဆီဘီဟာ က ပြောပါတယ်။
"ပူတင်က အပစ်ရပ်ဖို့ အသင့်ရှိပါတယ်ဆိုတဲ့ ကြေညာချက်တွေ အခုအခါ ထုတ်လာခဲ့ပါပြီ။ ရက်ပေါင်း ၃၀ အစား နာရီပေါင်း ၃၀ လောက် အပစ်ရပ်မယ့် သဘောပါ" လို့ ဆီဘီဟာ က ပြောပါတယ်။ "ကံမကောင်းအကြောင်းမလှစွာပဲ သူ့ရဲ့ ကြေညာချက်တွေက အပြောနဲ့ လက်တွေ့ မတူတဲ့ အစဉ်အလာတွေ ဟိုးကတည်းက ရှိထားတာ တွေ့ခဲ့ရပါတယ်။"
"ရုရှားတပ်ဖွဲ့တွေ တကယ်ပဲ စစ်ကြောင်းအားလုံးမှာ အပစ်ရပ်တာမျိုးကို ကျွန်တော်တို့ တွေ့ချင်ပါတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေ အားလုံးနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတွေ သတိကြီးကြီးနဲ့ စောင့်ကြည့်ကြဖို့ ကိုလည်း တိုက်တွန်းလိုပါတယ်။"
ပူတင်ရဲ့ ဝါဒဖြန့်မှု ထောင်ချောက်ထဲ မဆင်းမိကြဖို့ ချက်နိုင်ငံခြားရေးဝန်ကြီး သတိပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီစတာပွဲတော်ကာလ အပစ်ရပ်ရေး ပူတင်ရဲ့ ကြေညာချက်အပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်သံတွေ အခုအခါ စပေါ်ထွက်လာနေပါပြီ။
ပူတင်ရဲ့ ဝါဒဖြန့်မှု ထောင်ချက်ထဲ ဝင်မသွားကြဖို့ ချက်သမ္မတ နိုင်ငံခြားရေးဝန်ကြီး ယန် လီပက်ဗ်စကီယာ က တိုက်တွန်းပြောဆိုလိုက်ပါတယ်။
"အီစတာပွဲတော် ကာလ အပစ်ရပ်မယ် ဆိုတဲ့ ကြေညာချက် ထွက်ပေါ်လာပြီးပြီးချင်း မိနစ်ပိုင်းအတွင်းမှာပဲ ယူကရိန်းနိုင်ငံတဝန်း လေကြောင်းရန် အချက်ပေးဥသြသံတွေ ကြားနေရတာကို ကြည့်ခြင်းအားဖြင့် ဒီအပစ်ရပ် ကြေညာချက်ကို ပူတင်ဘယ်လောက် အလေးအနက် ထားသလဲဆိုတာကို ပြနေပါတယ်"လို့ သူက ဆိုရှယ်မီဒီယာမှာ ရေးထားပါတယ်။
"အပစ်ရပ်သဘောတူဖို့ ယူကရိန်းဘက်က လွန်ခဲ့တဲ့ တစ်လက လက်ခံခဲ့ပါတယ်" လို့ သူက ရက် ၃၀ ကြာ ပဏာမ အပစ်ရပ်ရေး အမေရိကန် အဆိုပြုချက်ကို ရည်ညွှန်း ပြောခဲ့ပါတယ်။
"ငြိမ်းချမ်းရေး ရှေ့ရှုတဲ့ ဆောင်ရွက်ချက်မှန်သမျှကို ပူတင်က ဖျက်လိုဖျက်ဆီး လုပ်နေခဲ့ပါတယ်။"
ရက် ၃၀ ကြာ အပစ်ရပ်ဖို့ကနေ နာရီ ၃၀ ကြာ အပစ်ရပ်ဖို့ ဘယ်လိုဖြစ်လာသလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ရက်ပေါင်း ၃၀ ကြာ အပစ်ရပ်ရေး အဆိုပြုချက်ကို ယူကရိန်းနဲ့ အမေရိကန်အကြား သဘောတူခဲ့ကြပါတယ်။ အဲဒီနောက် ရုရှားကတော့ ဒီအဆိုပြုချက်ပါ စည်းမျဉ်းတွေကို လက်မခံဘဲ ပယ်ချခဲ့ပါတယ်။
အဲဒီသဘောတူချက်ထဲမှာ ဘာတွေပါသလဲ ဆိုတာ ကြည့်ကြရအောင်ပါ။
မတ်လ ၁၁ ရက်နေ့က အမေရိကန်နဲ့ ယူကရိန်း တာဝန်ရှိသူတွေက ရက်ပေါင်း ၃၀ ကြာ အပစ်ရေး အဆိုပြုချက်တစ်ရပ်ကို သဘောတူခဲ့ကြတယ်လို့ ထုတ်ဖော်ကြေညာခဲ့ပါတယ်။
ဒီအပစ်ရပ် သဘောတူချက်ဟာ ဝေဟင်နဲ့ ရေပြင်မှာ တစ်စိတ်တပိုင်း အပစ်ရပ်ဖို့ သမ္မတ ဇလန်းစကီးရဲ့ ပဏာမ အဆိုပြုချက်ထက် အများကြီး ပိုများမှာ ဖြစ်ပြီး ဒီအစီအစဉ်တွေဟာ လုံးဝအပစ်ရပ်ရေး သဘောတူချက်တစ်ခုအတွက် ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒါဟာ အိမ်ဖြူတော်မှာ ထရမ့်နဲ့ ဇလန်းစကီးတို့ ကတောက်ကဆ အချင်းများခဲ့ကြအပြီး ယူကရိန်းအပေါ် အမေရိကန်က ထောက်လှမ်းရေးနဲ့ လုံခြုံရေးအကူအညီတွေ ဖြတ်တောက်တဲ့အထိ ဖြစ်ခဲ့ရအပြီး အမေရိကန်နဲ့ ယူကရိန်းအကြား ဆက်ဆံရေး ပြန်စခဲ့တာကို ပြနေပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံမှာ ဆွေးနွေးပွဲ အောင်မြင်ခဲ့အပြီး အမေရိကန်က ဒီအဆိုပြုချက်ကို ရုရှားကို တင်ပြခဲ့ပါတယ်။ တိုက်ခိုက်မှုတွေ ရပ်တန့်ရေး အဲဒီ အဆိုပြုချက်ပါ စည်းမျဉ်းကန့်သတ်ချက်တွေကို ရုရှားဘက်က လက်မခံဘဲ ပယ်ချခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ ဗလာဒီမီယာ ပူတင်က ယူကရိန်းနဲ့ ရုရှား နှစ်နိုင်ငံရဲ့ စွမ်းအင် အဆောက်အအုံတွေကို အပြန်အလှန် တိုက်ခိုက်နေမှု ရပ်ဆိုင်းဖို့ ထရမ့်ရဲ့ အကြံပြုချက်ကို လက်ခံခဲ့ပါတယ်။








